top of page
လင်းပိုင်

VPN ဖွင့်ထားတိုင်း လုံခြုံပြီမထင်နဲ့

တချို့အခမဲ့ VPN တွေမှာ လုံခြုံရေးပြဿနာတွေ ဘယ်လိုရှိနေတတ်သလဲ


An AI illustration of yellowish robot standing on a mobile device

၂၀၂၃ ဧပြီလ ၁၈ ရက်နေ့က ဆွီဒင်ရဲတပ်ဖွဲ့ဟာ Mullvad VPN ရုံးခန်းကို ရှာဖွေဝရမ်းနဲ့ ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့လိုချင်တဲ့ Mullvad VPN သုံးစွဲသူတွေရဲ့အချက်အလက်တွေကိုတော့ ရမသွားပါဘူး။ ဘာကြောင့်လဲဆိုရင် မှတ်တမ်းသိမ်းဆည်းမထားတဲ့ မူဝါဒကြောင့် ရုံးခန်းထဲက ကွန်ပျူတာတွေ၊ ဆာဗာတွေမှာ သုံးစွဲသူတွေရဲ့အချက်အလက် တစ်ခုမှမရှိလို့ဖြစ်ပါတယ်။


ဒီအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခြေရာခံသိမ်းဆည်းမှုမပြုတဲ့ ဝန်ဆောင်မှုကောင်းတစ်ခုဟာ အရေးကြီးကြောင်း သိရှိနိုင်ပါတယ်။


တောကြောင်တွေ လက်ခမောင်းခတ်


ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးမှုနည်းပါးခြင်းအပါအဝင် အကြောင်းများစွာကြောင့် VPN အပါအဝင် ဆော့ဝဲတွေကို အများစုက ဝယ်သုံးဖို့ အဆင်မပြေကြပါဘူး။ တချို့က ဝယ်ချင်ပေမယ့် ငွေပေးချေမှုအခက်အခဲတွေကြောင့် မဝယ်ဖြစ်တာတွေလည်း ရှိပါတယ်။ အများစုအတွက် အလွယ်ကူဆုံးကတော့ ခိုးကူး (Pirated software) တွေ သုံးမယ်။ ဒါမှမဟုတ် အခမဲ့ဆော့ဝဲတွေ သုံးကြပါတယ်။ ခိုးကူးဆော့ဝဲတွေမှာ စက်ကိရိယာနဲ့ ကွန်ရက်လုံခြုံရေး ထိခိုက်အောင် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားနိုင်သလို အခမဲ့ဆော့ဝဲတွေ သုံးတော့လည်း ကန့်သတ်ချက်တွေနဲ့ သုံးရပြန်ပါတယ်။


VPN တွေဟာ အစိုးရတွေအတွက် သုံးစွဲသူအချက်အလက် ကောက်ယူဖို့ ကိရိယာတစ်ခုဖြစ်နေနိုင်ပါတယ်

နည်းပညာဖွံ့ဖြိုးမှု အားကောင်းတဲ့ ဒီနေ့ခေတ်မှာ VPN ဆော့ဝဲတစ်ခု အသစ်ရေးသားဖို့ အခက်အခဲသိပ် မရှိပါဘူး။ အထူးသဖြင့် အများပြည်သူရဲ့အချက်အလက်တွေကို ရယူဖို့နဲ့ အင်တာနက်ကတစ်ဆင့် ထောက်လှမ်းကြည့်ရှုမှုတွေ လုပ်ဆောင်မယ့် မသမာသူအဖွဲ့အစည်းတွေအတွက် မပြောပလောက်တဲ့ ငွေကြေးပမာဏနဲ့ VPN ဆော့ဝဲတစ်ခု ရေးသားပြီး အခမဲ့ဖြန့်ဝေလိုက်မယ်ဆိုပါစို့။ အခမဲ့ VPN တစ်ခုကနေ မသမာသူတွေအနေနဲ့ အလွဲသုံးစားလုပ်နိုင်သွားပြီ ဖြစ်ပါတယ်။


VPN Pro ရဲ့ ၂၀၁၉ ခုနှစ်က လေ့လာချက်တစ်ရပ်မှာ ထိပ်တန်း VPN ၉၇ ခုကို လည်ပတ်နေတဲ့ မိခင်ကုမ္ပဏီ ၂၃ ခုရှိပါတယ်။ အဲဒီကုမ္ပဏီတွေထဲကအများစုဟာ ကိုယ်ရေးအချက်အလက်ဥပဒေတွေ မခိုင်မာတဲ့ နိုင်ငံတွေက ဖြစ်ပါတယ်။ ဒါကြောင့် VPN တွေဟာ အစိုးရတွေအတွက် သုံးစွဲသူအချက်အလက်ကောက်ယူဖို့ ကိရိယာတစ်ခုဖြစ်နေနိုင်ပါတယ်။


ငွေကြေးကုန်ကျမှုမရှိဘဲ ဆော့ဝဲတစ်ခုကို သုံစွဲခွင့်ရတာ ကျေနပ်စရာတစ်ခုလို့ ထင်ရပေမယ့် မမြင်နိုင်တဲ့ အားနည်းချက်တွေရှိနေတဲ့အပြင် သုံးစွဲသူရဲ့လုံခြုံရေးကို ထိခိုက်နိုင်ပါတယ်။


မလုံခြုံတဲ့ အခမဲ့ VPN တွေ


အခမဲ့ VPN အများအပြားမှာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ခိုးယူဖို့၊ သုံးစွဲသူရဲ့ စက်ကိရိယာကို ဝင်ရောက်သုံးစွဲခွင့် ရယူနိုင်ဖို့နဲ့ Cyber တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အဖျက်အမှောင့်ကုဒ်တွေ ထည့်သွင်းထားလေ့ရှိပါတယ်။ ICSI Networking and Security Group ရဲ့ သုတေသန အစီရင်ခံစာအရ Android VPN အက်ပ် ၂၈၃ ခုမှာ ၃၈ ရာခိုင်နှုန်းဟာ အဖျက်အမှောင့်ဆော့ဝဲတွေ ပါဝင်နေပါတယ်လို့ ဆိုပါတယ်။

  • အခမဲ့ VPN တွေရဲ့ ၇၂ ရာခိုင်နှုန်းကတော့ သုံးစွဲသူတွေရဲ့ အွန်လိုင်းလုပ်ဆောင်ချက်တွေကို ခြေရာခံ သိမ်းဆည်းထားတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။ ယုံကြည်စိတ်ချရတဲ့ VPN ဝန်ဆောင်မှုတွေက သုံးစွဲသူတွေရဲ့ အွန်လိုင်းကြည့်ရှုလုပ်ဆောင်မှုတွေကို မှတ်သားမထားပါဘူး။ (ဆောင်းပါးအစမှာ ဖော်ပြခဲ့တဲ့ Mullvad VPN လိုပဲ) မှတ်တမ်းမထားတဲ့မူဝါဒကို ကျင့်သုံးကြပါတယ်။ အခမဲ့ VPN တွေကတော့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို မှတ်သားထားပြီး ပြန်လည်ရောင်းချတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို မျှဝေတာ ဒါမှမဟုတ် ရောင်းချတာနဲ့ ပတ်သက်လို့ တချို့ အခမဲ့ VPN တွေကတော့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်မူဝါဒမှာ ဖော်ပြထားလေ့ရှိပြီး တချို့ကတော့ ဖော်ပြမထားပါဘူး။

  • အခမဲ့ VPN တွေဟာ သုံးစွဲနိုင်တဲ့ အချက်အလက်ပမာဏတို့၊ သုံးစွဲချိန်တို့ကို ကန့်သတ်ထားတတ်ပါတယ်။ ဥပမာ - တစ်နေ့ 2GB ပဲ သုံးခွင့်ပြုတာမျိုးကို ဆိုလိုတာပါ။

  • နောက်ထပ် အခမဲ့ VPN တွေရဲ့ အားနည်းချက်တစ်ခုက အင်တာနက်မြန်နှုန်း လျှော့ချထားတာ ဖြစ်ပါတယ်။ မြင်သာအောင် ဥပမာပြောရမယ်ဆိုရင် အခမဲ့နဲ့ အခပေးဝန်ဆောင်မှု နှစ်မျိုးလုံးရနိုင်တဲ့ VPN ဝန်ဆောင်မှုတွေမှာ အခမဲ့သုံးသူတွေ ရရှိနိုင်တဲ့ မြန်နှုန်းက အခပေးသုံးသူတွေအောက် လျော့နည်းနေမှာ ဖြစ်ပါတယ်။

  • အခမဲ့ VPN တွေက သူတို့ဝန်ဆောင်မှုကို အခမဲ့သုံးခွင့်ပေးထားပေမယ့် အကျိုးအမြတ်ပြန်ရအောင် ကြော်ငြာတွေ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။ ကြော်ငြာတွေကြောင့် အင်တာနက်မြန်နှုန်း နှေးကွေးတာ၊ အဖျက်အမှောင့်ဆော့ဝဲတွေ ပါလာနိုင်တာ၊ သုံးစွဲသူအချက်အလက် ရယူတာတွေ ထပ်ကြုံရနိုင်ပါတယ်။


ယုံကြည်စိတ်ချရတဲ့ အခမဲ့ VPN များ


အခပေး VPN တွေကိုသုံးဖို့လည်း အခက်အခဲရှိတယ်၊ ယုံကြည်ရတဲ့ VPN လိုအပ်တယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ VPN တွေ သုံးဖို့ ဒီဂျစ်တယ်လုံခြုံရေးကျွမ်းကျင်သူတွေက ရည်ညွှန်းကြပါတယ်။

  • Psiphon - Android၊ Window နဲ့ Mac တို့မှာ သုံးနိုင်

  • Riseup - တက်ကြွလှုပ်ရှားသူတွေအတွက် ရည်ရွယ်ဖန်တီးပေးထားပြီး Android၊ Windows၊ Mac အပြင် Linux မှာပါ သုံးနိုင်

  • Proton - Android၊ Windows၊ Linux နဲ့ Mac တို့မှာ အသုံးပြုနိုင်

  • Lantern - Android၊ Windows၊ Linux၊ iOS နဲ့ Mac တို့မှာ အသုံးပြုနိုင်


VPN ကောင်းတစ်ခုမှာ ပါသင့်တဲ့ လုပ်ဆောင်ချက်တွေ


အခမဲ့ဖြစ်ဖြစ်၊ အခပေးဖြစ်ဖြစ် VPN ဝန်ဆောင်မှုတစ်ခုမှာ ဒီလိုလုပ်ဆောင်ချက်တွေပါရဲ့လား စစ်ဆေး အသုံးပြုသင့်ပါတယ်။

  • အင်တာနက်လိပ်စာပေါက်ကြားမှု - VPN တစ်ခုဟာ အသုံးပြုသူရဲ့ အင်တာနက်လိပ်စာ (Internet Protocol Address) ကို ကာကွယ်ထိန်းသိမ်းပေးရတာ ဖြစ်ပေမယ့် တစ်ခါတစ်ရံ ချို့ယွင်းချက်တွေကြောင့် အင်တာနက်လိပ်စာ ပေါက်ကြားမှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို ပေါက်ကြားမှုတွေကို အမြဲစစ်ဆေးထိန်းသိမ်းနေတဲ့ VPN ဟုတ်ရဲ့လား၊ အရင်က ဒီလိုပေါက်ကြားမှုတွေ ဘယ်လောက်ဖြစ်ခဲ့ဖူးလဲ၊ တခြားသုံးစွဲသူတွေက ဘယ်လိုသုံးသပ်ကြလဲ... စတာတွေကို လေ့လာသင့်ပါတယ်။

  • မှတ်တမ်းယူသိမ်းဆည်းမထားတဲ့ VPN - အသုံးပြုသူတွေရဲ့ Login အချက်အလက်တွေ၊ ဒေါင်းလုတ်လုပ်လိုက်တဲ့ ဖိုင်တွေ၊ ရှာဖွေခဲ့တဲ့အချက်အလက် စတာတွေကို မှတ်တမ်းယူသိမ်းဆည်းမထားတဲ့ VPN ဟုတ်ရဲ့လားဆိုတာလည်း လေ့လာဆန်းစစ်သင့်ပါတယ်။

  • VPN Kill switch - VPN ချိတ်ဆက်မှု ပြတ်တောက်သွားတဲ့အခါမှာ မူလအင်တာနက်ချိတ်ဆက်မှုကို ပြန်သုံးပြုမှာပါ။ လုံခြုံရေးလိုအပ်မှုမြင့်မားတဲ့သုံးစွဲသူတွေ (ပစ်မှတ်ထားခံရတဲ့ တက်ကြွ လှုပ်ရှားသူတွေ)၊ application တွေ (ဥပမာ အီးမေးလ်) အတွက်ဆိုရင် VPN kill switch ပါဝင်တဲ့ VPN ကို ရွေးချယ်သင့်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ရွေးထားရင် VPN ရပ်သွား၊ ပြတ်သွားချိန်မှာ ကိုယ်ရွေးထားတဲ့ application (ဥပမာ Outlook၊ Google Chrome) တွေ၊ ဒါမှမဟုတ် စက်ကိရိယာတစ်ခုလုံးကို မူလအင်တာနက်ကို မချိတ်ဆက်အောင် ကာကွယ်ပေးမှာပါ။ တစ်နည်း အားဖြင့် VPN က ကာကွယ်မပေးထားတဲ့ မူလအင်တာနက်မှာ ကိုယ့်အင်တာနက် အသုံးပြုမှုတွေ မရှိတော့တဲ့အတွက် အချက်အလက်ပေါက်ကြားမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

  • Multi-factor authentication (MFA) - ခွင့်ပြုချက်မရှိဘဲ VPN ကို ဝင်ခွင့်မရှိအောင် ကာကွယ်ပေးမယ့် လုံခြုံရေးစစ်ဆေးမှု အဆင့်ဆင့်ကာကွယ်ရေး (multi-factor authentication (MFA) ပါဝင်တဲ့ VPN တွေကို သုံးသင့်ပါတယ်။


အွန်လိုင်းသုံးစွဲမှုလုံခြုံအောင် VPN သုံးကြပေမယ့် ကိုယ်သုံးတဲ့ VPN ကြောင့် လုံခြုံရေးကျိုးပေါက်တာတွေ မဖြစ်ရအောင် သတိထားသင့်တဲ့အချက်အလက်တွေကို ဆွေးနွေးလိုက်ရပါတယ်။ ဒီဂျစ်တယ် လုံခြုံရေးအတွက် VPN အပြင် တွဲဖက်သုံးစွဲသင့်တဲ့ အခြားဆော့ဝဲတွေအကြောင်းကိုလည်း ဆက်လက်ဆွေးနွေးသွားပါဦးမယ်။

1,141 views8 comments

8 Comments


Guest
Jul 01, 2023

ဒီဆောင်းပါးဖတ်ကြည့်မှ VPN တိုင်း စိတ်မချရဘူးဆိုတာသိခွင့်ရတယ်။ နောက်ဆို ကိုယ်သုံးမယ့် vpnအမျိုးအစားကို သေချာရွေးချယ်သုံးတော့မယ်။ Thanks for sharing

Like

Guest
Jun 27, 2023

Premium account လေးတစ်ခု သူများပေးလို့ သုံးခဲ့ဖူးတာ၊ ခုတော့ ဖရီးရတဲ့ထဲက psiphon သုံးနေရတယ်။ ဒီထဲမှာ ပြောထားတာလေးတွေ စမ်းကြည့်ဦးမယ်။ ကျေးဇူးပါ။

Like

Guest
Jun 27, 2023

ချက်အရက်သောက်တာထက်တောင် ဘေးများပါလားဗျာတို့ရေ။

Like

Guest
Jun 27, 2023

သုံးစရာ၊ ရွေးစရာတွေများသား

Like

Guest
Jun 27, 2023

ကောင်း.......


Like
bottom of page