အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ဘာကြောင့် ဝက်ဘ်ဆိုက်တစ်ခု ရှိသင့်သလဲ
အဖွဲ့အစည်းတစ်ခုဟာ တခြားပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့အခါ ကြုံရတတ်တဲ့ စံတော်ချိန်ကွာဟမှုတွေ၊ ထပ်ခါတလဲလဲ ရှင်းလင်းပြောပြနေရတဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ တရားဝင်ဖြစ်မှုအပါအဝင် အဖွဲ့အစည်းဆိုင်ရာ အချက်အလက်တွေကြောင့် လုပ်ငန်းခရီးမတွင်တာ ကြုံကြရနိုင်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ နည်းလမ်းတွေထဲကတစ်ခုကတော့ ကိုယ့်အဖွဲ့အစည်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်တစ်ခု ထူထောင်ပြီး လွှင့်တင်ထားတာပါပဲ။
ဒီလို အဖွဲ့အစည်းမှာ တရားဝင်ဝက်ဘ်ဆိုက်ရှိနေရင် ကိုယ့်အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက် မှတ်တမ်းတွေကို အများမြင်သာအောင် အချိန်မရွေးဝင်ရောက် ကြည့်ရှုနိုင်ပါလိမ့်မယ်။ ဆက်သွယ်နိုင်မယ့်နည်းလမ်းတွေ၊ ထောက်ပံ့ကူညီပေးနိုင်မယ့် နည်းလမ်းတွေကိုရော၊ အဖွဲ့အစည်းက အများအတွက် ဝန်ဆောင်မှုနဲ့ ကူညီထောက်ပံ့နိုင်မယ့် နည်းလမ်းတွေပါမကျန် ဖော်ပြထားနိုင်ပါမယ်။ ဒါတွေအပြင် ဝက်က်ဘ်ဆိုက်တစ်ခု ရေးဆွဲလွှင့်တင်ထားလို့ အထောက်အကူပြုတဲ့အချက်တွေ အများအပြား ရှိနေပါသေးတယ်။ ဒီထဲက တချို့ ဖော်ပြရရင်တော့ ...
လူ့အဖွဲ့အစည်းရဲ့အသံကို စုစည်းဖော်ထုတ်၊ အစိုးရအပါအဝင် သက်ဆိုင်ရာအစုအဖွဲ့တွေကြား ပေါင်းကူးဆောင်ရွက်ပေး
ပြောင်းလဲနေတဲ့ အချိန်ကာလနဲ့ အခြေအနေအရပ်ရပ်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အဖွဲ့အစည်းတွေက ဖော်ထုတ်ဖြေရှင်းဖို့ ကြိုးစားနေကြတာပါ။ ဒါကြောင့် ကိုယ့်အဖွဲ့အစည်းက အကျိုးပြု ဆောင်ရွက်ပေးနေတဲ့ လူ့အသိုင်းအဝိုင်းမှာ ပါဝင်သက်ဆိုင်သူတွေဆီက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို ဝက်ဘ်ဆိုက်ထဲမှာ စုစည်းဖော်ပြနိုင်ရင် ကာယကံရှင် လူမှုအသိုင်းအဝိုင်းမှာ ပါဝင်သူတွေသာမက သက်ဆိုင်သူတွေ အားလုံးကပါ ပြဿနာတွေ၊ စိန်ခေါ်မှုတွေရဲ့ သဘာဝကို ပိုပြီး ရှင်းလင်းနားလည်လာကြမှာ၊ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ကြမှာ၊ ဝိုင်းဝန်းဖြေရှင်းပေးနိုင်ကြမှာပါ။
ရပ်ရွာလူမှုအသိုင်းအဝိုင်းတစ်ခုရဲ့ ပြဿနာတွေကို ရှာဖွေဖော်ထုတ်နိုင်ပြီဆိုရင် သက်ဆိုင်ရာ အစိုးရတွေနဲ့ တခြား ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေက အခြေအနေတွေကို ခြုံငုံနားလည်နိုင်ပြီး ထိရောက်တဲ့ ဖြေရှင်းကျော်လွှားနိုင်မှုတွေကို ဝိုင်းဝန်းစဉ်းစား၊ ပူးပေါင်းဖြေရှင်းနိုင်ကြမှာပါ။ ဒီအတွက် ကိုယ့်အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ကို ပေါင်းကူးတံတားသဖွယ် အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။
အသိပညာမြှင့်တင်ဖြန့်ဝေဖို့နဲ့ အားကောင်းခိုင်မာတဲ့ ကွန်ရက်ချိတ်ဆက်ဖို့ အသုံးဝင်
ဝက်ဘ်ဆိုက်တွေထဲမှာ ပုံသေကားကျရှိပြီး အခြေခံကျတဲ့အချက်အလက်တွေကို တင်ပေးထားနိုင်သလို၊ အဖွဲ့အစည်းရဲ့ အတွေ့အကြုံနဲ့ ရှုထောင့်တွေအရ တွေ့ရှိလာရတဲ့ နားလည်ပုံတွေ၊ ရှုမြင်ချက်တွေကို ဘလော့ဂ်တွေ၊ အသိပညာပေး ဆောင်းပါးနဲ့ ရင်းမြစ်တွေ၊ သုတေသနစာတမ်းတွေအဖြစ် အချိန်နဲ့တပြေးညီ ဝက်ဘ်ဆိုက်ပေါ်မှာ တင်ပြပေးနေလို့လည်း ရပါသေးတယ်။ ဒီနည်းနဲ့ အဖွဲ့အစည်းရဲ့ မဟာဗျူဟာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသိပညာမြှင့်တင်ဖြန့်ဝေမှုမှာ ဝက်ဘ်ဆိုက်ကို ကိရိယာကောင်းတစ်ခုသဖွယ် ထိထိရောက်ရောက်သုံးပြီး လူထုကြားမှာ အလွယ်တကူလက်လှမ်းမီအောင်၊ တွင်ကျယ်အောင် ဖြန့်ဝေနိုင်ပါတယ်။
ကိုယ့်အဖွဲ့အစည်းရဲ့ မဟာဗျူဟာနဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ ဆက်စပ်မှုရှိတဲ့၊ ဆီလျော်သက်ဆိုင်တဲ့ ကျွမ်းကျင်သူ၊ နိုးကြားထက်သန်သူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ညှိနှိုင်းတိုင်ပင်နိုင်ဖို့ ကွန်ရက်တွေကိုလည်း ဝက်ဘ်ဆိုက်တွေပေါ်မှာ ဖန်တီးပေးထားလို့ ရပါသေးတယ်။
အဖွဲ့အစည်းရဲ့ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာရှိမှုကို မြှင့်တင်ပေး
ဒီနေ့ခေတ် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထိရောက်မှုအတွက် တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေဟာ အရေးကြီးတဲ့ တန်ဖိုးနှုန်းစံတွေ ဖြစ်လာပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ဝက်ဘ်ဆိုက်ရှိတယ်ဆိုရင် အများပြည်သူတွေရဲ့ ယုံကြည်မှုကို ပိုရနိုင်သလို ကိုယ့်အဖွဲ့အစည်းက ဘယ်လို ဂုဏ်သိက္ခာရှိရှိ၊ ကျင့်ဝတ်စောင့်စည်းမှုရှိရှိ လုပ်ဆောင်တယ်ဆိုတာကို တင်ပြနိုင်ပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့ မျှော်မှန်းချက်၊ တန်ဖိုးထား၊ ပန်းတိုင်၊ လုပ်ငန်းနဲ့ အောင်မြင်ပြီးမြောက်မှု၊ အကျိုးသက်ရောက်မှုတွေကို အများသူငါ သိရှိနိုင်အောင် ပွင့်လင်းမြင်သာဖော်ပြပေးဖို့ လိုအပ်ချက်ရှိတာနဲ့အတူ ဒီလမ်းကြောင်းပေါ်မှာ တစိုက်မတ်မတ် လျှောက်လှမ်းဖို့လည်း ထိန်းကွပ်မှုရှိလာပါတယ်။
ဝက်ဘ်ဆိုက်ကနေ အပြန်အလှန်ဆက်သွယ်နိုင်မှုကြောင့် တာဝန်ခံမှုပိုမြင့်မားလာသလို ယုံကြည်ကိုးစားထိုက်မှု၊ တရားဝင်မှု၊ ငွေကြေးသုံးစွဲမှု၊ ရန်ပုံငွေရှာဖွေမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေမှာ စည်းမျဉ်းဥပဒေတွေနဲ့အညီ လုပ်ကိုင်ကြောင်း အထောက်အထားနဲ့တကွ ပြသနိုင်ရင်တော့ တာဝန်ခံမှုနဲ့ပတ်သက်လို့ ရှေ့တန်းရောက်အဖွဲ့အစည်းတစ်ခုအဖြစ် လက်ခံလာကြမှာပါ။
ရန်ပုံငွေအပါအဝင် အထောက်အပံ့ကောင်းတွေကို ဆွဲဆောင်နိုင်
ကိုယ့်အဖွဲ့အစည်းက ရည်ရွယ်ချက်ကြီးကြီးနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပေမယ့် အများသိအောင် ပြောဆိုတင်ပြနိုင်မှုက အရေးကြီးပါတယ်။ ဒီတော့မှ အလှူငွေထည့်ဝင်လိုသူတွေ၊ ရန်ပုံငွေ ထောက်ပံ့သူတွေ တိုးပွားလာပြီး လုပ်ငန်းဆောင်တာတွေအတွက်ရော အဖွဲ့အစည်းရဲ့ ရေရှည်တည်တံ့မှုတို့ အတွက်ပါ အကျိုးပြုမှာပါ။ ဒါကြောင့် ကိုယ့်အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်မှာ အောင်မြင်ပြီးမြောက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ၊ သုတေသနရှာဖွေတွေ့ရှိမှုတွေ၊ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေစသဖြင့် ဖော်ပြပေးလို့ရပါတယ်။ ဒီတော့မှ ကိုယ့်လူ့အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်၊ ကိုယ့်အဖွဲ့အစည်းရဲ့ ဦးစားပေးမှုတွေကို အလှူရှင်အဖွဲ့အစည်းတွေက သိနားလည်ပြီး ထိရောက်မှုမရှိတဲ့ မဆီမဆိုင် ပရောဂျက်တွေလုပ်ဖို့ ဩဇာလွှမ်းမိုးလာတာတွေကို ရှောင်ရှားကာကွယ်နိုင်မှာပါ။
ဒီလိုအကျိုးကျေးဇူးတွေ ရှိမှန်းတော့သိပါတယ်။ ဒါပေမယ့် ဝက်ဘ်ဆိုက်ဆောက်တယ်ဆိုတာ ဘယ်လိုလုပ်ရတာလဲ သိပ်အကျွမ်းတဝင်မရှိဘူးဆိုတာ အရင်ခေတ်မှာ ကျန်ခဲ့ပါပြီ။ ဒီနေ့ခေတ်မှာတော့ နည်းပညာတတ်ကျွမ်းမှုအများကြီး မလိုဘဲ ဝက်ဘ်ဆိုက်တစ်ခု တည်ဆောက်ဖို့ လွယ်ကူလာပါပြီ။ ဝက်ဘ်ဆိုက် တည်ဆောက်ဖို့ အခမဲ့ဝန်ဆောင်မှုတွေ၊ အခပေးဝန်ဆောင်မှုတွေလည်း အများအပြားရှိနေပြီ ဖြစ်ပါတယ်။ ရွေးချယ်စရာ နှိုင်းယှဉ်ချက် တချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
ဖော်ပြထားတဲ့ ပလက်ဖောင်းတွေအားလုံးမှာ ဘလော့ဂ်ရေးသားတာ၊ အွန်လိုင်းရောင်းချမှုတာတွေ လုပ်လို့ရတာချည်းပါပဲ။ အမှတ်စဉ် (၁) ကနေ (၅) အထိ ပလက်ဖောင်းတွေကို နည်းပညာတတ်ကျွမ်းမှု နည်းသူတွေတောင် သုံးနိုင်ကြပါတယ်။ အမှတ်စဉ် (၆) ကနေ (၁၀) အထိ ပလက်ဖောင်းတွေကတော့ နည်းပညာတတ်ကျွမ်းမှု အသင့်အတင့်ရှိသူတွေအတွက် ပိုဆီလျော်ပါတယ်။ အနိမ့်ဆုံး အခပေးနှုန်းထားတွေနဲ့ အားသာချက်လေးတွေကို ဇယားထဲမှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။
ပလက်ဖောင်း | အသင့်သုံး စာမျက်နှာ ဖွဲ့စည်းမှု | အခမဲ့ သုံးစွဲနိုင်မှု | အနိမ့်ဆုံး အခပေး နှုန်းထား | မှတ်ချက် |
---|---|---|---|---|
(၁) WiX | ၈၀၀ အထက် | ✅ | $ 8.5 | ဘက်စုံသုံး |
(၂) SquareSpace | ၆၅ အထက် | ⬜ | $ 16 | ဖန်တီးမှု အနုပညာ လုပ်ငန်းတွေအတွက် အကောင်းဆုံး |
(၃) Weebly | | ✅ | $ 5 | ဝက်ဘ်ဆိုက် အမျိုးမျိုးအတွက် ရွေးချယ်နိုင် |
(၄) Shopify | ထောင်ချီ | ⬜ | $ 29 | အွန်လိုင်း ရောင်းချမှုတွေအတွက် အကောင်းဆုံး |
(၅) Wordpress | ၁၀,၀၀၀ | ✅ | $ 25 | ပြောင်းလွယ် ပြင်လွယ်ရှိမှုအတွက် အကောင်းဆုံး |
(၆) SiteBuilder | ၁၀၀ အထက် | ✅ | $ 7.18 | အခပေး နှုန်းထားသင့် |
(၇) Strikingly | ၂၇ အထက် | ✅ | $ 8 | ရိုးရိုးရှင်းရှင်း အခြေခံဝက်ဘ်ဆိုက်တွေအတွက် အကောင်းဆုံး ရွေးချယ်မှု |
(၈) HostGator | ၄,၅၀၀ အထက် | ⬜ | $ 3.46 | အွန်လိုင်း ရောင်းချမှုတွေအတွက် အကောင်းဆုံး |
(၉) Duda | ၁၀၀ အထက် | ⬜ | $ 14 | စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းတွေအတွက် ကောင်း |
(၁၀) GoDaddy | ၁၀၀ အထက် | ✅ | $ 9.99 | ဈေးကွက်ချဲ့ထွင်မှုနှင့် SEO မှာ အကောင်းဆုံး |
ဝက်ဘ်ဆိုက်ကောင်းတစ်ခုဖြစ်လာဖို့ ပါဝင်သင့်တဲ့အချက်တွေ၊ ရေရှည်လည်ပတ်ဖို့ လိုက်နာ ဆောင်ရွက်သင့်တာတွေကတော့ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ကွာခြားနိုင်ပါတယ်။ အခြေခံလိုအပ်ချက်တွေကိုတော့ နောက်ထပ်ဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားကြပါမယ်။
💯