top of page
ခူးဂလယ်

သတင်းလွှာ၏ ကောင်းခြင်းဆယ်ပါး

သတင်းလွှာတစ်ခုရဲ့ ကောင်းမွန်မှုတွေကို ဘယ်အရည်အချင်းတွေနဲ့ တိုင်းတာမလဲ


သတင်းမီဒီယာတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ တိုးတက်ဖြစ်ထွန်းမှုကိုရော အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေကိုပါ ‌မျက်ခြေမပြတ် ရှိခဲ့ကြတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာရော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေ၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာပါ သတင်းစာတွေနဲ့ သတင်းစာဆရာတွေရဲ့ အခန်းကဏ္ဍကို ချန်ထားခဲ့လို့ မဖြစ်ပါဘူး။



ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းမှာ လွတ်လပ်တဲ့မီဒီယာတွေ၊ သတင်းဌာနတွေ ရပ်တည်နိုင်ဖို့ ခက်ခဲတဲ့အနေအထားတွေကို ရင်ဆိုင်ခဲ့ကြရတယ်။ သတင်းစာဆရာတွေဟာလည်း ကြီးမားတဲ့ ‌ခြိမ်းခြောက်မှုတွေ ကြုံခဲ့ကြရတာ အားလုံးသိတော်မူတဲ့အတိုင်းပါပဲ။ လမ်းဘေး ဂျာနယ်ဆိုင်လေးတွေမှာ မြင်နေကျ သတင်းစာတွေကို မတွေ့ရတော့တဲ့အခါတိုင်း လွမ်းမိတယ်။ သတင်းတွေသိရဖို့အတွက် လူမှုကွန်ရက်နဲ့ အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တွေကို အားကိုးရတယ်။ လုပ်စရာကိုင်စရာ ကိစ္စတွေများပြားတဲ့အခါ လွတ်တဲ့သတင်းတွေက လွတ်ပြန်ရော။


မိုးထဲရေထဲမှာ သတင်းလွှာတစ်စောင်ကို ပုံမှန်ထွက်နိုင်အောင် ... ရင်းမြစ်အကန့်အသတ်တွေကြားမှာ လုပ်ဆောင်ကြရတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။

ဒီလိုအချိန်မှာ သတင်းလွှာတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာကြတယ်။ အကြောင်းအရာ နယ်ပယ်အလိုက် လေ့လာစောင့်ကြည့်ပြီး သတင်းလွှာတွေ ထုတ်ဝေလာကြတာကိုလည်း မြင်ရတယ်။ တကယ်တော့ သတင်းလွှာတွေဆိုတာ သတင်းစာတွေ မပေါ်မီခေတ်ကာလတွေကတည်းက လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးဖို့ ရှိနေခဲ့ကြတာပါ။


မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ လိုအပ်ချက်ရှိတဲ့အလျောက် သတင်းလွှာတွေ ထုတ်လာကြတာ ဝမ်းနည်းစရာတွေကြားက ဝမ်းသာစရာပေါ့။ ဘာပဲဖြစ်ဖြစ် ခုလိုအချိန်မှာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးကောင်းတွေ ဖြစ်ပေါ်လာအောင် အားထုတ်ကြိုးပမ်းနေသူတွေရဲ့ သတင်းလိုအပ်ချက်ကို ဖြည့်စွမ်းပေးတဲ့ သတင်းလွှာတွေကို ကျေးဇူးတင်မိတာ အမှန်ပါပဲ။


သတင်းလွှာအမျိုးမျိုးကို လေ့လာကြည့်တဲ့အခါ အားသာချက်၊ အားနည်းချက်လေးတွေ ကိုယ်စီရှိကြတာ သတိထားမိပါတယ်။ မိုးထဲရေထဲမှာ သတင်းလွှာတစ်စောင်ကို ပုံမှန်ထွက်နိုင်အောင် လူသားရင်းမြစ်၊ ငွေကြေးနဲ့ ပစ္စည်းကိရိယာ ရင်းမြစ်အကန့်အသတ်တွေကြားမှာ လုပ်ဆောင်ကြရတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။ ဒါကြောင့် သတင်းလွှာ‌တစ်ခုရဲ့ အရည်အသွေး‌ကို တိုင်းတာရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ ရှုထောင့်အချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးလိုက်ရပါတယ်။


၁။ တိကျမှု - သတင်းလွှာတစ်စောင်ကောင်းမကောင်း ထိပ်ဆုံးက တိုင်းတာရမယ့်ကိစ္စက တိကျမှုပဲ။ ရနိုင်သမျှ ရည်ညွှန်းကိုးကားချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး တိကျတဲ့၊ မြေပြင်နဲ့ ကိုက်ညီနီးစပ်တဲ့ သတင်းအချက်အလက်တွေကို တင်ပြနိုင်မှသာ ဖတ်ရှုသူတွေဟာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်မှာပေါ့။ ဒီအတွက် တိကျမှုဟာ မဖြစ်မနေ လိုအပ်ချက်ပဲ။


၂။ ဓမ္မဓိဋ္ဌာန်ကျမှု - ဘက်လိုက်ပြီးရေးထားတဲ့၊ ဒီဘက်ကအကြောင်း ကောင်းတာပဲရေး၊ ဟိုဘက်က အကြောင်းဆို တစ်ခုမှ ရစရာမရှိအောင်ရေးထားရင် ဝါဒဖြန့်ချိရေးအတွက် ကောင်းချင် ကောင်းလိမ့်မယ်။ ရသမျှသတင်းတွေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဆိုတာ သမာသမတ် ကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ ရှိဖို့လိုပါတယ်။ မပြည့်စုံတဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံလိုက်ရင် ဆုံးဖြတ်ချက်တွေ လွဲချော်ပြီး ခက်ခက်ခဲခဲ ကြိုးစားအားထုတ် လုပ်ကိုင်မှုတွေ သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။


၃။ အချိန်နဲ့တပြေးညီဖြစ်မှု - ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ အကြောင်းအရာတွေကို သိရှိဖို့ဆိုရင် အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေဟာ အလာကောင်းပေမယ့် အခါ‌မနှောင်းဖို့ လိုတာပါပဲ။


၄။ ရှင်းလင်းလွယ်ကူမှု - သတင်းလွှာတွေကို ဖတ်ရှုသူတွေအများစုဟာ အချိန်ဆင်းရဲရှာကြပါတယ်။ ‌‌အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို အချိန်နဲ့အမျှ ချမှတ်ရတာ၊ စီမံခန့်ခွဲရတာတွေကြောင့် ပညာရပ်ဆန်ဆန် ဧရာမစကားလုံးကြီးတွေနဲ့ ကိုင်ပေါက်တာထက် ရိုးရိုးရှင်းရှင်းဖတ်လွယ်ဖို့၊ အဓိပ္ပါယ်ကောက်ရမခက်ဖို့ လိုပါတယ်။


၅။ ဆီလျော်အပ်စပ်မှု - သတင်းလွှာတိုင်းမှာ သူ့ဦးတည်ပရိသတ်နဲ့သူ ရှိကြပါတယ်။ နိုင်ငံရေး ပါတီတွေလား၊ လက်နက်ကိုင် အဖွဲ့အစည်းတွေလား၊ အရပ်ဘက်အဖွဲ့အစည်းတွေလား၊ သက်မွေးဝမ်းကျောင်းတစ်မျိုးကို လုပ်ကိုင်နေသူတွေလား စသဖြင့်ပေါ့။ သက်မှတ်ထားတဲ့ ဦးတည်ပရိသတ်အတွက် သိသင့်သိထိုက်တဲ့၊ ဆီလျော်အပ်စပ်မှုရှိတဲ့ သတင်းတွေကို၊ အကြောင်းအရာတွေကို ဖော်ပြနိုင်မှလည်း သတင်းလွှာကောင်း ဖြစ်မှာပေါ့။


၆။ တိုတောင်းကျစ်လျစ်မှု - ဗာရာဏသီကြိုးနဲ့ချီ သိုင်း‌ဝိုင်းရေးသားထားတာတွေထက် အချိန်ပိုင်းအတွင်း ဒိုးဒိုးဒေါက်ဒေါက်နဲ့ ရှင်းရှင်းလင်းလင်း ရေးသားဖို့၊ အချက်အလက်တွေကို ဖောင်းပွမနေစေဘဲ ကျစ်ကျစ်လျစ်လျစ် ဖော်ပြနိုင်ဖို့ဆိုတာဟာလည်း သတင်းလွှာကောင်းတစ်စောင်မှာ ရှိသင့်တဲ့ အရည်အသွေးပါပဲ။


၇။ မျှတမှု - သတင်းလွှာကောင်းတွေဟာ ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို မျှမျှတတ ဖော်ပြကြပါတယ်။ ဘယ်အဖြစ်အပျက်ကို ဦးစားပေးမယ်၊ ဘယ်ကိစ္စကိုတော့ ထိန်ချန်ဖုံးဖိထားမယ်လို့ မလုပ်သင့်ပါဘူး။ သတင်းလွှာဖတ်ရှုသူတွေဟာ သူတို့ ဖတ်ရှုသိရှိရတဲ့ အကြောင်းအရာတွေပေါ်မှာ ဆင်ခြင်ပိုင်းဖြတ်နိုင်စွမ်းရှိသူတွေဖြစ်တယ်လို့ နားလည်လက်ခံထားရင် မျှတတဲ့ သတင်းလွှာကောင်းတွေ ဖြစ်လာမှာပါ။


၈။ ကျွမ်းကျင်နိုင်နင်းမှု - သတင်းလွှာကောင်းတစ်စောင် ထုတ်ဝေတဲ့အခါမှာ စာနယ်ဇင်းလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်မှုရှိသူတွေ၊ ဒါမှမဟုတ် ‌သေချာလေ့ကျင့်ပျိုးထောင်ထားသူတွေနဲ့သာ ရေးသားပြုစု ထုတ်ဝေသင့်ပါတယ်။ ဒီလို ကျွမ်းကျင်ပုဂ္ဂိုလ်တွေ ပါဝင်မှသာ ကျင့်ဝတ်စံနှုန်းတွေနဲ့ ညီညွတ်တဲ့၊ ယုံကြည်ကိုးစားထိုက်တဲ့ သတင်းလွှာ ဖြစ်လာမှာပါ။


၉။ ကျင့်ဝတ်ညီညွတ်မှု - သတင်းလွှာတွေဟာ အပျော်တမ်းထုတ်ဝေတာ မဟုတ်တဲ့အလျောက် စာနယ်ဇင်းကျင့်ဝတ်တွေနဲ့ တသွေမတိမ်း ကိုက်ညီဖို့ လိုအပ်ပါတယ်။ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်စရာမရှိစေဖို့၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုတွေကို ကာကွယ်ပေးဖို့၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အာဃာတကြီးမားအောင် သွေးထိုးလှုံ့ဆော်မှုတွေကို ရှောင်ကြဉ်ဖို့ ဆိုတာတွေဟာ သတင်းလွှာတွေကပါ လိုက်နာသင့်တဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ ဖြစ်ပါတယ်။


၁၀။ တာဝန်ခံမှု - သတင်းလွှာကောင်းတစ်စောင်ဟာ ထုတ်ဝေဖြန့်ချိရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ ပရိသတ်ရဲ့ ဝေဖန်ထောက်ပြချက်တွေ၊ စောဒကတက်တာတွေကို ထည့်သွင်းစဉ်းစားဖို့၊ အကြံဉာဏ်နဲ့ မှတ်ချက်တွေကို လက်ခံနိုင်ဖို့ လမ်းဖွင့်ပေးထားရပါမယ်။ ဒီလို တာဝန်ခံမှုရှိမှပဲ ပရိသတ်တွေရဲ့ အဆင်ပြေမှုနဲ့ သတင်းအချက်အလက်ရရှိမှုတွေ ပို‌တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မှာပါ။


ဒီလိုရှုထောင့်တွေက စဉ်းစားတဲ့အခါ သတင်းလွှာတစ်စောင်ထုတ်ရတာ တယ်တာဝန်ကြီးသကိုးလို့ တွေးမိပါတယ်။ ဒီထက်မကတဲ့ ရှုထောင့်တွေ ရှိနေနိုင်သေးပေမယ့် ဒီကောင်းခြင်းဆယ်ပါးကို ပြည့်မီဖို့တောင် မနည်းကြိုးစားရုန်းကန်ကြရမှာပဲ။


သတင်းလွှာကောင်းတွေ တည်တံ့ပါစေ။ သတင်းလွှာကောင်းတွေကို လူ့အဖွဲ့အစည်း‌အတွက် ဆုံးဖြတ်ချက်ချမှတ်သူတွေ၊ ကူညီပံ့ပိုးနေကြသူတွေ လက်လှမ်းမီကြပါစေ။ ကြမ္မာဆိုးတွေကနိုးထလို့ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီ ဦးတည်ပါစေလို့ ဆန္ဒပြုပါတယ်။ ကြုံကြိုက်တဲ့အခါ ဆက်ပွားကြသေးတာပေါ့။


စင်တာက စီစဉ်ထုတ်ဝေနေတဲ့ The Analyst သတင်းလွှာ ကိုလည်း အခမဲ့ရယူနိုင်ကြောင်း ကြော်ငြာဝင်ပါရစေ။

1,622 views1 comment

1 comentario


Invitado
13 may 2023


Me gusta
bottom of page