top of page

မြန်မာအတွက် ယူကေရဲ့အကူအညီ

အာဏာသိမ်းပြီးနောက် မြန်မာ့လိုအပ်ချက်တွေကို ယူကေက ဘယ်လိုကူညီနိုင်မှာလဲ


UK and Myanmar flags over the two country's background

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ယူကေအစိုးရက “ယူကေ-မြန်မာ ဖွံ့ဖြိုးရေးမိတ်ဖက်ဆောင်ရွက်မှု” မူဝါဒရေးရာ စာတမ်းရဲ့ အနှစ်ချုပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာတမ်းမှာ နိဒါန်း၊ နိုင်ငံအခြေအနေ၊ ဖွံ့ဖြိုးရေးအကူအညီကို ယူကေက ဘာကြောင့် ဘယ်လိုပေးရတာလဲ၊ ဘယ်သူတွေနဲ့ လက်တွဲလုပ်ကိုင်မလဲ၊ အဓိက အစီအစဉ်ကြီးတွေက ဘာတွေလဲ ဆိုတာတွေအပြင် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေကို ဖော်ပြထားပါတယ်။


စာတမ်းပါအချက်အလက်တချို့ကို စာဖတ်သူတို့ အလွယ်တကူ ခြုံငုံသိနားလည်နိုင်ပြီး မြန်မာနိုင်ငံမှာ ကူညီပံ့ပိုးမှုလိုအပ်နေတဲ့ ရပ်ရွာပြည်သူတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့၊ ပြည်တွင်းက လုပ်ကိုင်ဆောင်ရွက်သူတွေရဲ့ သဘောထားတွေကို ထုတ်ဖော်နိုင်ပြီး ပြည်တွင်းဦးစီးဦးဆောင်ပြုနိုင်ဖို့၊ အလှူရှင်နိုင်ငံကို သိသင့်သိထိုက်တဲ့ အကြံပြုတိုက်တွန်းမှုတွေ လုပ်နိုင်ဖို့ ပြန်လည်မျှဝေ လိုက်ရပါတယ်။ (မူရင်းရေးသားဖော်ပြချက် အတိအကျကို ဒီမှာ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားပါတယ်။)



မူဝါဒရဲ့ နိဒါန်း


“ယူကေ-မြန်မာ ဖွံ့ဖြိုးရေးမိတ်ဖက်ဆောင်ရွက်မှု” မူဝါဒရေးရာစာတမ်းရဲ့ နိဒါန်းက ယူကေရဲ့ နိုင်ငံခြားရေး မူဝါဒမှာ “နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (The Strategy for International Development – IDS)” ဟာ နှလုံးသည်းပွတ်ဖြစ်ကြောင်းနဲ့ စဖွင့်ပါတယ်။ အဲဒီမဟာဗျူဟာက မိတ်ဖက်နိုင်ငံရဲ့ လိုအပ်ချက်အလိုက် ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ရှည်ရှည်နဲ့ လိုက်ဖက်ကိုက်ညီမှုရှိတဲ့ ရေရှည်မိတ်ဖက်ဖြစ်ရေးကို အခြေခံပြီး အပြန်အလှန် တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ သာမန်ကူညီပံ့ပိုးမှုထက်ပိုလွန်တဲ့၊ ကမ္ဘာ့စီးပွားရေးကဏ္ဍ၊ သိပ္ပံကဏ္ဍ၊ လုံခြုံရေးကဏ္ဍနဲ့ သံတမန်ရေး ကဏ္ဍတွေမှာ ယူကေရဲ့အားသာချက်၊ အားကောင်းမှုတွေကို မိတ်ဖက်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပေါင်းစပ် အသုံးချနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။


မဟာဗျူဟာအရ ဦးစားပေးအချက် လေးချက်ကတော့ ရိုးသားပြီး စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် လွတ်လပ်မှုတွေ ရရှိဖို့၊ လူသားချင်းစာနာမှုနယ်ပယ်မှာ လူ့အသက်တွေ ကယ်ဆယ်နိုင်ရေး ရှေ့ခြေလှမ်းတိုးနိုင်ဖို့၊ ရာသီဥတုပြောင်းလဲလာမှု၊ သဘာဝတရားနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးတွေမှာ တိုးတက်မှုရှိဖို့တွေ ဖြစ်ပါတယ်။


ဒီမဟာဗျူဟာကို ပြန်သုံးသပ်ပြီး ထပ်ပေါင်းစပ်ထားတဲ့ “Integrated Review Refresh (IR23)” လည်း ရှိသေးတယ်။ အဲဒီ သုံးသပ်ဖြည့်စွက်ချက်အရ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDG) တွေဆီ မမှိတ်မသုန် ဦးတည်စေဖို့ ပါဝင်တယ်။ ဖော်ပြခဲ့တဲ့ IDS နဲ့ IR23 ကိုပေါင်းစပ်ပြီး မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကို ဒီမူဝါဒစာတမ်းက ရှင်းလင်း ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံက နိုင်ငံရေး၊ ပဋိပက္ခ၊ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ဖွံ့ဖြိုးရေးစိန်ခေါ်မှုတွေက အပြန်အလှန် ရှုပ်ထွေး ယှက်နွယ်နေတာကြောင့် တစ်ခုတည်းကွက်ဖြေရှင်းလို့မရဘဲ ဘက်စုံပေါင်းစည်းမှုရှိတဲ့ နည်းလမ်းကို ယူကေအနေနဲ့ သုံးရမယ်လို့ မူဝါဒစာတမ်းမှာ ဖော်ပြပါတယ်။

မူဝါဒမှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံအခြေအနေ


မူဝါဒကို သတ်မှတ်အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နားလည်သင့်တဲ့ အခြေခံ အချက်အလက်တွေကို တစ်မျက်နှာလောက် ဖော်ပြထားပေမယ့် အနည်းအကျဉ်းပဲ ထုတ်နုတ်တင်ပြပါရစေ။


၂၀၂၁ အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဟာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး အကျပ်အတည်းထဲ သက်ဆင်းသွားကြောင်း ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေကို ကိုးကား ဖော်ပြထားပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာပြတ်လပ်တာ၊ ကလေးတွေကို ကူးစက်ရောဂါဘေးက မကာကွယ်နိုင်တာ၊ ဆင်းရဲမွဲတေတာ၊ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရတာ၊ ကျောင်းနေရွယ်ကလေးတွေ ပညာသင်ယူခွင့်မရတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေအကြောင်း ဖော်ပြထားတယ်။ ကမ္ဘာပေါ်က ရာသီဥတုပြောင်းလဲလာမှုနဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့မှုတွေအရ အထိခိုက်နိုင်ဆုံး နိုင်ငံတွေထဲမှာ နံပါတ်-၂ ချိတ်တဲ့ မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့လိုပြီး ပဋိပက္ခတွေ ဆက်ဖြစ်နေရင် ရာဇဝတ်ဂိုဏ်းပြဿနာတွေ၊ စီးပွားရေးကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ ရွှေ့ပြောင်းအခြေချမှုတွေနဲ့အတူ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။


အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်သွားဖို့ ယူကေက အဓိက ရည်သန်ထားပြီး မြန်မာပြည်သူ ၆၄၀,၀၀၀ ကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ခဲ့ကြောင်း၊ မိန်းကလေး ၁၂၀,၀၀၀ အပါအဝင် ကလေးငယ် ၂၃၅,၀၀၀ ပညာရေးရရှိဖို့၊ ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ လူ ၁၂၈,၀၀၀ အတွက် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း ဆက်ဖော်ပြပါတယ်။


အာဏာသိမ်းမှုနောက်ပိုင်း အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်ဖြန့်ကျက်မှုနဲ့ လုပ်ကိုင်ပုံသဘာဝတွေ ပြောင်းခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ဖိနှိပ်မှုကြောင့် အဖွဲ့အစည်းတွေ လျှို့ဝှက်လုပ်ကိုင်ရတာ၊ မှတ်ပုံတင် ဥပဒေသစ်က တင်းကျပ်တာ၊ ရန်ပုံငွေမရှိတာ၊ ပဋိပက္ခတွေနဲ့ လုံခြုံရေးကိစ္စတွေကို ရင်ဆိုင်ရတာတွေကိုပါ ရေးသားထားပါတယ်။ အဲဒီအရပ်ဘက်အဖွဲ့အစည်းတွေ ရှင်သန်ရေး၊ ကြံ့ကြံ့ခံနိုင်ရေးကို ဆက်ကူညီပြီး ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်သူတွေအတွက် ပြည်တွင်းဦးစီးဦးဆောင်မှုရှိတဲ့ ချဉ်းကပ်မှုတွေကနေ စွမ်းရည်မြှင့်တင်မှုလုပ်ဖို့ ရန်ပုံငွေပေးဖို့ ရည်ရွယ်ထားပါတယ်တဲ့။


မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီကို ယူကေက ဘာကြောင့် ဘယ်လိုပေးမလဲ


မြန်မာနိုင်ငံက နိုင်ငံရေး၊ ပဋိပက္ခ၊ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ ဖွံ့ဖြိုးရေးစိန်ခေါ်မှုတွေက အပြန်အလှန် ရှုပ်ထွေးယှက်နွယ်နေတာကြောင့် တစ်ခုတည်းကွက်ဖြေရှင်းလို့မရဘဲ ဘက်စုံပေါင်းစည်းမှုရှိတဲ့ နည်းလမ်းကို ယူကေအနေနဲ့ သုံးရမယ်လို့ မူဝါဒစာတမ်းမှာ ဖော်ပြပါတယ်။ အဲဒီအတွက် ယူကေက IDS မှာ ချထားတဲ့ ဦးစားပေးလေးခုထဲက သုံးခုနဲ့ ကိုက်ညီတဲ့ ဦးတည်ချက်တွေကို ခုလို သတ်မှတ်ထားပါတယ်။

  • ပဋိပက္ခတွေ အရှိန်လျှော့သွားဖို့လုပ်ဆောင်ပြီး အာဆီယံဦးဆောင် ဖြေရှင်းရေး၊ အဆင့်ဆင့် တိုးတက်တည်ငြိမ်ရေးနဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့အခင်းအကျင်း ဖန်တီးနိုင်တဲ့အထိ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးမှာ အားပေးကူညီဖို့

  • စုံလင်ကွဲပြားတဲ့ သဘောထားတွေကို ဆက်တည်တံ့ဖို့နဲ့ ပံ့ပိုးပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီတို့ကို အုတ်မြစ်ချနိုင်ဖို့နဲ့ အကာကွယ်ပေးဖို့၊ အားလုံးပါဝင်မှုရှိတဲ့ အနာဂတ်အမြင်တစ်ခုကို ထူထောင်နိုင်ဖို့

  • အရေးပေါ် ပေါ်ပေါက်လာတဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်ဖို့၊ လူသားရင်းမြစ် တည်ဆောက်ဖို့၊ အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အပါအဝင် ထိခိုက်အန္တရာယ်ကြုံလွယ်တဲ့ လူ့အသိုက်အဝန်းတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ဖို့နဲ့ လူသားချင်းစာနာမှုအကူညီတွေပေါ် မှီခိုအားကိုးနေရတာမျိုး မဖြစ်အောင် ကာကွယ်ဖို့

  • အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ တခြား အန္တရာယ်ကြုံနေရတဲ့ လူနည်းစုဝင်တွေမှာ ကြုံရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ပြစ်မှုပိုင်းဆိုင်ရာတာဝန်ခံမှုနဲ့ ကျယ်ပြန့်တဲ့ တရားမျှတမှုတွေ ဖြစ်ပေါ်လာစေရေး အဆင့်ဆင့် တိုးတက်မှုတွေကို အားပေးကူညီဖို့ ဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှု ဘာကြောင့်ပေးရတယ်ဆိုတာ ဒီဦးတည်ချက်တွေက ဖော်ပြပြီး ဘယ်လိုပေးမယ် ဆိုတာကို အောက်မှာဆက်ဖတ်ရှုနိုင်ပါတယ်။

  • လူသားချင်းစာနာမှုကဏ္ဍမှာ ပဋိပက္ခနဲ့ ပြည်တွင်းရွှေ့ပြောင်းအခြေချမှု ကြုံရသူတွေကို ကူညီနိုင်ဖို့ရော လူသားချင်းစာနာမှု အကူညီပေးဖို့ လုပ်ကိုင်နေရသူတွေကို ထောက်ပံ့ပို့၊ ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ သဘောထားကို မြှင့်တင်ပြီး ပြည်တွင်းဦးစီးဦးဆောင်မှုကို အသားပေးမှာပါ။ မီးခိုးကြွက်လျှောက် ရွှေ့ပြောင်းအခြေချမှုတွေ၊ စားနပ်ရိက္ခာမလုံလောက်မှုတွေနဲ့ စစ်အုပ်စု မထိန်းချုပ်နိုင်တဲ့ဒေသတွေဆီ နိုင်ငံတကာအဖွဲ့အစည်းတွေ လက်လှမ်းမီဖို့ခက်နေတာတွေကို ဖြေရှင်းရမှာပါ။

  • စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အရှိန်လျော့အောင်၊ လူသားချင်းစာနာမှု အကူအညီတွေ အတွက် လမ်းပွင့်အောင် မက်လုံးပေးနိုင်မယ့်နည်းလမ်းတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ နိုင်ငံတကာဖိအား ပေးနိုင်မယ့် အခွင့်အလမ်းတွေ ဆက်ရှာမှာပါ။ အဲဒီကနေ IDS မူအတိုင်း ပဋိပက္ခလျှော့ချရေး သက်ဆိုင်ရာ အစုအဖွဲ့တိုင်းပါဝင်တဲ့ နိုင်ငံရေးအဖြေရှာမှုဆီရောက်ဖို့ အားပေးမှာပါ။

  • အမျိုးသမီး၊ ကျန်းမာရေးနဲ့ လုံခြုံမှုကဏ္ဍနဲ့ပတ်သက်လို့ကတော့ အကန့်အသတ်တွေ ကြုံနေရတဲ့ကြားက ကျန်းမာရေးနဲ့ တိုင်းရင်းသားပညာရေးအတွက် ဆက်လုပ်ဖို့ ကြိုးစားသွားမှာပါ။ အဲဒီအတွက် အမျိုးသမီးတွေ ဦးဆောင်တဲ့အ ဖွဲ့အစည်းတွေကို အလေးပေးပြီး ကျား-မတန်းတူညီမျှမှုအတွက် နည်းလမ်းပေါင်းစုံ သုံးသွားမှာပါ။

  • အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ လုပ်ဆောင်မှုတွေကနေ ရာသီဥတု ပြောင်းလဲလာမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ အားပေးပံ့ပိုးတာတွေ လုပ်ကိုင်ပြီး သဘာဝသယံဇာတ ဖော်ထုတ်မှုတွေကို စောင့်ကြည့်၊ မြေယာနဲ့ သစ်တောဆိုင်ရာ မူဝါဒပိုင်းအကြံပြုတိုက်တွန်း၊ သဘာဝကိုအခြေခံတဲ့ ဖြေရှင်းမှုတွေရှာဖို့ လုပ်သွားမှာပါ။

  • ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်တွေကို ရောက်ရှိဖို့အတွက်တော့ ကူညီပံ့ပိုးမှုတွေ လျှော့ချလိုက်ရတာမျိုး၊ ရပ်တန့်လိုက်ရတာမျိုး မဖြစ်စေတဲ့ အဓိကအလှူရှင်ပေါင်းစုံ စုပေါင်းထည့်ဝင်တဲ့နည်းလမ်းကို သုံးမှာပါ။ UK ODA နဲ့အတူ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်တွေ၊ တခြားအလှူရှင်တွေရဲ့ ထည့်ဝင်မှုတွေကို အားပေးပြီး စုပေါင်းထည့်ဝင်တဲ့နည်းနဲ့ သက်ရောက်မှုတွေကို ပိုမြှင့်တင်နိုင်ဖို့၊ အလှူရှင်တွေကြား ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာဖို့ လုပ်မှာပါ။


ဘယ်သူတွေနဲ့ လက်တွဲလုပ်ကိုင်မလဲ


အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ယူကေက အစိုးရပိုင်းအားပေးကူညီမှုတွေကို ရပ်ဆိုင်းပြီး အစိုးရပိုင်းကို ငွေကြေးပံ့ပိုးတာ၊ စွမ်းရည်ဖွံ့ဖြိုးရေးအားပေးကူညီတာတွေ မလုပ်တော့ပါဘူး။ လူသားချင်းစာနာမှုနဲ့ ပတ်သက်လို့ မဖြစ်မနေလုပ်မှဖြစ်မယ့်အကြောင်းရင်းတွေ ရှိရင်တော့ ကူညီပံ့ပိုးမှုတွေ အစိုးရယန္တရားတွေထဲက ဖြတ်သန်းစီးဆင်းတာကို ထည့်စဉ်းစားပေးမှာပါ။

  • နှစ်ဘက်သဘောတူပရိုဂရမ် (Bilateral Programme) တွေ - မြန်မာနိုင်ငံမှာ ပြည်တွင်း ဦးစီးဦးဆောင်မှု ရှိဖို့အတွက် သန္နိဋ္ဌာန်ချထားပြီး မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကမ္ဘာ့ဘဏ်၊ INGO တွေ၊ ပုဂ္ဂလိကကဏ္ဍတို့နဲ့ပဲ အကောင်အထည်ဖော်မှာပါ။

  • ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေ - ပဋိပက္ခဒဏ်ခံရပြီး အကြမ်းဖက်မှုတွေကြောင့်ဖြစ်ဖြစ်၊ အာဏာပိုင်တွေရဲ့ ကန့်သတ်မှုတွေကြောင့်ဖြစ်ဖြစ် လက်လှမ်းမီဖို့ခက်တဲ့ဒေသတွေက ပြည်သူတွေဆီ ကူညီပံ့ပိုးမှုတွေ ရောက်ရှိဖို့ မိတ်ဖက်ဖြစ်တဲ့ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေကို ထောက်ပံ့သွားမှာပါ။

  • အာဆီယံ - အာဆီယံရဲ့ နောက်ဆုံးပိတ် ဒိုင်ယာလော့ဂ်မိတ်ဖက်ဖြစ်လာတဲ့ ယူကေက ပဋိပက္ခဖြေရှင်းရေးနဲ့ ဖွံ့ဖြိုးရေးအတွေ့အကြုံတွေပေးပြီး အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို အားပေးသွားမှာပါ။


The column chart shows UK's aid declined after the coup in Myanmar.
နှစ်အလိုက် အစီအစဉ်တစ်ခုစီမှာ သုံးစွဲတဲ့ ဘတ်ဂျတ်ပမာဏကို ပြသထားပြီး FCDO ရဲ့ ဘတ်ဂျတ်*က အဓိကအစိတ်အပိုင်း ဖြစ်တာ တွေ့ရပါတယ်။
*ဇယားပါ ကိန်းဂဏန်းတွေကို မူရင်းဝက်ဘ်ဆိုက်မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။

အဓိက အစီအစဉ်များ


ကိုဗစ်ကြောင့်ရော အာဏာသိမ်းမှုကြောင့်ပါ ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ယူကေရဲ့ အစီအစဉ်တွေကို ပြန်နေရာချ စီစဉ်ရတာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစိုးရများ၏ဖွံ့ဖြိုးရေးအကူအညီ (Official Development Assistance – ODA) ထဲမှာ ပံ့ပိုးထားပြီး ငွေကြေးသုံးစွဲမှုအမြင့်ဆုံး နှစ်ဘက်သဘောတူ မိတ်ဖက်ဆောင်ရွက်မှု အစီအစဉ်ကြီး ၃ ခုရှိပါတယ်။ အဲဒါတွေကတော့ -

  • မကြာခင်က ထူထောင်ခဲ့တဲ့ မြန်မာ့လူသားချင်းစာနာမှု ကူညီပံ့ပိုးရေး အစီအစဉ် (MHAP) – ပေါင် ၁၅ သန်း – လူသားချင်းစာနာမှုအကူအညီအတွက် ကဏ္ဍစုံကို ပံ့ပိုးဖို့ရှိပါတယ်။ လူသားချင်းစာနာမှု လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ စွမ်းရည်ကို မြှင့်တင်ဖို့လည်း သုံးစွဲမယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူတွေကို အားပေးမှု၊ အစားအစာနဲ့ငွေကြေး ကူညီမှု၊ အာဟာရရရှိမှု၊ သောက်သုံးရေ၊ မိလ္လာစနစ်နဲ့ သန့်ရှင်းကျန်းမာမှု (WASH) တို့အတွက် လူသုံးသိန်းကျော်ထိ ပံ့ပိုးနိုင်ဖို့ ရည်ရွယ်တယ်။

  • မြန်မာ-ယူကေ ကျန်းမာရေးမိတ်ဖက်ဆောင်ရွက်မှု အစီအစဉ် (MUHP) – ပေါင် ၆ သန်း – မြန်မာနိုင်ငံမှာ ဘေးဒုက္ခနဲ့ ရင်ဆိုင်ကြရဆုံးဒေသတွေ၊ အထူးသဖြင့် တိုင်းရင်းသားနဲ့ ပဋိပက္ခဒဏ် ခံရတဲ့ ဒေသတွေဆီက ပြည်သူတွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေ မျှမျှတတ ရရှိနိုင်ဖို့ ရည်ရွယ်တယ်။ မိခင်၊ မွေးကင်းစနဲ့ ကလေးသူငယ် ဖျားနာသေဆုံးမှုတွေ လျှော့ချဖို့၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)၊ ဆေးယဉ်ပါး တီဘီရောဂါနဲ့ ငှက်ဖျားရောဂါကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်ရတာတွေ လျှော့ချဖို့တွေမှာ အဓိက သက်ရောက်မှုရှိဖို့ ရည်ရွယ်တယ်။

  • သက်မွေးဝမ်းကျောင်းနဲ့ အစားအစာလုံလောက်မှုအစီအစဉ် (LIFT) – ပေါင် သုံး သန်းခွဲ – ဘေးအန္တရာယ်တွေကို ထိခိုက်ခံစားရနိုင်ခြေများတဲ့ ပြည်သူတွေ၊ အိမ်ထောင်တွေ၊ လူ့အသိုင်းအဝိုင်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ပိုကောင်းဖို့ ရည်ရွယ်တဲ့ အလှူရှင်ပေါင်းစုံ စုပေါင်းထည့်ဝင်မှုပါ။ ကိုဗစ်၊ အာဏာသိမ်းမှု၊ ပဋိပက္ခတိုးပွားလာမှု၊ တစ်ကမ္ဘာလုံး လူသုံးကုန်နဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်မားလာမှုဂယက်တွေကြောင့် ပေါ်လာတဲ့ မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံရေးကိစ္စကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ - စားနပ်ရိက္ခာ ရရှိနိုင်မှု ပိုမြင့်မားရေး၊ စားနပ်ရိက္ခာ လက်လှမ်းမီမှု တိုးတက်လာရေး၊ စားနပ်ရိက္ခာ အသုံးချနိုင်မှု ပိုကောင်းမွန်ရေးနဲ့ စားနပ်ရိက္ခာ ဖြန့်ဝေမှုစနစ်တည်ငြိမ်ပြီး ရပ်ရွာအသိုင်းအဝိုင်းရဲ့ ကြံ့ကြံ့ခံနိုင်မှု အားကောင်းရေးဆိုတဲ့ ကဏ္ဍလေးခု ပါ,ပါတယ်။

ဒါတွေအပြင် ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုရဲ့ စွမ်းရည်ပိုင်းအားကောင်းအောင် ကူညီတဲ့အစီအစဉ်တွေနဲ့ အရေးကြီးတဲ့ ဆက်ဆံရေးတွေ ဆက်တည်ဆောက်ဖို့ရှိကြောင်း မူဝါဒမှာ ဖော်ပြထားပါတယ်။

  • မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအုတ်မြစ်အစီအစဉ် (Myanmar Foundations for Peace and Democracy programme – MFPD) က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အောက်ခြေက အစပျိုးတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ပံ့ပိုးမှာပါ။

  • စီးပွားရေး တုံ့ပြန်ဖြေရှင်းရေး ပံ့ပိုးမှုအစီအစဉ် (Economic Response Facility – ERF) က ပြောင်းလဲနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို နားလည်ပြီး မူဝါဒရေးရာနဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ကိုင်နိုင်စေမယ့် သုတေသနတွေ ပြုလုပ်ဖို့ ဖြစ်ပါတယ်။

  • မြန်မာ ပဋိပက္ခ တည်ငြိမ်ရေးနဲ့ လုံခြုံမှုရန်ပုံငွေ (Myanmar Conflict Stability and Security Fund – CSSF) က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးအခွင့်အရေးနဲ့ ခေါင်းဆောင်မှု မြှင့်တင်ရေးတွေအတွက် ရေရှည် ဆောင်ရွက်နေတာဖြစ်ပါတယ်။

  • မြန်မာ-ယူကေ ပညာရေးမိတ်ဖက်ဆောင်ရွက်မှု (Myanmar-UK Partnership for Education – MUPE) အစီအစဉ်က ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ တိုင်းရင်းသားတွေရဲ့ ပညာရေးကို ကူညီပံ့ပိုးဖို့နဲ့ ရခိုင်ဒေသက လူ့အသိုင်းအဝိုင်းတွေကြား ပညာရေးကို ပေါင်းကူးတံတားဖြစ်စေဖို့ အားပေးကူညီတာ ဖြစ်ပါတယ်။


မူဝါဒပါ ငွေကြေးဆိုင်ရာ သတင်းအချက်အလက်တွေ


၂၀၂၂ ခုနှစ် မေလမှာ ချမှတ်ထားတဲ့ IDS နဲ့ FCDO ရဲ့ ၂၀၂၁ ခုနှစ် ငွေသုံးစွဲမှု ပြန်လည်သုံးသပ်ချက်ပေါ် အခြေခံတဲ့ IR23 ရဲ့ ဦးစားပေးကိစ္စတွေကို လုပ်ဆောင်ဖို့ ကနဦးခွဲတမ်းချပြီးသားပါ။ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ တစ်နှစ်ချင်းအတွက် ငွေသုံးစွဲမှုစီမံချက်တွေကို ပြန်သုံးသပ်ပြီး ယူကေရဲ့ အသားတင် ပြည်တွင်း ဝင်ငွေ (GNI) ရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်းကို ODA မှာ အသုံးချမှာပါ။ လက်ရှိမှာတော့ ယူကရိန်းနဲ့ အာဖဂန်နစ္စတန် က ပြည်သူတွေကို ကူညီပံ့ပိုးတာ၊ ယူကေမှာ ခိုလှုံခွင့်ပေးတာတွေလို မျှော်လင့်မထားတဲ့ ကုန်ကျသုံးစွဲမှုတွေက ပမာဏအားဖြင့် ကြီးမားနေပါတယ်။


ဒီအတွက် ယူကေအစိုးရက ၂၀၂၂-၂၀၂၃ အတွက် ပေါင်သန်းတစ်ထောင် ထပ်တိုးပေးထားပြီး ၂၀၂၃-၂၀၂၄ အတွက် ပေါင် သန်းထောင့်ငါးရာ ထပ်တိုး ပေးထားပါတယ်။ အောက်လွှတ်တော်မှာ ၂၀၂၁ ခုနှစ် ဇူလိုင်လက အတည်ပြုပေးထားတဲ့အတိုင်း ယူကေရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ အခြေအနေပေးရင်တော့ GNI ရဲ့ ၀ ဒသမ ၇ ရာခိုင်နှုန်းအထိ ODA ကို တိုးသုံးဖို့ ယူကေအစိုးရက ဆန္ဒရှိပါတယ်။ တစ်နိုင်ငံချင်းစီအတွက် ဘဏ္ဍာရေးနှစ် တစ်ခုချင်းစီမှာ သုံးစွဲမှုတွေအပြင် တခြားအချက်အလက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ပြန်လည်သုံးသပ်သွားမှာပါ။


 

ယူကေရဲ့ မူဝါဒ အနှစ်ချုပ်စာတမ်းပါ အချက်အလက်တွေကတော့ ဒါလောက်ပါပဲ။ မြန်မာပြည်သူတွေ အတွက် နိုင်ငံတကာက လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ ပတ်သက်လို့ တခြားအလှူရှင်နိုင်ငံတွေက သတင်းအချက်အလက်သစ်တွေ ရရှိရင်လည်း ဆက်လက်မျှဝေနေပါ့မယ်။

1,254 views5 comments
bottom of page