top of page

ပြည်တွင်းအဖွဲ့များကို ကူညီကြပါ၏ သို့သော် ...

နိုင်ငံတကာနဲ့ပြည်တွင်းအဖွဲ့တွေ လက်တွဲရာမှာ ဘာပြဿနာတွေရှိပြီး ဘယ်လိုဖြေရှင်းမလဲ


birds flying in the sky on a cactus bush

အာဖရိကနိုင်ငံတွေဟာ နိုင်ငံတကာကူညီပံ့ပိုးမှုတွေ၊ မိတ်ဖက်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ရင် လေ့လာချင်စရာ ဖြစ်ရပ်လေ့လာမှုတွေ များပြားပါတယ်။ အာဖရိကအငြင်းအခုံ (African Arguments) ဝက်ဘ်ဆိုက်မှာ ၂၀၁၉ ခုနှစ်မှာ မေလတုန်းက ဖော်ပြခဲ့တဲ့ မစ်ရှယ်ဒါစီရဲ့ ဆောင်းပါးတစ်ပုဒ်က ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေကြားက သိသာတဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချက်ဟာ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြသူတွေအတွက် စဉ်းစားဖွယ်ဖြစ်နိုင်တာကြောင့် CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆိုမိတ်ဆက်ပေးပါရစေ။


 

နိုင်ငံတကာ NGO တွေက ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်ဆောင်ရွက်ရာမှာ အပေါ်စီးမှာနေ၊ ဦးနှောက်ဖောက်စားတာတွေကအစ အကောင်းနည်းနည်း အဆိုးများများ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဖြေရှင်းနည်းတွေ ရှိပါတယ်။

 

နိုင်ငံတကာဖွံ့ဖြိုးရေးကဏ္ဍမှာ နိုင်ငံတကာ NGO မိတ်ဖက်အဖွဲ့တွေက ပြည်တွင်း အရပ်ဘက်လူမှု အဖွဲ့အစည်းတွေကို ရန်ပုံငွေနဲ့ နည်းပညာအထောက်အပံ့တွေပေးပြီး လက်တွဲဆောင်ရွက်ကြတဲ့ ပုံစံတစ်မျိုး ရှိပါတယ်။ ဒီလက်တွဲဆောင်ရွက်ဖို့ စိတ်ကူးရဲ့ နောက်ကွယ်မှာတော့ ပြည်တွင်းအဖွဲ့အစည်းတွေဟာ နိုင်ငံတကာ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုကို ရပေမယ့် အဲဒီရန်ပုံငွေတွေကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်စွမ်းမရှိဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့တွေက ပြည်တွင်းမိတ်ဖက်အဖွဲ့ရဲ့ စွမ်းရည်ကို မြှင့်တင်တည်ဆောက်ပေးဖို့ ပါဝင်နေတယ်ဆိုတဲ့ သဘောပါပဲ။

 

မူအားဖြင့်တော့ ဒီလိုအစီအမံမျိုးမှာ ကောင်းကျိုးရလဒ်ဖြစ်ထွန်းနိုင်ခြေတွေ အများကြီး ရှိနေတာပေါ့။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲသလိုမိတ်ဖက်ဆောင်ရွက်မှုတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ စနစ်ယန္တရားတွေ၊ တည်ဆောက်ပုံတွေကြောင့် နိုင်ငံတကာ NGO တွေမှာ အကျိုးရှိပြီး ပြည်တွင်းအဖွဲ့တွေအဖို့ စိတ်အားလျော့စရာတွေ ဖြစ်လာတာပါပဲ။ ဆယ်စုနှစ်ချီကြာခဲ့တဲ့ အဲဒီ စွမ်းရည်မြှင့်တင်တည်ဆောက်ရေး ပရောဂျက်တွေဟာ အကျိုးရလဒ်ဖြစ်ထွန်းမှု အနည်းအကျဉ်းပဲ ရှိတယ်၊ ဒါမှမဟုတ် လုံးဝအကျိုးမရှိဘူးဆိုတာ ဘယ်လိုရှင်းပြရပါလိမ့်။

 

ပြဿနာလေးရပ်

 

နိုင်ငံတကာ NGO မိတ်ဖက်တွေက ပြည်တွင်းအဖွဲ့အစည်းတွေကို “ကူညီပံ့ပိုးဖို့” ဆိုပြီး လက်ရှိလုပ်နေကြတဲ့ နည်းလမ်းတွေထဲမှာ စိတ်ကူးအကြံဉာဏ်တွေကို ပြောင်ပြောင်တင်းတင်း လုယူ ခိုးယူတတ်တဲ့ ဉာဉ်ဆိုးမျိုးတွေကစလို့ သိသိသာသာ စိန်ခေါ်မှုလေးခု ရှိနေပါတယ်။

 

ပထမဆုံးတစ်ချက်က INGO ဝန်ထမ်းအများစုဟာ ရန်ပုံငွေတွေကို သူတို့လက်ထဲမှာ ကိုင်တွယ်ထိန်းသိမ်းခွင့်ရတဲ့အတွက် သူတို့ကိုယ်သူတို့ ပြည်တွင်းမိတ်ဖက်အဖွဲ့တွေထက် ခေါင်းတစ်လုံးသာတယ်လို့ အထင်ရောက်နေတဲ့ အကျင့်ဆိုး အကျင့်ပျက်တစ်မျိုး ရှိနေတတ်ကြပါတယ်။ တကယ်လိုလားအပ်တဲ့ တန်းတူညီမျှ လေးစားသမှုကို ပြသတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ မိတ်ဖက်ဆောင်ရွက်မှုမျိုးကို ရှာတွေ့ဖို့ခက်ပါတယ်။ ပြည်တွင်းမိတ်ဖက်အဖွဲ့တွေရဲ့ အောင်မြင်မှုဟာ သူတို့ကြောင့်လို့ နာမည်ကောင်းယူတတ်ကြပေမယ့် ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရချိန်တွေမှာတော့ အဲဒီမိတ်ဖက်အဖွဲ့တွေကိုပဲ လက်ညှိုးထိုးအပြစ်ဖို့ဖို့ အဆင်သင့်ဖြစ်နေကြပြန်ရော။

 

ဒုတိယတစ်ချက်က INGO တွေဟာ အလှူရှင်တွေရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့အတွက် အာရုံပိုစိုက်တတ်ကြတယ်။ ဆိုလိုတာက တကယ့်လက်တွေ့ အကျိုးသက်ရောက်မှုရှိဖို့ထက် သတ်မှတ်ထားတဲ့ စံနှုန်းတွေ၊ မူဝါဒစည်းမျဉ်းတွေနဲ့ကိုက်ညီဖို့ ပိုအလေးပေးတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့က အရေးကြီးတာ မှန်ပါတယ်၊ ဒါပေမဲ့ သူ့ထက်ပိုအရေးကြီးပြီး ရှေ့တန်းရောက်နေရမှာက ကောင်းမွန်တဲ့ လက်တွေ့အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်လာဖို့ပဲ ဖြစ်သင့်တာပါ။

 

တကယ်လို့ နိုင်ငံတကာမိတ်ဖက်အဖွဲ့တစ်ခုက အလှူရှင်ဆီက ရန်ပုံငွေတွေ လက်ခံမယ်၊ ပြီးတော့မှ ပြည်တွင်းအဖွဲ့အစည်းတစ်ခုအတွက် ထောက်ပံ့ကြေးသဘောမျိုး ပြန်ချီးမြှင့်မယ်ဆိုပါတော့။ ဒါဆိုရင် တချို့တာဝန်တွေ ခွဲဝေယူပြီး ကြုံလာရနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်လျှော့ချပေးဖို့ဟာ သူ့ထက်က ထည့်ဝင်ပေါင်းစပ်‌ပေးရမယ့် တန်ဖိုးဆိုတာကို နားလည်ပြီးသား ဖြစ်သင့်ပါတယ်။ ဒီလိုမှ နားလည်လက်ခံမှုမရှိရင် ကြားခံချိတ်ဆက်ပေးတဲ့ NGO ရဲ့ အခန်းကဏ္ဍက ဘာလုပ်ဖို့လဲ။ အလှူရှင်က ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆီ တိုက်ရိုက်ရန်ပုံငွေ ပံ့ပိုးလို့ ရတာပဲမဟုတ်ဘူးလား။ ဒါတောင်မှ INGO တွေထဲမှာ သူတို့ကိုယ်တိုင်တောင် မလုပ်နိုင်တဲ့ လစဉ်စာရင်းစစ်ဝင်တာမျိုးလို ဘဏ္ဍာရေးဆိုင်ရာ ထိန်းကျောင်းစိစစ်မှုတွေ မိတ်ဖက်ပြည်တွင်းအဖွဲ့တွေကို လုပ်ခိုင်းတာ စာရေးသူ တွေ့ဖူးပါတယ်။ စာရေးသူအနေနဲ့ ဘယ်လိုပဲ တွေးကြည့်ကြည့် နိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်းတွေက ပြည်တွင်းအဖွဲ့အစည်းတွေအပေါ် ဒီလိုအလုပ်ပိုလှတဲ့ လိုအပ်ချက်မျိုးကို အတင်းအကျပ် သတ်မှတ်လုပ်ကိုင်စေတာဟာ တကယ့်လက်တွေ့ အကျိုးသက်ရောက်မှုကောင်းတွေကို ပေါ်ပေါက်စေချင်တာက နည်းနည်း၊ ရန်ပုံငွေစီးဆင်းမှု ဖြစ်စဉ်ကြီးမှာ သူတို့ဟာ ဘယ်လိုအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုပြီး ပညာပြချင်တာက များများဖြစ်နေတယ်လို့ပဲ နားလည်ပါတယ်။

 

တတိယတစ်ချက်ကတော့ INGO တွေက သူတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာလည်း သူတို့လိုဖြစ်ချင်မှာပဲ၊ ဆိုလိုတာက အနောက်တိုင်း စနစ်နဲ့ တည်ဆောက်ပုံတွေကို အတုယူလိုက်နာချင်ကြမှာပဲလို့ ထင်မြင်ယူဆနေကြပါတယ်။ ဒါပေမဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ သူ့နည်းသူ့ဟန်နဲ့ အမျိုးမျိုး လုပ်ကိုင်ပြောဆိုကြမှာပဲလေ။ လူထုလှုပ်ရှားမှု၊ လူငယ့်အရေး အသင်းအဖွဲ့၊ သမဂ္ဂ၊ အမျိုးသမီးသမဝါယမအသင်း ဒါမှမဟုတ် မဟာမိတ်အဖွဲ့တွေဟာ အားလုံး တစ်ထေရာတည်းတူနေမှာ မဟုတ်ပါဘူး။ အနောက်တိုင်းက NGO လို ဖွဲ့စည်းပုံ ယန္တရားမျိုးတွေ ရှိချင်မှ ရှိပါလိမ့်မယ်။ အဲသလိုဖြစ်နေလို့ သူတို့ရဲ့ လက်တွေ့အကျိုးသက်ရောက်မှုတွေက တစ်ပြားသားမှ လျော့သွားမှာမဟုတ်ပါဘူး။ အားလုံးရဲ့ အခြေခံအုတ်မြစ်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းဆိုတာ လူ့အဖွဲ့အစည်းထဲက ပြည်သူတစ်ဦးချင်းကို တစ်နည်းတစ်ဖုံနဲ့ စုစည်းနိုင်ဖို့ပဲလေ။ ဆိုလိုချင်တာက အဖွဲ့အစည်းပေါင်းများစွာဟာ သမားရိုးကျ ဖွဲ့စည်းပုံ စနစ်ယန္တရားတွေနဲ့ ရှိနေကြတာမဟုတ်သလို ရှိသင့်တယ်လို့လည်း မမျှော်လင့်ထိုက်ဘူး။ ဒါတောင်မှ INGO ပေါင်းများစွာဟာ ဘယ်လိုဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတာ နားမလည်ဘဲ “အရပ်ဘက်အဖွဲ့အစည်းတွေကို NGO ဇာတ်သွင်းဖို့” လိုလားနေကြတုန်းပဲ။

 

နောက်ဆုံးတစ်ချက်ကတော့ အဆိုးတကာ့ထိပ်ခေါင်လို့ပဲဆိုဆို၊ ကြေကွဲစရာအကောင်းဆုံးလို့ပဲ ပြောပြော၊ INGO တွေဟာ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ပြိုင်ဆိုင် ခြေရာလိုက်တိုင်းကြတာပါပဲ။ အရပ်ဘက် လူမှုအဖွဲ့အစည်းကို ထူထောင်ပေးရမယ့်အစား အဲဒီနေရာကို သူတို့က လူယက်သိမ်းပိုက်ကြတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ စိတ်ကူးစိတ်သန်း‌ကောင်းတွေကို အရှက်မရှိ ခိုးကူး၊ သူတို့မှာရှိနေတဲ့ အရင်းအမြစ်တွေကို အသုံးချပြီး သူတစ်ပါးရဲ့ ကြိုးစားအားထုတ်မှုတွေကို သူတို့လုပ်ထားတာပါလို့ မျက်နှာကောင်းယူကြတာမျိုး စာရေးသူ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ပြည်တွင်း အချိတ်အဆက်နဲ့ နားလည်သိမြင်မှု ကင်းမဲ့တာကြောင့် သူတို့မှန်းချက်နဲ့ နှမ်းထွက်လွဲကြတာက များပါတယ်။

 

ဆေးသုံးဖုံ

 

သတင်းကောင်းတစ်ခုကတော့ အဲသလို ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းစေဖို့ ကုသဖြေရှင်းဖို့ရာ မခက်ဘူးဆိုတာပါပဲ။

 

စလုပ်သင့်တာက နိုင်ငံတကာနဲ့ ပြည်တွင်းမိတ်ဖက်တွေကြားမှာ သူတို့ဆက်ဆံရေးကို ရှုထောင့်စုံ (၃၆၀ ဒီဂရီ စစ်တမ်းထုတ်) ပြန်လည်အကဲဖြတ်ပြီး တိုးတက်ကောင်းမွန်လာစေမယ့် နည်းလမ်းတွေကို ရှာကြရမှာပါ။ ဒီလိုလုပ်မှ INGO တွေရဲ့ မူဝါဒတွေဟာ တကယ်ပဲ အကောင်အထည်ဖော်မှု ရှိရဲ့လား၊ INGO ဝန်ထမ်းတွေမှာရော အပြုသဘောဆောင်တဲ့၊ ကူညီဖေးမတတ်တဲ့ စိတ်နေစိတ်ထားတွေ ရှိရဲ့လားဆိုတာ ဆန်းစစ်သိရှိနိုင်မှာပါ။ ဒါ့အပြင် မိတ်ဖက်အဖွဲ့တွေကြား ပုံမှန်စကားဝိုင်း ဆွေးနွေးပွဲတွေ စီစဉ်ကျင်းပပြီး နားလည်မှုတည်ဆောက်တာ၊ အပြောင်းအလဲကို ဩဇာသက်ရောက်မယ့် ခရီးစဉ်ကြီးမှာ ပြည်တွင်းမိတ်ဖက်အဖွဲ့တွေကို INGO တွေက ကူညီပံ့ပိုးတာတွေ လုပ်ကြရပါမယ်။

 

နိုင်ငံတကာအလှူရှင်တွေဘက်က ပါဝင်ပေးရမယ့် အခန်းကဏ္ဍလည်း ရှိပါတယ်။ အလှူရှင်တွေက ပြည်တွင်းမိတ်ဖက်လုပ်ဆောင်မှုတွေမှာ တကယ့်မူဝါဒကောင်းတွေ၊ နည်းလမ်းကောင်းတွေကို ပြည့်ပြည့်ဝဝ ကျင့်သုံးအကောင်အထည်ဖော်နေတဲ့ INGO တွေနဲ့ပဲ အလုပ်လုပ်သင့်ပါတယ်။ အလှူရှင်တွေမှာ “Norad အဖွဲ့ရဲ့ အရပ်ဘက်အဖွဲ့အစည်းပံ့ပိုးရေး လမ်းညွှန်စည်းမျဉ်းများ (Norad’s Support to Civil Society Guiding Principles)” လို အရပ်ဘက် လူမှုအဖွဲ့အစည်း ထောက်ကူရေး ကိုယ်ပိုင်မူဝါဒတွေ ရေးဆွဲချမှတ်ထားသင့်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက်ကူညီပံ့ပိုးဖို့အတွက် အားထုတ်ကြိုးပမ်းမှုတွေ ပိုလုပ်သင့်ပါတယ်။

 

နောက်ဆုံးအနေနဲ့ ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကိုယ့်မျှော်မှန်းချက်၊ ကိုယ့်မူဘောင်နဲ့ကိုယ် ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ ကြိုးစားပြီး ရန်ပုံငွေခွဲဝေမှုတွေကြောင့် ဇဝေဇဝါဖြစ်တာတွေကို ရှောင်ရှားသင့်ပါတယ်။ ရေရှည်တည်တံ့မှုလည်းမရှိ၊ ကိုယ့်အဖွဲ့အစည်းရဲ့ သရုပ်သကန်ကို ပုံပျက်ပန်းပျက်ဖြစ်စေနိုင်တဲ့ အလှူရှင်ရန်ပုံငွေတွေအပေါ် အလွန်အကျွံ အားကိုးမနေရတော့အောင် ရုန်းထွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပြည်တွင်းအဖွဲ့အစည်းတွေက ကိုယ့်စိတ်ကူးစိတ်သန်းတွေကို အပြန်အလှန် ယုံကြည်မှု၊ တန်ဖိုးထားမှုတွေပေါ် အခြေခံတဲ့ ရေရှည်မိတ်ဖက်လုပ်ကိုင်မှုနဲ့ ဆက်ဆံရေးကောင်းမရှိတဲ့ INGO တွေနဲ့ အလောတကြီးနဲ့ မမျှဝေသင့်ပါဘူး။ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အခြေအနေ အခင်းအကျင်းတွေအပေါ် ခြုံငုံနားလည်နိုင်စွမ်းတွေဟာ ကိုယ့်အတွက်တန်ဖိုးကြီးမားတဲ့ အစိတ်အပိုင်းဖြစ်လို့ အလကားနေ အလကား စေတနာမလွန်မိဖို့ လိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေထဲမှာ အရပ်ဘက်လူမှုအခင်းအကျင်းတွေ ကျုံ့ဝင်ကျဉ်းမြောင်းလာတဲ့အပေါ် တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူတွေက နိုးနိုးကြားကြား တုံ့ပြန်တွန်းလှန်ခဲ့ကြတာကို စာရေးသူတို့ အားလုံး မြင်ခဲ့ကြရပါတယ်။ ဒီလို ရုန်းကန်အားထုတ်မှုတွေ ပိုပြီးအင်တိုက်အားတိုက် ဖြစ်လာဖို့အတွက် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီပံ့ပိုးနိုင်ဖို့ နိုင်ငံတကာအလှူရှင်တွေနဲ့ NGO တွေက ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သက်ဆိုင်ပါဝင်တဲ့ သုံးဦးသုံးဖလှယ်လုံးက ဒီလိုအရေးကြီးတဲ့လုပ်ငန်းကြီးကို ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာ ပြန်တွေးဆဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အထက်မှာ တင်ပြရေးသားခဲ့တာတွေကတော့ စစ်မှန်တဲ့ သွေးစည်းညီညွတ်မှုရှိကြဖို့နဲ့ ပိုပြီးတရားမျှတမှုရှိ၊ ပိုပြီးငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာမယ့်အရေးမှာ လုပ်မှားကိုင်မှားရှိသမျှကို ပြန်လည်ပြင်ဆင်နိုင်ဖို့ အကြံပြုချက်တချို့သာ ဖြစ်ကြောင်းပါ။



 

စာရေးသူ မစ်ရှယ်ဒါစီ ဟာ အရှေ့အာဖရိကဒေသရှိ INGO ပေါင်းများစွာမှာ ၁၅ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ အထူးသဖြင့် တောင်ဆူဒန်နိုင်ငံမှာ ပြည်တွင်း ခရစ်ယာန်အသင်းတော်များနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းများရဲ့ ခိုင်မာအားကောင်းရေးနဲ့ စွမ်းရည်မြှင့်တင်ရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

1,279 views5 comments
bottom of page