top of page

ဖွံ့ဖြိုးမှုကဏ္ဍမှ အရပ်ဘက်အဖွဲ့အစည်း အမျိုးမျိုး

ဖွံ့ဖြိုးရေးကဏ္ဍမှာ ဘယ်လိုအရပ်ဘက်အဖွဲ့အစည်း ပါဝင်နေလဲ။ ဘယ်သူတွေနဲ့ တွဲဖက်လုပ်ကိုင်လဲ။


a magenta floral illustration

ဖွံ့ဖြိုးတိုးတက်မှုတွေ ပေါ်ပေါက်လာဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေဟာ အခရာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြောင်း ဆွေးနွေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကိုယ့်ချည်းသက်သက် လုပ်ကိုင်ရတာတွေ ရှိသလို စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတွေ ထိထိရောက်ရောက်ဖြစ်ပေါ်နေဖို့ အလှူရှင်တွေ၊ မိတ်ဖက်နိုင်ငံအစိုးရတွေနဲ့ ထဲထဲဝင်ဝင် တိုင်ပင်လုပ်ကိုင်ကြရပါတယ်။ ဒီနေရာမှာ အစိုးရတို့၊ အလှူရှင်တို့ဆိုတဲ့ စကားလုံးတွေက သိပ်ပြီး အနက်အဓိပ္ပါယ် မဝေဝါးနိုင်ပေမယ့် အရပ်ဘက်အဖွဲ့အစည်းဆိုတဲ့ထဲမှာ ဘယ်လိုအမျိုးအစားတွေ ရှိသလဲဆိုတာ ကွဲကွဲပြားပြား နားလည်ဖို့ လိုပါတယ်။ ဆက်လက်ဆွေးနွေးဖော်ပြတဲ့ ဥပမာတချို့ကို ကြည့်လိုက်ရင်တော့ ဘယ်လိုအဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ မြင်ယောင်လာပါလိမ့်မယ်။


လူမှုရေးလှုပ်ရှားမှုကြီးတွေဟာ အမြဲတမ်းရှိနေတဲ့ အဖွဲ့အစည်းမျိုးတော့ မဟုတ်ပါဘူး။ တက်ညီလက်ညီနဲ့ ရည်မှန်းချက်တစ်ခု ရရှိလာအောင် လုပ်ဆောင်ကြပြီးတဲ့အခါ ကိုယ့်နေရာ ကိုယ်ပြန်သွား၊ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြတာပါ။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Nongovernment Organizations – NGO)


ဒီအသုံးအနှုန်းနဲ့ အရပ်ဘက် အဖွဲ့အစည်း (CSO) ဆိုတဲ့ စကားလုံးနှစ်ခုက အဓိပ္ပါယ်ချင်း တူတူလိုပါပဲ။ အစိုးရပေါ်မှာ မှီခိုအားကိုးခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထားပြီး အကျိုးအမြတ်ငွေကြေးကို ဦးတည်ခြင်းမရှိတဲ့ အဖွဲ့အစည်းတွေအားလုံး ပါဝင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ NGO လို့ ပြောလိုက်ရင် လူမှု-စီးပွား ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး၊ ပြည်သူ့ဖူလုံရေး၊ ဒါမှမဟုတ် အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေကို ဝန်ဆောင်မှုကိုယ်တိုင်ပေးတာ၊ ဒါမှမဟုတ် ဆော်ဩတိုက်တွန်းတာတွေ လုပ်ကိုင်တဲ့ ကျွမ်းကျင်သူတွေနဲ့ စုဖွဲ့ထားတဲ့၊ ကြားခံအဖြစ် ဆောင်ရွက်တဲ့၊ အကျိုးအမြတ် မမျှော်ကိုးတဲ့ အဖွဲ့အစည်းတွေကို ပိုပြီးရည်ညွှန်းမြင်ယောင်ကြပါတယ်။


နိုင်ငံတကာ အင်န်ဂျီအိုများ (International NGOs)


ဒီထဲမှာတော့ အစိုးရတွေကြား ညှိနှိုင်းဖွဲ့စည်းထားတာ မဟုတ်တဲ့ နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းကြီးတွေ ပါဝင်ပါတယ်။ ဒီလို နိုင်ငံတကာ အင်န်ဂျီအိုတွေက ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာရော၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပါ လုပ်ကိုင်နေကြပါတယ်။ များသောအားဖြင့် သူတို့ရဲ့ ရုံးချုပ်တွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အခြေစိုက်လေ့ရှိကြတယ်။


ရပ်ရွာအခြေပြု အဖွဲ့အစည်းများ (Community-Based Organisations – CBOs)


ရပ်ရွာအခြေပြုအဖွဲ့တွေဟာ ကိုယ့်ရပ်ကိုယ်ရွာမှာ ‌ကောက်ခါငင်ခါ ပေါ်ပေါက်လာတဲ့ အရေးကိစ္စတွေကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းဖို့ ဖွဲ့ထားကြတာပါ။ လိုလားချက်တွေကို ထုတ်ဖော်တင်ပြတာ၊ ရပ်ရွာကလူတွေ ပူးပေါင်းပါဝင်နိုင်၊ ဝိုင်းဝန်း အကောင်အထည်ဖော်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေကြတာ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ အတွက် ပြင်ပက ဝန်ဆောင်မှုတွေ ရှာဖွေတာ၊ ရလာတဲ့ အကျိုးကျေးဇူးတွေကို အတူမျှဝေခံစားတာတွေဟာ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေမှာ တွေ့ရတတ်တဲ့ သဘောသဘာဝတွေပါပဲ။ ရပ်ရွာရဲ့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနဲ့ ပျော်ပွဲရွှင်ပွဲတွေအထိ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေကို စီစဉ်ပေးရနိုင်ပါတယ်။ ဥပမာအားဖြင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေထဲမှာ ရပ်ကွက်အလိုက် အသင်း၊ အိမ်ရာအသင်း၊ ရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့၊ ရေသုံးစွဲသူများအဖွဲ့၊ ငွေချေးအဖွဲ့ စသဖြင့် ပါကြတယ်။


ဘာသာရေးအခြေခံ အဖွဲ့အစည်းများ (Faith-Based Organisations)


မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ ဘာသာရေးနဲ့ပတ်သက်တဲ့ ဝတ်ပြုဆုတောင်းကြရာ ကျောင်းကန်ဘုရားတွေမှာ အခြေပြုပြီး ဘာသာရေးအကျင့်အကြံနဲ့ ယုံကြည်မှုတို့အတွက် ရည်ရွယ်ချက်ထား စုဖွဲ့လုပ်ကိုင်ကြတဲ့ အဖွဲ့အစည်းတွေပါ။


ဖောင်ဒေးရှင်းများ (Foundations)


ဖောင်ဒေးရှင်းတွေဟာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးရင်းမြစ်တွေ ရှာဖွေစုဆောင်းရာမှာ သာမက ကိုယ်တိုင်က ဖွံ့ဖြိုးရေးဖော်ဆောင်သူတွေအဖြစ်လည်း လုပ်ကိုင်ကြတဲ့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတာပါ။ ဖောင်ဒေးရှင်းလို့ဆိုလိုက်ရင် လွတ်လပ်အမှီအခိုကင်းတယ်၊ အကျိုးအမြတ်မရှာဘူး၊ သုံးစွဲစရာ ကိုယ်ပိုင် မ,တည်ငွေကြေးရင်းမြစ်ရှိတယ်လို့ လူသိများကြပါတယ်။ လူတစ်ဦးချင်းကဖြစ်ဖြစ် ဥပဒေကြောင်းအရ တရားဝင် ဖွဲ့စည်းရပ်တည်မှုရှိတဲ့ အဖွဲ့အစည်းတစ်ခုကဖြစ်ဖြစ် ဖောင်ဒေးရှင်း ထူထောင်နိုင်တယ်။ ဖောင်ဒေးရှင်းတွေဟာ အများအကျိုးဖြစ်ထွန်းစေဖို့၊ ကုသိုလ်ဖြစ်စေဖို့ ရည်ရွယ်ကြလေ့ရှိပါတယ်။ သူတို့ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေနဲ့ ညီညွတ်မှုရှိတဲ့ လှူဒါန်းငွေတွေကို လက်ခံပိုင်ခွင့်ရှိပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရ ဒါမှမဟုတ် လူမှုရေးအရ အကျိုးရှိရာရှိကြောင်း လှုပ်ရှားဆောင်ရွက်မှုတွေကို ဖောင်ဒေးရှင်းတွေက စီစဉ်လုပ်ကိုင်တဲ့အခါ ရည်ရွယ်ချက်ချင်း တူညီသူတွေက ထည့်ဝင်လှူဒါန်းတာတွေကို လက်ခံခွင့်ရှိပါတယ်။ အဲသလို ဖောင်ဒေးရှင်းတွေထဲမှာ လူသိများတာတစ်ခုကို ဥပမာပေးရင်တော့ ဘီလ်နဲ့မီလင်ဒါဂိတ် ဖောင်ဒေးရှင်းပါ။


လူမှုရေးလှုပ်ရှားမှုများ (Social Movements)


လူမှုရေးလှုပ်ရှားမှုဆိုတာက ကြီးမားတဲ့ လူမှုဝန်းကျင်အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာအောင် လူတစ်ဦးချင်းကဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အလွတ်သဘော ပါဝင်ကြပေမယ့် တစိုက်မတ်မတ်၊ စုစုစည်းစည်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အားထုတ်လုပ်ကိုင်ကြတာပါ။ လူမှုရေးလှုပ်ရှားမှုကြီးတွေဟာ အမြဲတမ်းရှိနေတဲ့ အဖွဲ့အစည်းမျိုးတော့ မဟုတ်ပါဘူး။ တက်ညီလက်ညီနဲ့ ရည်မှန်းချက်တစ်ခု ရရှိလာအောင် လုပ်ဆောင်ကြပြီးတဲ့အခါ ကိုယ့်နေရာ ကိုယ်ပြန်သွား၊ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြတာပါ။ ဥပမာအားဖြင့် ကျွန်စနစ်၊ သေဒဏ်ချမှတ်မှု၊ အသားရောင်ခွဲခြားမှုစတာတွေ ပပျောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုကြီးတွေ ဖြစ်ပါတယ်။


အလုပ်သမားသမဂ္ဂများ (Trade Unions)


အလုပ်သမားသမဂ္ဂဆိုမှတော့ အလုပ်သမားတွေရဲ့ လုပ်ခလစာ၊ အလုပ်ချိန်နဲ့ အလုပ်ခွင် အခြေအနေတွေ ကောင်းမွန်တိုးတက်လာဖို့ သမဂ္ဂဖွဲ့ဆောင်ရွက်ကြတဲ့၊ အတွေ့ရများတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အလုပ်သမားသမဂ္ဂတွေကို လုပ်ငန်းနယ်ပယ်အလိုက်၊ အလုပ်အကိုင်အမျိုးအစားအလိုက် ဖွဲ့စည်းတတ်ကြပါတယ်။ အလုပ်သမားသမဂ္ဂတွေဟာ ကွန်ရက်ချိတ်ဖွဲ့တာ၊ အဆင့်ဆင့် ဖွဲ့စည်းလုပ်ကိုင်တာတွေကနေ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်အဖြစ် ဆင့်ကဲ ဖွဲ့စည်းကြပါတယ်။


ဒီလို အရပ်ဘက်အဖွဲ့အစည်းအမျိုးအစားတွေအပြင် ရေမြေနိုင်ငံဆက်စပ်မှု၊ အဖွဲ့ဝင်ဖြစ်မှု၊ ရည်ရွယ်ချက်ချင်း တူညီမှု၊ လုပ်ဆောင်မှုချင်း နီးစပ်မှုတို့အပေါ် မူတည်ပြီး မတူညီတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကြား မဟာမိတ်ဖွဲ့စည်းတာ၊ ကွန်ရက်ချိတ်ဆက်တာတွေ ရှိနိုင်ပါတယ်။ ဥပမာ - ဖွံ့ဖြိုးရေးထိရောက်မှုအတွက် အရပ်ဘက်အဖွဲ့အစည်းများ မိတ်ဖက်အဖွဲ့ (CSO Partnership for Development Effectiveness) ကိုကြည့်ပါ။


 

ဖွံ့ဖြိုးမှုကဏ္ဍမှ အခြားသက်ဆိုင်ပါဝင်သူများ


ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း နိုင်ငံအစိုးရတွေ၊ အလှူရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဆိုတဲ့ သက်ဆိုင်ရာ အုပ်စုကြီးသုံးခုအပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေးမှာ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်သာကိုင်သာပါဝင်နိုင်ကြအောင် ပါဝင်လုပ်ကိုင်နေကြတဲ့ တခြားသက်ဆိုင်သူတွေ ရှိပါသေးတယ်။ သူတို့ကလည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေဆီ ရောက်ရှိဖို့ ဆန္ဒရှိကြပါတယ်။ အဲသလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖြစ် လုပ်ကိုင်ရနိုင်သူတွေထဲမှာ ဘယ်သူတွေပါနိုင်လဲဆိုတာ ဆက်‌ဆွေးနွေးကြပါစို့။


ဒေသန္တရအာဏာပိုင် - သူတို့ကတော့ တစ်နိုင်ငံလုံးအဆင့် ဗဟိုအစိုးရတွေရဲ့ အားစိုက်လုပ်ကိုင်မှုတွေကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ကြပါတယ်။ သူတို့ရဲ့ ရပ်ရွာမှာ လူမှုရေး၊ စီးပွားရေးတွေ တိုးတက်ကောင်းမွန်လာဖို့ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေတာပါ။ ရပ်ရွာတွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှုရှိရေးအတွက် လိုအပ်တဲ့ လုံခြုံမှုတို့၊ တည်ငြိမ်မှုတို့ရှိနေအောင် ဒေသန္တရအာဏာပိုင်တွေ ရပ်သူရွာသားတွေနဲ့ အတူလုပ်ကိုင်ကြပါတယ်။ လမ်း၊ ရေပေးဝေမှု၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတို့လို ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦတွေကို ဖြည့်ဆည်းပေးကြပါတယ်။ တစ်ဖက်မှာလည်း ဆင်းရဲသား နင်းပြားပါမကျန် လူတန်းစေ့အောင် သက်မွေးဝမ်းကျောင်းလုပ်နိုင်ဖို့၊ ကျန်းမာရေး၊ ပညာရေးနဲ့ သာယာစိုပြေတဲ့ ပတ်ဝန်းကျင်ဖြစ်စေဖို့ လုပ်ကြရပါတယ်။


လွှတ်တော် - ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရပြီး ပြည်သူတွေကို ကိုယ်စားပြုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ မဲဆန္ဒနယ်မြေအလိုက် လိုအပ်ချက်တွေနဲ့ကိုက်ညီအပ်စပ်မယ့် ဖွံ့ဖြိုးရေးအစီအမံတွေဖြစ်အောင် ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲမှာတော့ သဘာဝပတ်ဝန်းကျင်ကို ထောက်ထားညှာတာဖို့၊ လူတန်းစားမရွေး စီးပွားရေးတိုးတက်ဖို့နဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ လွှတ်တော်တွေဟာ အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာ တွေ့လာရပါတယ်။ လွှတ်တော်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အမြင်ရှုထောင့်ကို ကိုယ်စားပြုပြီး ဥပဒေတွေ ရေးဆွဲသတ်မှတ်တာ၊ အစိုးရမူဝါဒတွေ စီမံကိန်းတွေကို ထိန်းကျောင်းတာ၊ နိုင်ငံ့ဘတ်ဂျက်ကို စိစစ်ကြပ်မတ်တာတွေ လုပ်ကိုင်ကြရပါတယ်။ ဒါကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာဖို့လိုအပ်တဲ့ တာဝန်ခံတဲ့၊ အချန်အလှပ်မရှိတဲ့ ပြည်သူပါဝင်ခွင့်ပေးတဲ့၊ ပွင့်လင်းမြင်သာရှိတဲ့ အုပ်ချုပ်ရေးတွေ ဖြစ်လာအောင် လုပ်ဆောင်ရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တန်ဖိုးထားထိုက်တဲ့ မိတ်ဖက်တွေ ဖြစ်ပါတယ်။


ပညာရပ်နယ်ပယ် - ပညာရှင်တွေဟာ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေကြသူတွေရဲ့ မူဝါဒတွေ၊ အစီအစဉ်တွေ ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို သက်သေပြချက်တွေ၊ အထောက်အထားတွေ ဖော်ထုတ်ပေးနိုင်ကြတဲ့ အခန်းကဏ္ဍမှာ ရှိနေကြပါတယ်။ သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေက သိပ္ပံပညာ၊ မူဝါဒတိုက်တွန်းနှိုးဆော်မှုတွေနဲ့ ပညာရေး ရှုထောင့်တွေကနေ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိလာအောင် တစ်တပ်တစ်အား ပါဝင်နေတာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရင်ဆိုင်နေကြရတဲ့ ရာသီဥတုပြောင်းလဲလာမှု၊ သယံဇာတရှားပါးလာမှုနဲ့ အာဟာရချို့တဲ့မှုတွေလို ကိစ္စမျိုးတွေမှာ လူတွေရဲ့ လက်ရှိဘဝနေထိုင်နည်းတွေ အခြေခံကျကျ ပြောင်းလဲနိုင်ဖို့အတွက် ကြုံလာရနိုင်တဲ့ သက်ရောက်မှုတွေကို တွက်ဆပြီး အနာဂတ်အလားအလာတွေကို ခန့်မှန်းနိုင်ဖို့ ပညာရပ်နယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေက သုတေသနတွေ လုပ်ကြပါတယ်။ သူတို့ရဲ့ အသိပညာဖြန့်ဝေပေးမှုကြောင့် လူတစ်ဦးချင်းစီမှာရော၊ စနစ်ယန္တရားတွေမှာပါ ရေတိုနဲ့ ရေရှည် စွမ်းရည်မြင့်မားမှုတွေ ရရှိစေပါတယ်။


ပုဂ္ဂလိက စီးပွားရေးကဏ္ဍ - ဒီကဏ္ဍမှာ နိုင်ငံပိုင်လုပ်ငန်းမဟုတ်တဲ့၊ ငွေကြေးအကျိုးအမြတ်အတွက် လုပ်ကိုင်ကြတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ ဘဏ်လုပ်ငန်း၊ နည်းပညာနဲ့ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် မရှိမဖြစ် ဝန်ဆောင်မှုကဏ္ဍတွေမှာ အရင်ကထက်ပိုပြီး နေရာရလာကြပါပြီ။ ပုဂ္ဂလိကကဏ္ဍဟာ စီးပွားရေးအားကောင်းမှုနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတွေအတွက် အခရာကျတဲ့ အခန်းကဏ္ဍမှာ လုပ်ကိုင်ကြပေမယ့် သူတို့ချည်းပဲ လုပ်ဆောင်နိုင်တာ မဟုတ်ပါဘူး။ အစိုးရတွေဟာလည်း အချက်အချာကျတဲ့ အခန်းကဏ္ဍက ပါဝင်နေကြပါတယ်။ ကောင်းမွန်တဲ့ မူဝါဒတွေ၊ ခိုင်မာတဲ့ အင်စတီကျူးရှင်း (စနစ်ယန္တရား)တွေ၊ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်မှုကို မထိခိုက်စေဘဲ ထိရောက်အကျိုးရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို အစိုးရတွေက ဖော်ဆောင်နိုင်မှ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်သူတစ်ဦးချင်းက ခံစားရမှာပါ။


စီးပွားလည်းဖြစ်စေချင်တယ်၊ အများအတွက်လည်း အကျိုးရှိစေချင်တယ်ဆိုတဲ့ လမ်းနှစ်သွယ်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်း မဟုတ်ပါဘူး။ ငွေကြေးနဲ့ အကျိုးအမြတ်ကို ရှာဖွေနေရင်းမှာပဲ တစ်ဖက်တစ်လမ်းက ရေရှည်တည်တံ့မယ့် ဦးတည်ချက်တွေကို အကောင်အထည်ဖော်နိုင်ပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ဆိုးကျိုးအန္တရာယ်တွေကို တတ်နိုင်သမျှ ထိန်းချုပ်လျှော့ချပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှာ အကျိုးအမြတ်ဖြစ်ထွန်းအောင် လုပ်လာနိုင်ဖို့ မူဝါဒရေးဆွဲချမှတ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကြားမှာ အချက်အလက်ကျကျ ဆွေးနွေးညှိနှိုင်းမှုတွေရှိမှ ဖြစ်မှာပါ။ ဒီအပိုင်းနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ထိရောက်သော ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (the Global Partnership for Effective Development Cooperation – GPEDC) က “ကမ်ပါလာအခြေခံမူ”ကို ပြုစုရေးဆွဲခဲ့ပါတယ်။ (ကမ်ပါလာအခြေခံမူတွေဆိုတာက စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေ ရောက်ရှိဖို့အရေးကိစ္စမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေက လိုက်နာပါဝင်နိုင်တဲ့ မူကြီး ၅ ချက် မူခွဲ ၁၆ ချက် ပါဝင်ပါတယ်။)


 

ဖွံ့ဖြိုးမှုကဏ္ဍမှာ ဒီလိုအစုအဖွဲ့တွေရဲ့ကြား ချိတ်ဆက်ဆောင်ရွက်မှုတွေ မပါလို့မဖြစ်ပါဘူး။ ဒီအခြေခံတွေကို နားလည်ပြီဆိုရင် ဖွံ့ဖြိုးမှုကဏ္ဍမှာ ဘယ်လိုအခင်းအကျင်းတွေ ရှိနေသလဲဆိုတာ ဆက်လေ့လာဖို့လိုပါတယ်။ ရှေ့ဆက်ဖော်ပြမယ့် ဆောင်းပါးတွေမှာတော့ နိုင်ငံတကာမှာ အခြေခံမူတွေ၊ သဘောတူညီမှုတွေ၊ ရပ်တည်ချက်တွေ စသဖြင့် ဘယ်လို အဆင့်ဆင့်ဖြစ်ထွန်း ပေါ်ပေါက်လာတယ်ဆိုတာ ဆွေးနွေး တင်ပြပေးပါဦးမယ်။

934 views2 comments
bottom of page