top of page

ပြည်တွင်းကြားခံအဖွဲ့တွေကို အားပေးဖို့လိုပြီ

ကူညီပံ့ပိုးမှုမှာ တန်းတူရည်တူမဖြစ်တာတွေကို ကျော်လွှားဖို့ မြန်မာနိုင်ငံက ပြည်တွင်းကြားခံအဖွဲ့တွေကို ဘာကြောင့် အားပေးသင့်သလဲ။


Chalked sketch of globe, a card box with a Myanmar Map on it, and a question mark

The New Humanitarian ဝက်ဘ်ဆိုက်မှာ ဩဂုတ်လ ၃ ရက်နေ့မှာ "To help tackle aid inequality, support Myanmar’s local intermediaries" ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ ပြည်တွင်းကြားခံအဖွဲ့အစည်းများကွန်ရက်ရဲ့ လုပ်ငန်းပိုင်းတွေကို တိုးတက်ကောင်းမွန်ဖို့ အကြံပြုပြီး နိုင်ငံတကာ ကူညီပံ့ပိုးရေးစနစ်ကြီးက ပြည်တွင်း ကြားခံအဖွဲ့အစည်းတွေကို ပိုကောင်းအောင် ဘယ်လိုကူညီကြမလဲဆိုတာကို လွတ်လပ်စွာ ဆန်းစစ်အကဲဖြတ်ထားကြသူ သုတေသီနှစ်ဦးဖြစ်တဲ့ အန်းဒဲကိုဘတ်နဲ့ တာမာ့စ်ဝဲလ်တို့ ရေးသားထားတဲ့ ဆောင်းပါးကို မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်အောင် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

 

လူသားချင်းစာနာကူညီမှုတွေအတွက် ပါဝါမဏ္ဍိုင်ပြောင်းဖို့ ပြင်းပြင်းပြပြ လိုလားရင် ကူညီပံ့ပိုးရေးမှာ တန်းတူရည်တူမဖြစ်မှုကို ဖြေရှင်းဖို့ ပြည်တွင်းဦးစီးဦးဆောင်မှု ဖော်ဆောင်ရာမှာ အစဉ်အလာပုံစံတွေ၊ သက်ကယ်ရိုးနဲ့ ခေါင်းလောင်းထိုးတာတွေကို ချန်ထားရမယ့်အချိန်တန်ပြီ။


အလှူရှင်တွေရဲ့ ရန်ပုံငွေ စီးဆင်းစေဖို့ ဧရာမနိုင်ငံတကာအဖွဲ့ကြီးဖြစ်ဖို့မလိုပါဘူး


ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေကြားမှာရော၊ စစ်အာဏာရှင်တွေရဲ့ ဖိအားအောက်မှာပါ ရှေ့တန်းက လုပ်ကိုင်နေတဲ့ ‌ကူညီပံ့ပိုးရေးသမားတွေရဲ့ ကွန်ရက်တွေဆီမှာ ကူညီထောက်ပံ့ရေးရင်းမြစ်တွေ လက်ခံရရှိနိုင်ဖို့နဲ့ မျှဝေသုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ကြားခံအခန်းကဏ္ဍကနေ ပါဝင်နေခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။


အဲသလိုပေါ်ထွန်းလာခဲ့တဲ့ ပြည်တွင်းကြားခံအဖွဲ့အစည်းတွေဆီ ရင်းမြစ်တွေ၊ ထိန်းချုပ်ကိုင်တွယ်ပိုင်ခွင့်တွေ များများနှင်းအပ်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှု ကူညီပံ့ပိုးရေးစနစ်ထဲမှာ တန်းတူညီတူ ခြေချခွင့်‌ပေးဖို့ အချိန်တန်ပါပြီ။


၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ အရှိန်မြင့်လာတဲ့ ပဋိပက္ခနဲ့ရပ်ရွာစွန့်ခွာထွက်ပြေးမှုတွေ၊ မြင့်မားလာတဲ့ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်တွေကြားမှာ အကူအညီတွေ လက်ထဲရောက်အောင် ပို့နိုင်ဖို့ကန့်သတ်ချက်တွေ ရင်ဆိုင်နေရပါတယ်။ ဒီအခြေအနေမှာ နိုင်ငံတကာအလှူရှင်တွေနဲ့ ကူညီပံ့ပိုးမှုအေဂျင်စီတွေဟာ မြန်မာနိုင်ငံက လိုအပ်ချက်ပေါင်းစုံနဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေဆီ လက်လှမ်းမီဖို့ ပြည်တွင်းအဖွဲ့အစည်းတွေကို မဖြစ်မနေ အားကိုးလာရတယ်။


အရင်က (ကူညီပံ့ပိုးမှုတွေကို ဖြန့်ချိပေးတာနဲ့ လုပ်ငန်းစဉ်ကြီးတွေ လည်ပတ်တာတွေမှာ) ကိုယ်တိုင် အကောင်အထည်ဖော်ကြတဲ့ နိုင်ငံတကာအေဂျင်စီတွေဟာ စစ်ကောင်စီရဲ့ ကြီးမားတဲ့ တင်းကျပ်ကန့်သတ်ချက်တွေကို ရင်ဆိုင်လာရတယ်။ ဒီတော့ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေကို ပြည်တွင်းအဖွဲ့ငယ်တွေဆီ ‌ဆောင်ကြဉ်းပေးနိုင်ဖို့ သူတို့ကိုယ်သူတို့ ကြားခံအဖွဲ့အစည်းတွေအဖြစ် အသွင်ပြောင်းကြတယ်။


မေလတုန်းက မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး မြန်မာနိုင်ငံ အနောက်ပိုင်းတလွှားမှာ ပျက်စီးဆုံးရှုံးမှုတွေ ချန်ရစ်ခဲ့ချိန်ထိ ဒီလိုဖြစ်အင်တွေက အတောမသတ် ထပ်တလဲလဲ ဖြစ်နေခဲ့ပါတယ်။ ရပ်ရွာအသိုင်းအဝိုင်းတွေကို ကူညီဖေးမရေး‌လုပ်ငန်းတွေ စတင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက အသင့်ရှိနေပေမယ့် တစ်ကမ္ဘာလုံးရဲ့ လူသားချင်းစာနာမှု ကူညီပံ့ပိုးရေးစနစ်ကို တီးခေါက်ကြည့်ဖို့ မျှော်လင့်‌နေတဲ့ အဖွဲ့အများစုက ရန်ပုံငွေတွေ နိုင်ငံတကာအေဂျင်စီတွေကတဆင့် ဖြတ်သန်းစီးဆင်းလာဖို့ အားကိုးနေရတုန်းပဲ။


ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာကူညီရေး အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တွေဟာ အရင်ထက်ပိုပြီး စနစ်တကျ စုဖွဲ့မှုတွေ ရှိနေကြပါပြီ။ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက အကြီးဆုံး NGO ၁၄ ခုက ပြည်တွင်း ကြားခံဆောင်ရွက်ရေးအဖွဲ့ လို့ခေါ်တဲ့ကွန်ရက်ကို စမိတ်ဆက်လာတယ်။ သူတို့ရည်ရွယ်ချက်က ‌ရှေ့တန်းမှာလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေဆီ ‌ရန်ပုံငွေတွေစီးဆင်းစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေသာမက မြန်မာနိုင်ငံက အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။


ဘယ်သူ့ ‘စွမ်းဆောင်ရည်’ ကို ထည့်တွက်ကြမလဲ


ကြားခံအေဂျင်စီ (Intermediary Agencies) တွေဟာ မြန်မာနိုင်ငံလို တိုင်းပြည်တွေမှာ နိုင်ငံတကာအလှူရှင်တွေနဲ့ ကူညီပံ့ပိုးမှုတွေကို ဖြန့်ချိပို့ဆောင်ပေးသူ အဖွဲ့အစည်းတွေကြားမှာ ချိတ်ဆက်ပေးခဲ့ကြတာ ကြာခဲ့ပါပြီ။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ဆောင်မှုတွေကို ပြည်တွင်းကပဲ ပိုဦးဆောင်နိုင်ဖို့ တောင်းဆိုမှုတွေ ရှိပေမယ့် ‌အတွင်းနက်နက်မှာ အားပြိုင်မှုတစ်ခုရှိနေပါတယ်။ အဲဒါကတော့ နိုင်ငံတကာ ကြားခံအဖွဲ့အစည်းတွေကို ပြည်တွင်းဦးစီးဦးဆောင်ပြုမှုရဲ့ ကိုယ်စားလှယ်တော်တွေအဖြစ် မြင်နေရတာပါ။ သူတို့အခန်းကဏ္ဍက လိုအပ်တာမှန်ပေမယ့် တန်းတူရည်တူမဖြစ်တဲ့ ပါဝါတည်ဆောက်ပုံစနစ်ကြီးတစ်ခုကို တစ်ဖက်တစ်လမ်းက ဖန်တီးနေတာပါ။


မြန်မာနိုင်ငံမှာလည်း တခြားနိုင်ငံတွေမှာလိုပဲ ပြည်တွင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ ကူညီပံ့ပိုးမှုအများစုဟာ နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ စုပေါင်းရန်ပုံငွေတွေ (Pool Fund) ဆီကပဲ ဖြတ်သန်းစီးဆင်းနေတာပါ။ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေကို စီမံခန့်ခွဲဖို့နဲ့ အလှူငွေ လက်ခံကိုင်တွယ်နိုင်ဖို့ ကိုက်ညီရမယ့် ‘စွမ်းဆောင်ရည်’ မျိုး ပြည်တွင်းအဖွဲ့တွေမှာ မရှိပါဘူးလို့ မှားယွင်းယုံကြည်နေမှုတွေကြောင့် ကြားခံအဖွဲ့ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းဖြစ်မှလို့ပဲ ပုံသေယူဆထားခဲ့ကြတာပါ။


ဒါပေမယ့် အလှူရှင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ရေးဆွဲချမှတ်ထားတဲ့ ရှုပ်ထွေးပါတယ်ဆိုတဲ့ အလှူငွေ လက်ခံကိုင်တွယ်နိုင်ဖို့ သတ်မှတ်လိုအပ်ချက်တွေကပဲ “စွမ်းဆောင်ရည် ကွာဟမှု” ကို ဖန်တီးထားတာလေ။ အဲဒီလို ကြိုးတန်းကြီးကို လွှားခနဲခုန်ကျော်နိုင်ဖို့ မည်ကာမတ္တ ဘတ်ဂျတ်လောက်နဲ့ လည်ပတ်နေရတဲ့ ပြည်တွင်းအဖွဲ့တွေမှာ အချိန်လည်းမရှိ၊ လူအင်အားလည်း မရှိပါဘူးတဲ့။


တစ်ချိန်တည်းမှာ နိုင်ငံတကာအလှူရှင်တွေကလည်း ပြည်တွင်းအဖွဲ့မွစိမွစိတွေ အများကြီးကို တိုက်ရိုက်ကူညီပံ့နိုင်ဖို့ စီမံခန့်ခွဲနိုင်စွမ်း ရှိကြတာမဟုတ်ဘူး။ ပြီးတော့ပြည်တွင်းအဖွဲ့တွေမှာ အားနည်းချက်တွေ ရှိတယ်၊ အလှူငွေ လျှောက်ထားလွှာတွေနဲ့ ပရောဂျက် “လော့ဂ်ဖရိမ်တွေ” ရေးဖို့ ပြည်တွင်းအဖွဲ့တွေမှာ ဝန်ထမ်းနဲ့ ရင်းမြစ်အင်အား လုံလောက်အောင် မရှိသေးချိန်မှာ ရန်ပုံငွေတွေကို နိုင်ငံတကာ ကြားခံအဖွဲ့ကြီးတွေလက်ထဲမှာထားပြီး လိုအပ်တဲ့ “စွမ်းဆောင်ရည် မြှင့်တင်တည်ဆောက်မှု” လုပ်တာက ပိုပြီး ‌ကျိုးကြောင်းဆီလျော်ပါတယ်လို့ ဇာတ်ကြောင်း တင်ပြပုံတွေကလည်း ရှိသေးတယ်။


ဒီအခြေအနေတွေကြောင့် အထက်အောက် ဆက်ဆံရေးနဲ့ တန်းတူရည်တူမဖြစ်တဲ့ ကူညီပံ့ပိုးရေးစနစ်ကြီးကို ခိုင်မာသထက် ခိုင်မာအောင် အပြောင်းအလဲမရှိတဲ့ ပါဝါတည်ဆောက်မှု‌ကြီး ဖြစ်နေရတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အများစုကတော့ သူတို့ဆီ ရန်ပုံငွေခွဲဝေဖြန့်ချိပေးတဲ့ နိုင်ငံတကာ ကြားခံအဖွဲ့အများစုဟာ ပြောင်းလွယ်ပြင်လွယ် မဖြစ်၊ အလိုက်သင့် မပြောင်းလဲနိုင်ကြဘဲ လက်တွေ့ မကျတဲ့အပြင် အန္တရာယ်များတဲ့ အလှူရှင်တို့ရဲ့ အထက်အမိန့် အောက်ကနာခံစေဆိုတဲ့ မူမျိုးကိုပဲ ကျင့်သုံးချမှတ်နေတယ်လို့ ဆိုကြပါတယ်။


ကျွန်မတို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွဲအလုပ်လုပ်ရရင် ပရောဂျက်တွေ သူတို့ဖာသာသူတို့ ဆွဲထားပြီးသား ဖြစ်နေပြီ။ အဲဒီထဲမှာ ကိုက်အောင်ဝင်လုပ်ဖို့ပဲ ကျွန်မတို့ကို တွန်း‌တော့တာ။

ဒါဟာ လှိုင်းကြမ်းလေကြမ်း မြန်မာနိုင်ငံမှာ လက်တွေ့ အကျိုးဆက်တွေ အများကြီး ပေါ်ပေါက်စေပါတယ်။ ဥပမာ ပဋိပက္ခပေါ်ပေါက်နေတဲ့ ဒေသတွေမှာ ရှေ့တန်းကနေ ကူညီပံ့ပိုးမှု ဖြန့်ဝေထောက်ပံ့ဖို့ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို အထောက်အပံ့လုပ်တယ်လို့ သံသယရှိရင် ဖမ်းဆီးခံရမယ့် အန္တရာယ်ကြုံနိုင်တယ်ဆိုပြီး သ‌တိပေးထားတဲ့ကြားက အ‌ခြေခံစားသုံးကုန်တစ်ခုဖြစ်တဲ့ ဆန်ဝယ်ယူမှု ဈေးနှုန်းအဆိုပြုလွှာတွေ အများကြီးပေးဖို့ နိုင်ငံတကာ ကြားခံအဖွဲ့အစည်း ပေါင်းများစွာက တောင်းဆိုနေကြတုန်းပါပဲ။ အဲသလို လုပ်ရပ်တွေကြောင့် ပြည်တွင်း ကုန်ပစ္စည်းရောင်းချသူ တစ်ယောက်ကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့အကြောင်း အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ယောက်က ပြန်ပြောပြပါတယ်။


“ကျွန်မတို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွဲအလုပ်လုပ်ရရင် ပရောဂျက်တွေ သူတို့ဖာသာသူတို့ ဆွဲထားပြီးသား ဖြစ်နေပြီ။ အဲဒီထဲမှာ ကိုက်အောင်ဝင်လုပ်ဖို့ပဲ ကျွန်မတို့ကို တွန်း‌တော့တာ။” လို့ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်‌ယောက်က ပြောပြီး ရန်ပုံငွေ လက်ခံရာမှာ ပြည်တွင်းကြားခံအဖွဲ့တွေနဲ့ နိုင်ငံတကာ ကြားခံအဖွဲ့တွေကြားက ကွာခြားပုံကို ရှင်းပြပါတယ်။ “ပထမတစ်မျိုးက လွတ်လွတ်လပ်လပ် ပေးလုပ်တယ်။ နောက်တစ်မျိုးကတော့ ချည်ပြီးတုပ်ပြီးပဲ ပေးလုပ်တယ်”


တန်းတူရည်တူမရှိတဲ့စနစ်ကို ပြတ်ပြတ်သားသား ပြောင်းလဲဖို့လိုပြီ


မြန်မာနိုင်ငံမှာ ပြည်တွင်းကြားခံအဖွဲ့တွေရဲ့ကွန်ရက်သစ်အဖြစ် ဖွဲ့စည်းလိုက်တဲ့ NGO တွေဟာ အရပ်ဘက် အဖွဲ့အစည်း‌ငယ်တွေဆီ ငွေကြေးစီးဆင်းစေဖို့၊ အလှူရှင်တွေရဲ့ ရန်ပုံငွေနဲ့ သတ်မှတ်ချက်ကိုက်ညီရေး လုပ်ငန်းဆောင်တာတွေကို ကိုင်တွယ်ပေးဖို့၊ ဥပဒေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ၊ ကူညီပံ့ပိုးရေး ငွေကြေးတွေ လက်ခံရာမှာ ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ် ဖြစ်နိုင်ခြေတွေကို မျှထမ်းဖို့ ကိစ္စတွေမှာ အခရာကျတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေပါတယ်။


သူတို့ကွန်ရက်က ကူညီပံ့ပိုးမှုတွေ လိုအပ်နေတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေကို လက်လှမ်းမီနိုင်ဖို့ ဝိုင်းကူပြီး လိုအပ်နေတဲ့ ကူညီပံ့ပိုးမှုတွေကို ပြောင်းလွယ်ပြင်လွယ်ရှိရှိ ထင်ပေါ်မော်ကြွားမှုမဖက်ဘဲ ထောက်ပံ့သွားမှာဖြစ်သလို နိုင်ငံတကာအေဂျင်စီတွေ လုပ်သာကိုင်သာမရှိတဲ့ တင်းကျပ်သထက် တင်းကျပ်လာတဲ့ အခြေအနေတွေကို လွန်မြောက်ကူးဖြတ်ရမှာပါ။


အဲဒီ ပြည်တွင်းကြားခံအဖွဲ့တွေဟာ အဖွဲ့ငယ်လေးတွေအတွက် မိတ်ဖက်ဆိုလည်းဟုတ်၊ လမ်းပြသူ၊ ဦးဆောင်သူဆိုလည်း ဟုတ်ပါတယ်။ နိုင်ငံတကာကူညီပံ့ပိုးရေး ဗျူရိုကရေစီစနစ်ကြီးနဲ့ ကိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းကိုပဲ ကူညီတာထက် ပြည်တွင်းကြားခံအဖွဲ့အစည်းတွေက သူတို့ရဲ့မိတ်ဖက်အဖွဲ့တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြီးထွားဖွံ့ဖြိုးလာအောင် ကူညီနေကြတာပါ။ ဥပမာအားဖြင့် အဖွဲ့ငယ်လေးတွေ လက်လှမ်းမီဖို့လိုနေတာတွေ၊ အလှူရှင်ဆီက ရန်ပုံငွေကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်ဖို့ ကူညီပေးတာမျိုးတွေမှာပေါ့။


မြန်မာ့အရပ်ဘက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေအတွက်တော့ ... နိုင်ငံ့အနာဂတ်ကို ဆုံးဖြတ်ဖို့အခွင့်အရေး ဘယ်သူ့မှာရှိလဲဆိုတဲ့ အငြင်းအခုံနဲ့ တန်းတူရည်တူ အသိအမှတ်ပြုခံရရေးလိုအပ်ချက် အငြင်းအခုံတွေ ရှိနေပါတယ်။

မဖြစ်မနေလိုတာက ပြည်တွင်းကြားခံအဖွဲ့တွေဆီကနေ ရန်ပုံငွေစီးဆင်းစေဖို့ တိုက်တွန်းနှိုးဆော်မှုတွေဟာ ကူညီပံ့ပိုးရေး အစီအစည်တွေရဲ့ ထိရောက်မှု၊ အကျိုးဖြစ်မြောက်မှုသတ်သတ်ကို ရတာထက် မြန်မာ့ အရပ်ဘက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေအတွက်တော့ ကူညီပံ့ပိုးမှုတွေမှာ ပြည်တွင်းဦးစီးဦးဆောင်ပြုရေး (localisation)နဲ့ ကိုလိုနီလွှမ်းမိုးမှုကို ဖယ်ရှားရေး (decolonisation) တို့နဲ့ပတ်သက်တဲ့ အငြင်းအခုံတွေက အတော်နက်ရှိုင်းလာပါပြီ။ နိုင်ငံ့အနာဂတ်ကို ဆုံးဖြတ်ဖို့အခွင့်အရေး ဘယ်သူ့မှာရှိလဲဆိုတဲ့ အငြင်းအခုံနဲ့ တန်းတူရည်တူ အသိအမှတ်ပြုခံရရေးလိုအပ်ချက် အငြင်းအခုံတွေ ရှိနေပါတယ်။


“ပြည်တွင်း ဦးစီးဦးဆောင်ပြုမှုဆိုတာ ကူညီပံ့ပိုးမှုတွေ ထိရောက်စေရုံသက်သက်မကဘူး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ နိုင်ငံရေးတရားမျှတမှုအတွက်ပါ အရေးကြီးတယ်” လို့ လူသားချင်းစာနာကူညီမှုနဲ့ပတ်သက်လို့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဟူးဂိုးစလင်း ရေးဖူးပါတယ်။ မြန်မာနိုင်ငံအတွက်တော့ စစ်မှန်တဲ့ ပြည်တွင်းဦးစီးဦးဆောင်ပြုမှုဆိုတာ ပြည်တွင်း လူသားချင်းစာနာမှု ကူညီပံ့ပိုးရေးအဖွဲ့တွေ၊ အဖွဲ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းရဲ့ စနစ်ယန္တရားကျနမှုတွေကို အသိအမှတ်ပြုတာ၊ ကူညီပံ့ပိုးပြီး သူတို့ရဲ့ လူမှုပဋိညာဉ်တွေနဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ပုံဖော်နိုင်အောင် လုပ်ပေးတာပဲ ဖြစ်ရမှာပါ။


နိုင်ငံတကာကူညီပံ့ပိုးရေးစနစ်ကြီးဟာ တန်းတူရည်တူမရှိသလို တစ်ဖက်စောင်းနင်းလည်း ဖြစ်နေတာပါ။ ဒီအချက်ကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာကြလို့လည်း Grand Bargain နဲ့ Charter for Change တို့လို ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ ပေါ်လာခဲ့တာပါ။


ကူညီပံ့ပိုးရေးတွေမှာ ပြည်တွင်းက ဦးဆောင်ဦးရွက်ပြုရမယ်ဆိုတာကို ဒီကဏ္ဍမှာ လုပ်ကိုင်နေသူတွေ ကြားမှာ ကတိရှိထားပြီးသားပါ။ ဒါပေမဲ့ တိုးတက်မှုက သိပ်နှေးနေခဲ့တယ်။ တကယ်လို့ လူသားချင်းစာနာကူညီမှုတွေအတွက် ပါဝါမဏ္ဍိုင်အပြောင်းအလဲတစ်ခုကို ပြင်းပြင်းပြပြ လိုလားနေတာဆိုရင် အစဉ်အလာပုံစံတွေ၊ သက်ကယ်ရိုးနဲ့ ခေါင်းလောင်းထိုးပြီး ပြည်တွင်းက ဦးဆောင်ပါတယ်လို့ တံဆိပ်ကပ်ချဉ်းကပ်ပုံမျိုးတွေကို ချန်ထားရမယ့်အချိန်တန်ပါပြီ။


ဒီလိုလုပ်မယ်ဆိုရင် ပြည်တွင်းကြားခံအဖွဲ့အစည်းတွေကို တန်းတူမျှတူဖြစ်တဲ့ အခြေခံပေါ်ကနေ အသိအမှတ်ပြု လုပ်ကိုင်ကြဖို့ လိုပါတယ်။ ဘယ်သူက လက်ခံနိုင်စွမ်းပါဝါရှိပြီး ရန်ပုံငွေတွေကို လိုရာရောက်အောင် သွယ်တန်း ပို့ဆောင်ပေးနိုင်လဲဆိုတာ ပြန်သတ်မှတ်နိုင်မှသာ ဒီစနစ်ကြီးကို ပြောင်းလဲသွားစေမယ့် ခိုင်မာအားကောင်းတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာပါ။


ကုန်ကုန်ပြောရရင် မြန်မာနိုင်ငံက နိုင်ငံတကာကူညီပံ့ပိုးရေး အေဂျင်စီတွေရဲ့ မြေပြင်တွေ့ထိနိုင်မှုဟာ ကျုံ့လာခဲ့ပါပြီ။ ဒါပေမဲ့ သူတို့က လူသားချင်းစာနာမှု ကူညီပံ့ပိုးတဲ့ အလှူရှင်တွေရဲ့ ရန်ပုံငွေတွေကို ကြားခံအဖွဲ့တွေအဖြစ် ခွစီးမောင်းနှင်နေတုန်းပါပဲ။


ပြည်တွင်းအဖွဲ့တွေက ကြားခံအဖွဲ့တွေအဖြစ် ဆောင်ရွက်နိုင်စွမ်းရှိလာရင် နိုင်ငံတကာအဖွဲ့အစည်းတွေက သူတို့အခန်းကဏ္ဍ၊ သူတို့ပေးနိုင်တဲ့ တန်ဖိုးထားမှုတွေနဲ့၊ လုပ်ပိုင်ခွင့်အာဏာတွေကို အဓိပ္ပါယ်ရှိရှိ မျှဝေပေးမှုအတွက် ပြန်တွေးဆကြဖို့ မဖြစ်မနေ လိုအပ်လာမှာပါ။


မြန်မာနိုင်ငံက အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက ပြောတယ်။ “ခင်ဗျားတို့ရနေတဲ့ အခွင့်ထူးတွေကိုလည်း ဝေမျှပေးဖို့ လိုကောင်းလိုလာလိမ့်မယ်။ အခွင့်ထူးခံနေတာတွေကို ဝေမျှပေးတာမရှိဘဲနဲ့ ပြည်တွင်းဦးစီးဦးဆောင်ပြုမှုဆိုတာ ဖြစ်မလာနိုင်ပါဘူး” တဲ့။

 

အန်းဒဲကိုဘတ်စ်ဟာ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်က ဖွံ့ဖြိုးရေးဘာသာရပ် ကထိကတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ကူညီပံ့ပိုးရေးအစီအစဉ်တွေမှာ သုတေသီအဖြစ်နဲ့ရော ကျွမ်းကျင်သူအနေနဲ့ပါ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။


တာမာ့စ်ဝဲလ်ကတော့ ၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ သုတေသီ၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ အခြားရေးရာကိစ္စတွေမှာ ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး မဲလ်ဘုန်းတက္ကသိုလ်ရဲ့ မြန်မာသုတေသနကွန်ရက် ပူးပေါင်းဆောင်ရွက်ရေးမှူး ဖြစ်ပါတယ်။


The New Humanitarian ဟာ ကမ္ဘာတစ်လွှားက လူသားချင်းစာနာမှုအကျပ်အတည်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသူ လူသန်းပေါင်းများစွာအတွက် အကျိုးဆောင်နေတဲ့၊ အရည်အသွေးနဲ့ အမှီအခိုကင်းမှုကို အလေးထားတဲ့ စာနယ်ဇင်းတစ်ခုဖြစ်ပါတယ်။ www.thenewhumanitarian.org မှာ ပိုမိုသိရှိဖတ်ရှုနိုင်ပါတယ်။ ဒီဘလော့ဂ်ဟာ မူရင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်လို့ The New Humanitarian မှာ တာဝန်မရှိပါဘူး။

1,623 views7 comments
bottom of page