top of page
လင်းပိုင်

ကွတ်ကီးတွေကို လက်ခံသင့်သလား

ဝက်ဘ်ဆိုက်ထဲက ကွတ်ကီးတွေကို ဘယ်လိုနားလည်ရမလဲ


a graphic illustration of a real cookie and coffee mug on the computer files background

ဝက်ဘ်ဆိုက်တစ်ခုကို ဝင်လိုက်တဲ့အခါ “ဤဝက်ဘ်ဆိုက်သည် ကွတ်ကီး အသုံးပြုထားပါသည်။” (This site uses cookies) ဆိုတဲ့ မက်ဆေ့ချ်လေးပေါ်လာတာ အားလုံးမြင်ဖူးကြမယ်ထင်ပါတယ်။ အွန်လိုင်းလုံခြုံမှုကို သတိထားနေရတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီကွတ်ကီးတွေကို လက်ခံရကောင်းနိုး၊ လက်မခံရကောင်းနိုး ဇဝေဇဝါ ဖြစ်တတ်ကြတာလည်း သဘာဝကျပါတယ်။ ဒါကြောင့် ကွတ်ကီးတွေအကြောင်း အခြေခံ သိထားသင့်သလောက် ရှင်းပြဆွေးနွေးပါရစေ။


ကွတ်ကီးတွေ ဘယ်လိုအလုပ်လုပ်သလဲ


ကွတ်ကီးအသုံးပြုမှုကို လက်ခံပါသည်၊ လက်မခံပါ၊ (တချို့ဝက်ဘ်ဆိုက်တွေမှာ) လိုအပ်သမျှသာ လက်ခံပါသည်ဆိုတာ ရွေးပေးနိုင်ပါတယ်။ လက်ခံပါတယ်လို့ ရွေးလိုက်ရင် ဝက်ဘ်ဆိုက်တွေက ကိုယ်သုံးနေတဲ့ ဝက်ဘ်ဘရောက်ဇာ (Web browser) ဆော့ဝဲထဲမှာ ကွတ်ကီးလို့ခေါ်တဲ့ ဖိုင်ငယ်လေးတွေကို မှတ်သား သိမ်းဆည်းထားလိုက်မှာပါ။ အဲဒီ ကွတ်ကီးဖိုင်လေးတွေဟာ ဝက်ဘ်ဆိုက်ကြည့်ရှုသုံးစွဲမှု အလေ့အထတွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး ခြေရာခံဖို့ သုံးတာပါ။ စုဆောင်းထားတဲ့ အချက်အလက်တွေကို ကိုယ်ဝင်ကြည့်ခဲ့တဲ့ (ကွတ်ကီးအသုံးပြုမှု လက်ခံလိုက်တဲ့) ဝက်ဘ်ဆိုက်ဆီ ပြန်ပို့လိုက်ပါတယ်။


ဝက်ဘ်ဆိုက်တစ်ခုကို ဝင်သုံးစွဲဖို့အရေး ကွတ်ကီးတွေနဲ့ ဘယ်လောက်ပဲစိတ်ရှုပ်ရဦးတော့ အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေကိုကာကွယ်ဖို့ မပေါ့မဆ သတိထားသင့်ပါတယ်

ဘယ်လို ကွတ်ကီးအမျိုးအစားတွေ ရှိလဲ


ကွတ်ကီးတွေကို အမျိုးအစားလေးမျိုး ခွဲခြားနိုင်ပါတယ်။

  • First-party ကွတ်ကီး - ဝက်ဘ်ဆိုက်ပိုင်ရှင်က တိုက်ရိုက် သိမ်းဆည်းထည့်သွင်းထားတဲ့ ကွတ်ကီးတွေကို first-party ကွတ်ကီးလို့ ခေါ်ကြပါတယ်။

  • Thirty-party ကွတ်ကီး - ဝက်ဘ်ဆိုင်ပိုင်ဆိုင်သူက ထည့်သွင်းသိမ်းဆည်းထားတာ မဟုတ်တဲ့ thirty-party ကွတ်ကီးတွေကိုတော့ အများအားဖြင့် ကြော်ငြာထည့်သွင်းလိုတဲ့ လုပ်ငန်းတွေက ထည့်သုံးကြပါတယ်။

  • Flash ကွတ်ကီး - Flash ကွတ်ကီးတွေကိုတော့ Super ကွတ်ကီးလို့လည်း အသိများကြပြီး ကြော်ငြာနဲ့ ဗီဒီယိုတွေအတွက် သုံးပါတယ်။

  • Zombie ကွတ်ကီး - Zombie ကွတ်ကီးတွေက flash ကွတ်ကီးအမျိုးအစားပဲဖြစ်ပြီး အွန်လိုင်းဂိမ်းတွေက ကစားသူတွေ လိမ်လည်အမြတ်မထုတ်နိုင်အောင် သုံးကြပေမယ့် အဖျက်အမှောင့်ဆော့ဝဲတွေ ထည့်သွင်းဖို့လည်း မသမာသူတွေက သုံးတတ်ကြပါတယ်။


ကွတ်ကီးတွေကို လက်ခံတာ မကောင်းဘူးလား


ဒီမေးခွန်းအတွက် အဖြေကတော့ ကိုယ်သုံးတဲ့ (ဝင်ကြည့်တဲ့) ဝက်ဘ်ဆိုက်ပေါ်မှာပဲ မူတည်ပါတယ်။ အသုံးပြုသူရဲ့ အချက်အလက်တွေကို ဘယ်သူတွေ သုံးစွဲခွင့်ရမလဲ၊ အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ နောက်တစ်ချက်က ကွတ်ကီးတွေကို လက်မခံရင် ဝက်ဘ်ဆိုက်သုံးရာမှာ ဘယ်လိုထိခိုက်မလဲဆိုတဲ့ အချက်လည်း ရှိပါသေးတယ်။


အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ကွတ်ကီးအားလုံးဟာ အလုပ်လုပ်ပုံ မတူပါဘူး။ အချို့ကွတ်ကီးတွေကို ကိုယ်သုံးတဲ့ ဝက်ဘက်ဆိုက်က ဖန်တီးနေရာချထားတာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ထဲမှာ ဝင်မွှေရတာ အဆင်ပြေအောင် (ဘာသာစကား၊ သုံးရတာအဆင်ပြေအောင် အရောင်သတ်မှတ်ချက် စသဖြင့်) မှတ်သားသတ်မှတ်ချက်တွေ လုပ်ပေးဖို့၊ (ဈေးဝယ်ဝက်ဘ်ဆိုက်တွေမှာ) ဈေးခြင်းတောင်းထဲ ဝယ်မယ့်ပစ္စည်းတွေ မှတ်သားသိမ်းဆည်းထားဖို့ စသဖြင့် သုံးကြတာပါ။


ကျန်တဲ့တခြားကွတ်ကီးတွေကတော့ ကြော်ငြာရှင်တွေလို တတိယပါဝင်သူ (ဝင်ရောက်ကြည့်ရှုတဲ့ ဝက်ဘ်ဆိုက်မဟုတ်တဲ့ အခြားအဖွဲ့အစည်းတစ်ခု)က သိမ်းဆည်းနေရာချထားကြတာ ဖြစ်ပါတယ်။ ဒီဂျစ်တယ်ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းတွေမှာ ကြော်ငြာကွတ်ကီးတွေက အဓိကနေရာယူထားတာ ကြာပါပြီ။ ဥပမာ - Facebook မှာ ကုန်ပစ္စည်းကြော်ငြာတစ်ခု တွေ့တယ်ဆိုပါစို့။ အဲဒီကြော်ငြာကိုကလစ်နှိပ်၊ ကုန်ပစ္စည်းရဲ့ ဝက်ဘ်ဆိုက်ကို ဝင်လိုက်မယ်၊ ဈေးဝယ်ခြင်းထဲကို ပစ္စည်းတစ်ခုလောက် ထည့်လိုက်မယ်၊ တကယ်တမ်းမဝယ်ဖြစ်ဘဲ ဝက်ဘ်ဆိုက်ကိုပိတ်လိုက်မယ်ဆို အဲဒီအသုံးပြုသူဟာ တခြားဝက်ဘ်ဆိုက်တွေရဲ့ ဆင်တူကုန်ပစ္စည်းတွေကြော်ငြာတွေကို စမြင်တွေ့ရတော့မှာပါ။ ဘာကြောင့်လဲဆိုရင် third-party ကွတ်ကီးတွေဟာ အသုံးပြုသူရဲ့ သုံးစွဲပုံအလေ့အထတွေကို စောင့်ကြည့်ပြီး ကြော်ငြာတွေကို ဝက်ဘ်ဆိုက် တစ်ခုတည်းမှာ ပြသရုံတင်မက အခြားဝက်ဘ်ဆိုက်တွေမှာပါ ပြသပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ကုန်ပစ္စည်းတွေကို ဝက်ဘ်ဆိုက်အများအပြားမှာ အမြဲမြင်တွေ့နေရအောင် third-party ကွတ်ကီးတွေကို သုံးကြပါတယ်။


ကွတ်ကီးတွေလက်ခံဖို့ ဝက်ဘ်ဆိုက်တွေက ဘာကြောင့်မေးသလဲ


အွန်လိုင်းအချက်အလက် ခြေရာခံခြင်းနဲ့ ပွင့်လင်းမြင်သာမှုတွေကို ထိန်းကျောင်းစီမံဖို့ ပြဋ္ဌာန်းထားတဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတွေကို လိုက်နာတဲ့အနေနဲ့ “ကွတ်ကီးတွေကို လက်ခံမလားလို့” အသုံးပြုသူတွေကို မေးမြန်းကြတာ ဖြစ်ပါတယ်။ အဲဒီဥပဒေကို ဥရောပ အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဉ်း (European General Data Protection Regulation, GDPR) လို့ ခေါ်ပါတယ်။ ဒီစည်းမျဉ်းဥပဒေအရ နိုင်ငံစုံကုမ္ပဏီတွေဟာ သူတို့ရဲ့ဝက်ဘ်ဆိုက်အသုံးပြုသူတွေ web browser ထဲမှာ ကွတ်ကီးတွေ မသိမ်းဆည်းခင် ခွင့်ပြုချက်တောင်း မေးဖို့လိုပါတယ်။ အချက်အလက်တွေကို အသုံးပြုသူတွေက ပိုထိန်းချုပ်ခွင့်ရပြီး ဝက်ဘ်ဆိုက် ပိုင်ဆိုင်သူတွေက အချက်အလက်တွေရယူမယ်ဆိုတာ အသိပေးနိုင်ဖို့လည်း ဖြစ်ပါတယ်။ ဒီလို အသိပေး အကြောင်းကြားချက်ဖော်ပြရမယ့် စည်းကမ်းကို မလိုက်နာတဲ့ ဝက်ဘ်ဆိုက်ပိုင်ရှင်တွေဟာ ဒဏ်ကြေး ပေးဆောင်ရနိုင်ပါတယ်။


ကွတ်ကီးတွေကို လက်ခံလိုက်ရမလား


ကွတ်ကီးတွေကို လက်ခံသင့်၊ မသင့်ဆိုတာနဲ့ ပတ်သက်လို့ စဉ်းစားရမယ့်အချက်တွေ ရှိပါတယ်။

  • ကွတ်ကီးတွေကို လက်ခံမှ ဖြစ်မှာလား - တိုတိုဖြေရရင်တော့ လက်မခံလည်း ဖြစ်ပါတယ်။ ကိုယ့်အချက်အလက်နဲ့ ဝက်ဘ်ဆိုက်ကြည့်ရှုမှုရာဇဝင်တွေကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ GDPR လို စည်းမျဉ်းတွေက ပြဋ္ဌာန်းပေးထားပါတယ်။

  • ကွတ်ကီးတွေကို လက်မခံရင် ဘာဖြစ်မလဲ - ကွတ်ကီးတွေလက်ခံဖို့ ငြင်းဆိုလိုက်ရင် ဖြစ်နိုင်တဲ့ ပြဿနာကတော့ တချို့ဝက်ဘ်ဆိုက်ပိုင်ရှင်တွေဟာ သူတို့ဝက်ဘ်ဆိုက်ကို ပေးမသုံးတော့တာ၊ တချို့ဝက်ဘ်ဆိုက်တွေကို ပြည့်ပြည့်ဝဝ အသုံးမချနိုင်တာတွေ ဖြစ်နိုင်ပါတယ်။


ကွတ်ကီးတွေလက်ခံရင် ဒါတွေအတွက် အသုံးကျပါတယ်


တချို့အခြေအနေတွေမှာ ကွတ်ကီးတွေကို လက်ခံခြင်းအားဖြင့် အသုံးဝင်နိုင်တာတွေ ရှိပါတယ်။ ကွတ်ကီးတွေဟာ ဝက်ဘ်ဆိုက်အမည်၊ အသုံးပြုသူရဲ့ သီးသန့်အမှတ်အသား၊ အသုံးပြုမှု အလေ့အထနဲ့ ရာဇဝင်၊ တစ်ကိုယ်ရေ သတ်မှတ်လိုလားမှုတွေနဲ့ စိတ်ဝင်စားမှုတွေ၊ ကလစ်လုပ်လိုက်တဲ့ လင့်ခ်တွေ၊ ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ကြည့်တဲ့ အကြိမ်ရေ၊ ဝက်ဘ်ဆိုက်ကို ကြည့်ရှုတဲ့ ကြာချိန်၊ ရွေးချယ်လိုက်တဲ့ ချိန်ညှိပြင်ဆင်ချက်တွေ၊ Username၊ password အပါအဝင် Log-in အချက်အလက်တွေ၊ (GPS location ဖွင့်လှစ်ထားခဲ့ရင်) အသုံးပြုသူရဲ့ တည်နေရာနဲ့ IP address၊ အသုံးပြုသူရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာ၊ ဈေးဝယ်ခြင်းတောင်းထဲက ပစ္စည်းတွေ စတဲ့ အချက်အလက်တွေကို ကွတ်ကီးထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။


ဒီအချက်အလက်တွေကို သိမ်းထားမှတ်ထားတဲ့အတွက် ဝက်ဘ်ဆိုက်ပိုင်ရှင်ဘက်က အားသာချက်ရှိနိုင်သလို အသုံးပြုသူအတွက်လည်း ကောင်းကျိုးတွေရှိနိုင်ပါတယ်။ ကွတ်ကီးတွေကို လက်ခံလိုက်လို့ ရနိုင်တဲ့ အကျိုးပြုချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

  • ဝက်ဘ်ဆိုက် အသုံးပြုမှု - ပထမဆုံး အကျိုးကျေးဇူးကတော့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ အချို့ ဝက်ဘ်ဆိုက်တွေဟာ ကွတ်ကီးတွေကို လက်မခံရင် အသုံးပြုခွင့် မပေးပါဘူး။

  • အသုံးပြုသူအတွက် လွယ်ကူအဆင်ပြေစေမှု - ကွတ်ကီးတွေက အသုံးပြုသူကို မှတ်မိနေတဲ့အတွက် လွယ်ကူ အဆင်ပြေတာတွေ ရှိပါတယ်။ ဥပမာ - အွန်လိုင်းကဈေးဝယ်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေမှာ ဈေးခြင်းတောင်းထဲ ထည့်ထားပြီး မဝယ်ရသေးတဲ့ ပစ္စည်းတွေကို မှတ်ထားပေးနိုင်ပါတယ်။ ဝက်ဘ်ဆိုက်တွေကို သုံးရလွယ်အောင် ချိန်ညှိထားတာတွေ (ဥပမာ - ဘာသာစကားသတ်မှတ်ချက်) ရှိရင် ဝက်ဘ်ဆိုက်တစ်ခါဝင်ကြည့်တိုင်း တစ်ခါ ပြင်နေစရာ မလိုတော့ပါဘူး။

  • လွယ်ကူတဲ့ Log-in - Web browser မှာ သိမ်းထားတဲ့ ကွတ်ကီးတွေမှာ log-in အချက်အလက်တွေလည်း ပါ,ပါတယ်။ ထပ်ခါတလဲလဲ ဝင်ရောက်အသုံးပြုတဲ့ ဝက်ဘ်ဆိုက်တွေမှာ username နဲ့ password တွေ ရိုက်ထည့်နေစရာမလိုဘဲ အလွယ်တကူ ဝင်သုံးနိုင်ပါတယ်။


ကွတ်ကီးတွေကို လက်မခံသင့်တဲ့ အခြေအနေများ


ကွတ်ကီးတွေကို လက်ခံလို့ အကျိုးမရှိတဲ့၊ လက်မခံသင့်တဲ့ အခြေအနေတွေကိုလည်း နားလည်ထားသင့်ပါတယ်။ အဲဒါတွေကတော့ -

  • Encrypt မလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ - ဝက်ဘ်ဆိုက်လိပ်စာရဲ့ဘေးမှာ သော့ပွင့်/ပျက်နေတဲ့ ပုံ (ဒါမှမဟုတ် ပုံမှာနမူနာတချို့ ပြထားသလို) တွေ့ရင် အဲဒီဝက်ဘ်ဆိုက်ဟာ Encrypt မလုပ်ထားပါဘူး။ encrypt လုပ်မထားတဲ့ ဝက်ဘ်ဆိုက်တွေမှာ သုံးနေသူရဲ့ အချက်အလက်တွေဟာ အကာအကွယ် မရှိပါဘူး။ အကာအကွယ်မရှိလို့ Hacker တွေက အသုံးပြုသူရဲ့ web browser ထဲက ကွတ်ကီးတွေခိုးပြီး အရေးကြီးအချက်အလက်တွေကို ခိုးယူသုံးစွဲနိုင်ပါတယ်။

three screenshot pieces of a insecure website link
  • Third-party ကွတ်ကီးတွေ - Third-party ကွတ်ကီးတွေကတော့ လက်မခံလေ ကောင်းလေပါပဲ။ အဲဒီ ကွတ်ကီးတွေကိုလက်ခံလိုက်ရင် ဝင်ရောက်အသုံးပြုတဲ့ဝက်ဘ်ဆိုက်က ကိုယ့်အသုံးပြုမှု အချက်အလက်တွေကို third-party တွေကို ရောင်းချတာမျိုး ဖြစ်နိုင်ပါတယ်။ ဘယ် third-party တွေကိုပဲ ပေးသုံးမယ်ဆိုတာ မရွေးနိုင်တော့လို့ ကိုယ့်အချက်အလက်တွေကို ကိုယ်တိုင်မထိန်းချုပ် နိုင်တော့တာကြောင့် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

  • ကွန်ပျူတာ နှေးသွားမယ် - ကိုယ့် browser ထဲမှာ ကွတ်ကီးတွေ ထပ်ခါထပ်ခါ သိမ်းတာများလာရင် ကွန်ပျူတာ အလုပ်လုပ်တာ နှေးလာမှာပါ။ Hard disk ထဲမှာ ကွတ်ကီးတွေ နေရာယူချိန်ကြာလေ ကွန်ပျူတာ နှေးလေပါပဲ။ (အောက်ပုံမှာ ပြထားသလို) Browser ရဲ့ setting ထဲမှာ cookie တွေကို ရှင်းလိုက်ရင်တော့ ဝက်ဘ်ဆိုက်တွေမှာ log-out ဖြစ်သွားပြီး log-in ပြန်ဝင်ပေးဖို့ လိုလာမှာပါ။ သိမ်းထားတဲ့ username နဲ့ password တွေကို ဖျက်ပစ်တဲ့ထဲ ပါမသွားအောင် သတိထားသင့်ပါတယ်။

a web browser setting to manage cookies
  • အန္တရာယ်ရှိကွတ်ကီးတွေ - Antivirus software တွေက သံသယဖြစ်စရာ ကွတ်ကီးတွေကို သတိပေးနိုင်ပါတယ်။ ဒီလိုသတိပေးလာရင် အဲဒီကွတ်ကီးတွေကို လက်မခံသင့်ပါဘူး။ လက်ခံမိထားရင်လည်း ဖျက်ပစ်သင့်ပါတယ်။

  • ကိုယ်ရေးသတင်းအချက်အလက် အသုံးပြုမှု - ဘဏ်လုပ်ငန်းအချက်အလက်လို အရေးကြီး ကိုယ်ရေး အချက်အလက်တွေ ပေးရမယ်ဆိုရင် ကွတ်ကီးတွေ လက်မခံတာ ပိုကောင်းပါတယ်။ ဒီလို အချက်အလက်တွေကို တစ်ဦးချင်းခွဲခြားမှတ်သားနိုင်တဲ့ အချက်အလက်တွေ (Personal Identifiable Information – PII) လို့ ခေါ်ပါတယ်။ မသမာသူတွေသာ ဒီလိုအချက်အလက်တွေ ရသွားရင် ကိုယ်ပိုင်အမှတ်အသား ခိုးယူသုံးစွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ မဖြစ်မနေပေးဖို့လိုအပ်တဲ့ အခြေအနေကလွဲလို့ လုံးဝမပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်တစ်ခုကို ဝင်သုံးစွဲဖို့အရေး ကွတ်ကီးတွေနဲ့ ဘယ်လောက်ပဲစိတ်ရှုပ်ရဦးတော့ အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေကိုကာကွယ်ဖို့ မပေါ့မဆ သတိထားသင့်ပါတယ်။ Antivirus နဲ့ Firewall ဆော့ဖ်ဝဲတွေ သုံးပြီးတော့လည်း သံသယဖြစ်စရာဖိုင်တွေနဲ့ အင်တာနက်ချိတ်ဆက်မှုတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ထားသင့်ပါတယ်။


နိဂုံးချုပ်ရရင် ကွတ်ကီးတွေထဲမှာ လက်ခံသင့်တာရော၊ လက်မခံသင့်တာပါရှိတယ်။ ဝက်ဘ်ဆိုက်တစ်ခုချင်းရဲ့ သဘာဝပေါ်မူတည်ပြီး ကွတ်ကီးတွေက ကွဲပြားနေနိုင်တယ်။ ဒီအတွက် ကွတ်ကီးတွေရဲ့သဘာဝကို နားလည်ပြီး လုံခြုံမှုကို ထိခိုက်နိုင်တဲ့ ကွတ်ကီးတွေကို လက်မခံဖို့၊ ရှောင်ရှားဖို့ သတိထားသင့်ပါကြောင်း။

1,072 views3 comments

3 comentarios


Invitado
11 oct 2023

ကျေးဇူးပါစာရေးသူ

Me gusta

Invitado
10 oct 2023

ချိတ်မရှိနဲပနော်ကွတ်ကီးဆိုရွှေပုန်ဇါန်ကကွတ်ကိပဲသိတယ်။

Me gusta

Invitado
05 oct 2023

အဲဒီလိုတွေပေါ်လာတိုင်း လက်မခံဖြစ်ခဲ့တာ များပါတယ်။

Me gusta
bottom of page