top of page

သုတေသန – ပြည်တွင်း-နိုင်ငံတကာ မိတ်ဖက်လက်တွဲမှု

INGO - LNGO ဆက်ဆံရေးမှာ ဘာတွေ ကြုံနေရလဲ


a report book and a pen on the table under the sun

CENCS က ပြီးခဲ့တဲ့လများအတွင်း သုတေသနတစ်ခုကို ပြုစုခဲ့ပါတယ်။ သုတေသနခေါင်းစဉ်က “Strengthening Partnerships: Enhancing International – Local NGO relationships for Localisation and Aid Effectiveness” (မိတ်ဖက်လုပ်ကိုင်မှုများ အားကောင်းရေး - ပြည်တွင်းဦးစီးဦးဆောင်မှုနှင့် နိုင်ငံတကာကူညီပံ့ပိုးမှု ထိရောက်ရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်း NGO များ၏ ဆက်ဆံရေးကို မြှင့်တင်ခြင်း) ဖြစ်ပါတယ်။ (အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့) သုတေသနအစီရင်ခံစာ အပြည့်အစုံကို ၂၀၂၄ ခုနှစ်၊ မေလမှာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ သုတေသန တွေ့ရှိချက်တွေကို နိုင်ငံတကာ အလှူရှင်နဲ့ ကြားခံအဖွဲ့အစည်းတွေကို တင်ပြပြီး ပြည်တွင်းအဖွဲ့အစည်းတွေအတွက် ကောင်းမွန်တဲ့အခင်းအကျင်းတွေ ဖြစ်လာအောင် တိုက်တွန်းဆော်ဩနေပါတယ်။ သုတေသနတွေ့ရှိချက်တချို့ကို ဒီဆောင်းပါးမှာ အနှစ်ချုပ်တင်ပြပါရစေ။


 

နိုင်ငံတကာ NGO တွေနဲ့ ပြည်တွင်း NGO တွေဟာ ကိုယ်စီအားသာချက်တွေကို ပေါင်းစပ်ပြီး လက်တွဲဆောင်ရွက်မှုတွေ လုပ်နိုင်ကြရင် နှစ်ကိုယ့်တစ်စိတ်ဆက်ဆံရေးတွေ တည်ဆောက်နိုင်ပါတယ်။ INGO တွေဟာ ကမ္ဘာတစ်လွှားကို လက်လှမ်းမီထိုးဖောက်လို့ ငွေကြေးရင်းမြစ်တွေ ယူဆောင်ပေးနိုင်ပြီး LNGO တွေက အခြေအနေတွေကို နားလည်သိမြင်မှုရှိရှိနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဒေသန္တရ ပိုင်နိုင်ကျွမ်းကျင်မှုတွေ ပေါင်းစပ်နိုင်ကြရင် သူတို့အကျိုးပြုရာ လူ့ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို စူးနေရာစူး၊ ဆောက်နေရာဆောက် ဖြည့်ဆည်းပေးနိုင်ကြမှာပါ။ ဒါပေမဲ့ သူတို့ကြားက သိမ်မွေ့ပွေလီတဲ့ ဆက်ဆံရေးထဲမှာ ပါဝါလွန်ဆွဲမှုတွေ၊ အသိပညာဖလှယ်မှုတွေ၊ ဆင့်ကဲကြီးမားလာတဲ့ ရည်ရွယ်မျှော်လင့်မှုတွေကလည်း ရောယှက်ပါဝင်နေပါတယ်။ သူတို့တွေရဲ့ မိတ်ဖက်လက်တွဲမှုတွေဟာ အကျိုးကျေးဇူးကောင်းတွေရှိတာ ငြင်းလို့မရနိုင်ပေမဲ့ ပွင့်လင်းမြင်သာမှု၊ ပါဝါမညီမျှမှုနဲ့ စွမ်းရည်မြှင့်တင်မှု အပိုင်းတွေမှာ စိန်ခေါ်မှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေဟာ ပြည်တွင်းရဲ့ လိုလားတောင့်တမှုတွေပေါ် လောင်းရိပ်မိုးပြီး၊ သာတူညီမျှမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတွေ ထွန်းကားအောင်လုပ်ကြရမယ့် အာဏာသိမ်းကာလ မြန်မာနိုင်ငံရဲ့ ဂေဟလောကထဲမှာ စိုးရိမ်သောကတွေ ပေါ်ပေါက်လာစေနိုင်ပါတယ်။


ပြည်တွင်းဦးစီးဦးဆောင်မှု ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရေးမှာ ဗျူရိုကရေစီ ဝန်ထုပ်ဝန်ပိုးတွေ၊ မူဝါဒပိုင်း ကွာဟမှုတွေ၊ မဟာဗျူဟာကျကျ စီမံကိန်းချမှတ်ဖို့ ပျက်ကွက်တာတွေ အပါအဝင် ဘက်စုံ၊ မျက်နှာစာစုံမှာ စိန်ခေါ်မှုတွေ ရှိနေတာပါ။

မိတ်ဖက်စစ်မှန်မှုနဲ့ ဘေးအန္တရာယ်ကျရောက်နိုင်ခြေတွေကို တစ်စိတ်တစ်ဝမ်းတည်း ရင်ဆိုင်မှု


INGO နဲ့ LNGO တွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေမှာ ပါဝါချိန်ခွင်လျှာမမျှတဲ့အခါ ပရောဂျက်တွေရဲ့ ရည်ရွယ်ချက်တွေ၊ နည်းနာတွေ၊ အချိန်ဇယားဆွဲတာတွေကို ဆုံးဖြတ်ရာမှာ INGO တွေက ပိုဩဇာညောင်းတဲ့အတွက် LNGO တွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတွေကို ထိခိုက်မှုရှိလာပါတယ်။ INGO တွေဟာ ကမ္ဘာနဲ့ဆက်သွယ်လုပ်ကိုင်နိုင်တာ၊ ငွေကြေးရင်းမြစ် သာလွန်တောင့်တင်းတာတွေကြောင့် မှီခိုအားကိုးဆက်ဆံရေးကြီး ဖြစ်လာပြီး LNGO တွေရဲ့ အကြံပြုတိုက်တွန်းမှု၊ ရှုမြင်သုံးသပ်မှုတွေကို မှေးမှိန်သွားစေနိုင်ပါသေးတယ်။ ပရောဂျက် လုပ်ဆောင်ချက်တွေကို ပူးပေါင်းကြရာမှာလည်း မြေပြင်မှာ လုပ်ငန်းဖော်ဆောင်၊ အန္တရာယ်ကျရောက်နိုင်ခြေတွေကို ရင်ဆိုင်နေရတဲ့ ပြည်တွင်း NGO ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အခြေအနေတွေဟာ INGO တွေမှာ ရာထူးတာဝန်တူ လုပ်ကိုင်နေသူတွေနဲ့ယှဉ်ရင် မိုးနဲ့မြေလို ကွာဟမှုတွေ ရှိနေပါတယ်။ ဘေးအန္တရာယ်ကျရောက်နိုင်ခြေကို မျှဝေရင်ဆိုင်မှု အားနည်းချက်ကြောင့် LNGO မိတ်ဖက်တွေဘက်က အားငယ်စိတ်ပျက်၊ အပစ်ပယ်ခံလို ခံစားရတာအပြင် သူတို့ရဲ့ မိတ်ဖက်ဆောင်ရွက်မှုတွေ၊ လက်တွဲပူးပေါင်းမှုတွေဟာ စစ်စစ်မှန်မှန်ရှိရဲ့လားဆိုတဲ့အပေါ် သံသယဝင်လာစေပါတယ်။ ဒါ့အပြင် အာဏာချိန်ခွင်လျှာ မမျှတဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်မှု၊ ရန်ပုံငွေကို သူသူကိုယ်ကိုယ် လက်လှမ်းမီမှုနဲ့ မိတ်ဖက်တွေကြား အပြန်အလှန် လေးစားတန်ဖိုးထားမှုကို ထိခိုက်နိုင်ပါတယ်။


တစ်ဖက်သတ် ဆုံးဖြတ်ချက်များနှင့် တောင်းဆိုမှုများ


ပရောဂျက်အတွက် ပူးပေါင်းဆောင်ရွက်ကြရာမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှုေ၊ တက်တက်ကြွကြွ တိုင်ပင်ဆွေးနွေးမှု အားနည်းချက်တွေကြောင့် INGO တွေဟာ အဓိကကျတဲ့ အနေအထားတွေကို ချုပ်ကိုင်ထားနိုင်တာ၊ တစ်ဖက်သတ် ဆုံးဖြတ်ချက်ချမှတ်နိုင်မှု ပါဝါတွေကို ရရှိလာနိုင်ပါတယ်။ ဒါ့အပြင် INGO တွေနဲ့ LNGO တွေကြားမှာ အဖွဲ့အစည်းပိုင်း စီမံခန့်ခွဲမှုမူဝါဒတွေ ကွာဟတာကြောင့် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ စိန်ခေါ်မှုတွေ ကြုံကြရပါတယ်။ INGO တွေ လက်ခံသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ အလိုက်အထိုက်ဖြစ်အောင် တိုက်တွန်းတာတွေကြောင့် LNGO တွေဟာ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုပုံစံတွေကို အလိုက်သင့် ပြောင်းလဲနိုင်ဖို့အတွက် အချိန်နဲ့ အင်အားရင်းမြစ်တွေ သိသိသာသာ စိုက်ထုတ်ကြရပါတယ်။


ပုံသေကားကျ စွမ်းရည်မြှင့်တင်မှုများ


LNGO တွေဟာ ကြံ့ကြံ့ခံနိုင်မှုတွေ၊ ရေရှည်တည်တံ့မှုတွေ ပိုကောင်းလာစေဖို့ သူတို့ရဲ့ အဖွဲ့တွင်းစနစ်ယန္တရားတွေနဲ့ ဆက်သွယ်ပြောဆိုမှုစနစ်တွေကို ပြင်လွယ်ပြောင်းလွယ်ရှိ၊ အားကောင်းခိုင်မာလာစေမယ့် ယဉ်ကျေးမှုတစ်ရပ် ထူထောင်ဖို့ ရည်သန်ကြပါတယ်။ တစ်ဖက်မှာတော့ INGO တွေက အလှူရှင်တွေရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့နဲ့ ပရောဂျက် အကောင်အထည်ဖော်မှု ချောမွေ့ဖို့ကို ဦးစားပေးပြီး LNGO တွေအတွက် စွမ်းရည်မြှင့်တင်မှု အစီအစဉ်တွေကို ပုံသေကားကျ သင်ရိုး၊ သင်ခန်းစာ၊ သင်ထောက်ကူတွေနဲ့ ရေးဆွဲတတ်ကြပါတယ်။ အဲသလို ပုံသေကားကျ ချဉ်းကပ်မှုတွေ ပုံအောသုံးစွဲတိုင်း LNGO တွေမှာ ရှုပ်ထွေးပွေလီတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပြီး ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ်ရှိရှိ ထည့်ဝင်ဆောင်ရွက်ပေးနိုင်စွမ်း ရှိသွားမှာတော့ မဟုတ်ပါဘူး။


တတ်သိပညာကို အစွမ်းကုန်အသုံးချခြင်း


INGO တွေနဲ့ LNGO တွေကြားက မိတ်ဖက်ဆောင်ရွက်မှုတွေဟာ အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းဖို့ တတ်သိပညာ ဖလှယ်ရေး အခင်းအကျင်းတွေဖန်တီးခြင်းအားဖြင့်လည်း လုပ်နိုင်ပါတယ်။ အပြန်အလှန်လေ့လာသင်ယူမှုဖြစ်စဉ် ရှိနေရင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေအကြောင်း INGO တွေ ပိုသိလာနိုင်ပြီး ချဉ်းကပ်မှုပုံစံတွေမှာ အနာအဆာကင်းအောင် လုပ်လာနိုင်ကြမှာပါ။ တစ်ဖက်မှာလည်း LNGO တွေက ကျွမ်းကျင်မှုအသစ်တွေ ရှိလာ၊ နိုင်ငံတကာနဲ့ ထိတွေ့နိုင်လာပြီး ဖန်တီးဆန်းသစ်မှုတွေနဲ့ ရေရှည်တည်တံ့မယ့် ဖြေရှင်းမှုတွေကို ဖော်ထုတ်နိုင်လာကြမှာပါ။ သမားရိုးကျနည်းတွေ၊ ဒါမှမဟုတ် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နည်းတွေကို သုံးနိုင်တာနဲ့အမျှ INGO တွေနဲ့ LNGO တွေကြားက ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတွေဟာ နှစ်ဘက်လုံးမှာ အသိအမြင်တိုးလာပြီး ပြောင်းလဲနေတဲ့ ပြည်တွင်းအခြေအနေတွေနဲ့ ကိုက်ညီအောင် လုပ်ကိုင်လာနိုင်ကြမှာ ဖြစ်ပါတယ်။


ရန်ပုံငွေအခွင့်အလမ်းကို လွှမ်းမိုးနေသော အကြောင်းတရားများ


LNGO တွေဟာ ပွေလီရှုပ်ထွေးတဲ့ ရန်ပုံငွေရရှိနိုင်မှုအခင်းအကျင်းကြီးထဲကို ရွက်လွှင့်မောင်းနှင်ရင်း အလှူရှင်တွေရဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ ရုန်းကန်နေကြရပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေနဲ့ ပုဂ္ဂလိက ဆက်ဆံမှုရှိတာ၊ အကျွမ်းတဝင်ရှိတာဟာ ရန်ပုံငွေ ခွဲဝေမှုမှာ မရှိမဖြစ်အရေးကြီးတဲ့အရာလို့ LNGO တွေ အများစုက ယုံကြည်လက်ခံနေကြောင်း ဒီလေ့လာချက်အရ တွေ့ရပါတယ်။ အကျိုးဆက်ကတော့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အခင်းအကျင်းမှာ ပြည်တွင်းအဖွဲ့တွေဟာ ရန်ပုံငွေသေချာဖို့ သူတို့ရဲ့ရှုထောင့်နဲ့ ထင်မြင်ခံယူချက်တွေကို ဈေးအဆစ်ခံမှ ဖြစ်မယ်ဆိုတဲ့ ဖိအားကို ခံစားလာကြရပါတယ်။


မမျှတလေသော ရန်ပုံငွေခွဲဝေသုံးစွဲမှု


INGO တွေဟာ ရန်ပုံငွေအခွင့်အလမ်းတွေ ပိုရကြပါတယ်။ ဒါပေမဲ့ နည်းနာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ထိရောက်တဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ အားနည်းကြတယ်ဆိုပြီး ယူဆသုံးသပ်ချက်တွေအပါအဝင် အကြောင်းပေါင်းစုံတို့ကြောင့် LNGO တွေကတော့ အထင်ကရ အလှူရှင်တွေဆီက ရန်ပုံငွေရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းကာလအတွင်း ဘဏ်စည်းမျဉ်းကန့်သတ်ချက်တွေနဲ့ အလှူရှင်တွေဆီ တိုက်ရိုက်ဆက်သွယ်နိုင်မှု ကင်းမဲ့တာတွေကြောင့် LNGO တွေဟာ သူတို့ရဲ့ တိုက်ရိုက်၊ သွယ်ဝိုက် အသုံးစရိတ်တွေကို လျှော့ချသုံးစွဲနေရပြီး စုစုပေါင်းဘတ်ဂျက်ပမာဏကို အပေးအယူ အလျှော့အတင်း လုပ်ဖို့ကိုပဲ ရွေးကြရပါတော့တယ်။


ပွင့်လင်းမြင်သာမှုနှင့် အလှူရှင်ထံ တာဝန်ခံမှု


ပွင့်လင်းမြင်သာမှုနဲ့ ဟင်းလင်းဖွင့်ထားတဲ့ ဆက်သွယ်ပြောဆိုမှုတွေဟာ ယုံကြည်မှုတည်ဆောက်ဖို့နိုင်ပြီး INGO နဲ့ LNGO တွေကြား ထိရောက်တဲ့ မိတ်ဖက်ဆောင်ရွက်မှုတွေကို အရှည်တည်တံ့စေတယ် ဆိုကြပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ခံမှုအတွက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ပုံတွေမှာ မျှတမှုမရှိရင်လည်း မိတ်ဖက်ဆောင်ရွက်မှုတွေ တိုးတက် ဖွံ့ဖြိုးလာဖို့ရော ထိန်းသိမ်းထားနိုင်ဖို့မှာပါ ထိခိုက်မှုရှိလာပါတယ်။ INGO တွေရဲ့ ရန်ပုံငွေ ခွဲဝေမှုစနစ်ဟာ LNGO တွေအတွင်း ကျင့်သုံးနေတဲ့ (အလှူရှင်အပေါ်) တာဝန်ခံမှုစနစ်ယန္တရားတွေ ဘယ်လောက် ပြည့်ဝကောင်းမွန်တယ် ဆိုတာနဲ့ အနုစိတ်အားဖြင့် ဆက်နွယ်နေပါတယ်။ ဒီသုတေသနအရ တွေ့ရှိရတာကတော့ (အလှူရှင်တွေထံ) တာဝန်ခံမှုကို နေရာပေးလွန်းတာဟာ မိတ်ဖက်ဆောင်ရွက်မှုတွေရဲ့ အကျိုးရလဒ် ဖြစ်ထွန်းမှုပေါ်မှာ လောင်းရိပ်ကျ နေပါတယ်။ INGO တွေရဲ့ အဲသလို ရန်ပုံငွေချထားပုံတွေ ပြောင်းလဲဖို့လိုနေပြီဖြစ်ကြောင်း ပါဝင်ဖြေကြားသူတွေက ထောက်ပြကြပါတယ်။ ဒီတော့မှသာ LNGO တွေအတွက် ပိုကျယ်ပြန့်တဲ့ တိုးတက်မှုတွေရှိလာပြီး ရေရှည်မှာ ထောင့်စုံဘက်စုံ တာဝန်ခံမှုတွေ ရှိလာမှာဖြစ်တယ်လို့ ဆိုကြပါတယ်။


ကတိကဝတ်များနှင့် လက်တွေ့အနေအထား


၂၀၂၀ ပြည့်နှစ်မှာ ပြည်တွင်းနဲ့ နိုင်ငံအခြေပြု ရန်ပုံငွေတောင်းခံလျှောက်ထားသူတွေဆီကို လူသားချင်းစာနာမှု ရန်ပုံငွေ အနိမ့်ဆုံး ၂၅ ရာခိုင်နှုန်း ခွဲတမ်းချပေးဖို့ (၂၀၁၆ ခုနှစ်မှာ အတည်ပြုခဲ့တဲ့) “မဟာညှိနှိုင်းမှုကြီး” (Grand Bargain) က ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာ့ လူသားချင်းစာနာမှု ရန်ပုံငွေရဲ့ ၃ ဒသမ ၁ ရာခိုင်နှုန်းကသာ ပြည်တွင်းနဲ့ နိုင်ငံအခြေပြု လျှောက်ထားတောင်းခံသူတွေဆီ တိုက်ရိုက်ရောက်ပါတယ်။ ပြည်တွင်းဦးစီးဦးဆောင်မှု အားကောင်းလာဖို့ မစားရ ဝ,မခန်း ပြောဆိုမှုတွေနဲ့ လက်တွေ့လုပ်ကိုင်မှုတွေကြားမှာ မိုးနဲ့မြေလို ကွာခြားတာက ရန်ပုံငွေလျှောက်လွှာ တင်တဲ့လုပ်ငန်းစဉ်ကတည်းက ရှိနေတော့ ပြည်တွင်းဦးစီးဦးဆောင်မှု ရည်မှန်းချက်ပန်းတိုင်ကို ပြည့်ပြည့်ဝဝ ပိုင်ပိုင်နိုင်နိုင် ရောက်ဖို့ အတားအဆီးပေါင်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်းဦးစီးဦးဆောင်မှု ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရေးမှာ ဗျူရိုကရေစီ ဝန်ထုပ်ဝန်ပိုးတွေ၊ မူဝါဒပိုင်း ကွာဟမှုတွေ၊ မဟာဗျူဟာကျကျ စီမံကိန်းချမှတ်ဖို့ ပျက်ကွက်တာတွေ အပါအဝင် ဘက်စုံ၊ မျက်နှာစာစုံမှာ စိန်ခေါ်မှုတွေ ရှိနေတာပါ။ ဒီစိန်ခေါ်မှုတွေ စုပေါင်းသွားတဲ့အခါမှာ လုံလောက်တဲ့ရန်ပုံငွေတွေကို ပြည်တွင်းအုပ်စုတွေလက်လှမ်းမီဖို့ ဖယ်ချန်ခံလိုက်ရသလို ဖြစ်သွားပါတယ်။ သုတေသနမှာ ပါဝင်ဖြေကြားသူ အများစုက ပြည်တွင်းဦးစီးဦးဆောင်မှု အောင်အောင်မြင်မြင် ဖြစ်ချင်ရင် စစ်မှန်ပြီး ဂရုတစိုက်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အရေးကြီးတယ်လို့ ထောက်ပြကြပါတယ်။


ဘာသာပြန်ရာမှာ လမ်းပျောက်ကျန်ရစ်ခြင်း


ဘာသာစကားကွာဟမှုဟာလည်း ပါဝါမညီမျှမှု ဖြစ်စေတဲ့အပြင် ခွဲခြားဖယ်ချန်ခံရတာတွေဆီ ဦးတည်သွားပြီး (ရန်ပုံငွေ) လျှောက်ထားတောင်းခံတဲ့အဆင့်ကအနေ ဆုံးဖြတ်ချက်ချမှတ်မှု အဆင့်အထိ INGO တွေက မျက်နှာသာရ၊ LNGO တွေကတော့ ကိုယ့်အသံလူမကြားဘူးဆိုတဲ့ ခံစားချက်တွေကို ရလာစေပါတယ်။ သာဓကဆောင်ရရင် နိုင်ငံတကာ ကျွမ်းကျင်ပုဂ္ဂိုလ်တွေ ဦးဆောင်စီစဉ်တဲ့ သင်ကြားရေးအစီအစဉ်တွေမှာ ဘာသာပြန်တဲ့သူကို ဘယ်လောက်ပဲ အားကိုးနေရပေမဲ့ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို လက်လွတ်သွားနိုင်ဆဲ ဖြစ်တဲ့အတွက် အမြဲထိရောက်မှု မရှိနိုင်ပါဘူး။ တစ်နည်းအားဖြင့်တော့ အဲဒီကိစ္စရပ်ကို ဖြေရှင်းဖို့ရာ ပိုထိရောက်ပြီး ရေရှည်အဆင်ပြေမယ့် နည်းလမ်းတစ်ခုအဖြစ် သင်တန်းပေးသူ လေ့ကျင့်ပျိုးထောင်ရေး (Training of Trainers – ToT) နည်းလမ်းကို ရွေးစရာရှိပါသေးတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြတဲ့ ဖြစ်စဉ်တွေမှာ ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်ရုံ သက်သက်နဲ့ ပညာရပ် တတ်သိပညာရှင်မဖြစ်နိုင်တာကြောင့် လူပုဂ္ဂိုလ်အလိုက် အရည်အချင်းပိုင်းဆိုင်ရာကို သုတေသနမှာ ပါဝင်ခဲ့သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။


 

အထက်မှာ ဖော်ပြခဲ့တဲ့ သုတေသနပြု တွေ့ရှိချက်တွေပေါ်မှာ အခြေခံပြီး အလှူရှင်နိုင်ငံနဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း NGO အဖွဲ့တွေအတွက် အကြံပြုချက် ၇ ရပ်ကို သုတေသနစာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

သုတေသနစာတမ်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) ကို ဒီလင့်ခ်မှာ၊ အနှစ်ချုပ် (မြန်မာဘာသာ) ကို ဒီလင့်ခ်မှာ ဒေါင်းလုပ်ရယူပြီး ဖတ်ရှုနိုင်ပါတယ်။

200 views3 comments
bottom of page