top of page

လွတ်လပ်လူ့ဘောင် အခြေခံစည်းမျဉ်း

ဒီစာအုပ်မဖတ်ခင် ဘာတွေကြိုသိထားရမလဲ


A graphic college of professor giving a lecture, beside a book cover

စာအုပ်ခေါင်းစဉ် - Principles for a Free Society

စာရေးသူ - Nigel Ashford

ထုတ်ဝေနှစ် - ၂၀၀၃ ခုနှစ် (ဒုတိယအကြိမ်)

 

စာရေးသူ ဒေါက်တာ နိုက်ဂျဲအက်စ်ဖော့ဟာ ဂျာလ်ယယ်မာဆန်ဖောင်ဒေးရှင်းရဲ့ တာဝန်အပ်နှင်းမှုအရ “လွတ်လပ်သော လူ့အဖွဲ့အစည်းအတွက် အခြေခံစည်းမျဉ်းများဆိုင်ရာ လေ့လာမှုလမ်းညွှန်များ” စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။ စာအုပ်ထဲမှာ အခန်း ၁၂ ခန်း ဖော်ပြထားပြီး လူမှုအဖွဲ့အစည်း၊ ဒီမိုကရေစီ၊ တန်းတူညီမျှရေး၊ လွတ်လပ်သော စီးပွားရေးလုပ်ငန်းများ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ တရားဥပဒေစိုးမိုးရေး၊ ထိန်းချုပ်သူမဲ့ အခင်းအကျင်းနဲ့ သဘောထားကြီးခြင်း ခေါင်းစဉ်အသီးသီးနဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။


ဒီစာအုပ်ရဲ့ ဒုတိယအကြိမ်တည်းဖြတ်ချက်ထဲမှာ "စာအုပ်ပါ ဖော်ပြချက်တွေဟာ စာရေးသူတစ်ဦးတည်းရဲ့ ရှုမြင်လက်ခံပုံတွေဖြစ်ပြီး၊ ဂျာလ်ယယ်မာဆင် ဖောင်ဒေးရှင်းရဲ့ တရားဝင်ရပ်တည်ခံယူမှုအဖြစ် မရှုမြင်ပါနဲ့လို့ ဖော်ပြထားပါတယ်။ ဂျာလ်ယယ်မာဆင် ဖောင်ဒေးရှင်းဟာ ဆွီဒင်နိုင်ငံမှာ ၁၉၉၄ ခုနှစ်က ထူထောင်ခဲ့တဲ့ ဒီမိုကရေစီထွန်းကားရေး ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပါတယ်။


စာရေးသူ ဒေါက်တာ နိုက်ဂျဲလ် အက်စ်ဖော့ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်က ဂျော့မေဆန်တက္ကသိုလ် လူသားရေးရာလေ့လာမှုအင်စတီကျုရဲ့ အကြီးတန်းလုပ်ငန်းစဉ်အရာရှိ ဖြစ်ပါတယ်။ အင်္ဂလန်ပြည် စတတ်ဖို့ရှိုင်းယားတက္ကသိုလ်ရဲ့ အကြီးတန်းကထိကတစ်ဦးအဖြစ်ရော၊ ဥရောပပေါင်းစည်းရေးဆိုင်ရာ ယန်မွန်းနက် သုတေသီအဖြစ်ပါ ယခင်က လုပ်ကိုင်ခဲ့ပါတယ်။ “ယနေ့ခေတ် အမေရိကန်နိုင်ငံရေး” (မန်ချက်စတာတက္ကသိုလ်ပုံနှိပ်တိုက်၊ ၁၉၉၉)၊ “ပြည်သူ့ရေးရာမူဝါဒနှင့် လက်ယာသစ်တို့၏ သက်ရောက်မှု” (ပင်တာ၊ ၁၉၉၄)၊ “ရှေးရိုးစွဲဝါဒနှင့် လွတ်လပ်စွာတွေးခေါ် ယုံကြည်ရေးဝါဒ အတွေးအခေါ်များအဘိဓာန်” (ရောက်လတ်ချ်၊ ၁၉၉၁) တို့ကို ပါဝင်ရေးသား တည်းဖြတ်သူ ဖြစ်ပါတယ်။

 

ဒီစာအုပ်ပါ ခေါင်းစဉ်တစ်ဒါဇင်ကို ဘာသာပြန်ဆို မိတ်ဆက်ပေးခြင်းဟာလည်း CENCS ရဲ့ စာဖတ်သူတွေအတွက် မတူညီတဲ့ရှုထောင့်တွေက ချဉ်းကပ်စဉ်းစားဖို့ ကြိုးပမ်းထည့်ဝင်မှုတစ်ခုသာ ဖြစ်ပြီး CENCS ရဲ့ ရပ်တည်ခံယူမှုအဖြစ် မရှုမြင်စေချင်ပါဘူး။

ဒီဆောင်းပါးတွေကို ဘာသာပြန်ဆိုရာမှာ မြန်မာဘာသာအားဖြင့် ရောထွေးနိုင်တဲ့ အသုံးအနှုန်းတွေ၊ ပညာရှင်၊ ဘာသာပြန်သူ၊ တည်းဖြတ်သူ၊ ပုံနှိပ်ထုတ်ဝေသူများရဲ့ နှစ်သက်ပုံ၊ အားသန်ပုံတွေကြောင့် ကွဲပြားသွားရတဲ့ ဝေါဟာရ မူကွဲတွေနဲ့ ကြုံရပါတယ်။


ဒါကြောင့် မူရင်းဆောင်းပါးပါ အင်္ဂလိပ်ဝေါဟာရတချို့ကို မြန်မာဘာသာအားဖြင့် ဘယ်စကားလုံးတွေနဲ့ ဖလှယ်ပြန်ဆိုထားတယ်ဆိုတာ ရှင်းလင်းတင်ပြပါရစေ။ ဥပမာအားဖြင့် - Society ကို “လူ့ဘောင်”၊ Civil Society ကို “လူမှုအဖွဲ့အစည်း”၊ Community ကို “ရပ်ရွာအသိုင်းအဝိုင်း” စသဖြင့် ဘာသာပြန်ဆိုထားပါကြောင်း ကြိုတင်ပန်ကြား အသိပေးအပ်ပါတယ်။

54 views0 comments

Recent Posts

See All
bottom of page