လွတ်လပ်တဲ့ လူ့ဘောင်လောက အဓွန့်ရှည်ဖို့ ဒီမိုကရေစီ ဘာကြောင့် အရေးပါသလဲ
မကောင်းမှုတွေ၊ သောက ဗျာပါဒတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ အစိုးရဖွဲ့စည်းတဲ့ပုံသဏ္ဌာန် အမျိုးမျိုး အဖုံဖုံကို စမ်းခဲ့ကြပြီးပြီ။ ထပ်လည်း စမ်းနေကြဦးမှာပဲ။ ဒီမိုကရေစီဟာ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်တယ်လို့ ဘယ်သူမှ မဆိုနိုင်ကြဘူး။ တကယ်တမ်းက ဒီမိုကရေစီဟာ အဆိုးရွားဆုံး အစိုးရဖွဲ့စည်းမှုလို့တောင် ပြောခဲ့ကြသေးတာပဲ။ အချိန်နဲ့အမျှ တခြားအစိုးရဖွဲ့စည်းနည်းပေါင်းစုံ စမ်းသုံးခဲ့ပြီးတာက လွဲလို့ပေါ့လေ – ဝင်စတန်ချာချီ
ဒီမိုကရေစီဆိုတာ ဘာလဲ
နိုင်ငံအများအပြားမှာ ဒီမိုကရေစီကို လက်ခံကျင့်သုံးလာတာကြည့်ရင် ဒီမိုကရေစီဟာ အနာဂတ်လှိုင်းလုံး တစ်လုံးပါပဲ။ လက်သင့်ခံကြိုဆိုရမယ့် တိုးတက်မှုတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးဖွင့်ဆိုချက်ကအတော့ အမြဲတမ်း ကောင်းတဲ့ဘက်ကချည်း ရှိနေတာ မဟုတ်ဘူး။
ဒီမိုကရေစီဆိုတာ “လူထုအုပ်ချုပ်မှု” ဆိုတဲ့ ရှေးဂရိခေတ်အသုံးအနှုန်းကနေ ဆင်းသက်တာလာပါ။ ရှေးတုန်းက ဒီအသုံးအနှုန်းကို ရှောင်ကြဉ်ဖွယ်တစ်ခုလို သတ်မှတ်ခဲ့တာပါ။ သက်ဦးဆံပိုင် မင်းတစ်ပါးတည်း အုပ်ချုပ်မှု (monarchy)၊ လူတစ်စုကြိုးကိုင်အုပ်ချုပ်မှု (oligarchy) နဲ့ မျိုးရိုးဓန ပညာဂုဏ်မြင့်သူတွေရဲ့ အုပ်ချုပ်မှု (aristocracy) တွေနဲ့ ဒီမိုကရေစီကို နှိုင်းယှဉ်ဝေဖန်ခဲ့ချိန်တွေကပေါ့။
ဂရိတွေက ဒီမိုကရေစီမှာ အဓိက အားနည်းချက်ကြီး သုံးခုရှိတယ်လို့ ဆိုကြတယ်။ အဲဒါတွေကတော့ -
လူများစုက လူနည်းစုတွေကို ဖိနှိပ်နိုင်တယ်။
လူတွေဟာ ခံစားချက်တွေ၊ စိတ်လိုက်မာန်ပါလုပ်ရပ်တွေနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး ဆင်ခြင်တုံတရားနဲ့ ထိန်းကျောင်းလမ်းညွှန်လို့ မရနိုင်ဘူး။
လူတွေဟာ လူ့ဘောင်တစ်ခုလုံးရဲ့ အကျိုးစီးပွားကို မျက်နှာလွှဲပြီး တစ်ဦးချင်း ကိုယ်ကျိုးစီးပွားတွေကိုပဲ ရှေ့တန်းတင်ကြလိမ့်မယ် ဆိုတာတွေပါ။
အဲသလို ဖြစ်လာနိုင်ခြေရှိတဲ့အန္တရာယ်တွေကို ရှောင်နိုင်၊ အနည်းဆုံးထိလည်း လျှော့ချနိုင်ပြီး တစ်ချိန်တည်းမှာ သူ့ရဲ့အားသာချက်တွေကို ပေါင်းစပ်နိုင်ဖို့ လစ်ဘရယ်ဝါဒ ကိုယ်စားပြု ဒီမိုကရေစီဆိုတဲ့ ဒီမိုကရေစီ အသွင်သဏ္ဌာန်တစ်ခုကို ပေါ်လာခဲ့တယ်။ အဲဒီ ဒီမိုကရေစီစနစ်ကပဲ တစ်ကမ္ဘာလုံး တွင်ကျယ်ရေပန်းစား နေတာပါ။
အေဘရာဟမ်လင်ကွန်းက အမေရိကန်ပြည်တွင်းစစ်အတွင်းတုန်းက သူ့ရဲ့ နာမည်ကျော် ဂတ်တီးစဘာ့ဂ်မိန့်ခွန်းမှာ ဒီမိုကရေစီရဲ့ ဂန္ထဝင်ဖွင့်ဆိုချက်တစ်ခု ဖွင့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီဆိုတာ “ပြည်သူတွေအတွက်၊ ပြည်သူတွေက ရွေးချယ်ဖွဲ့စည်းတဲ့ ပြည်သူ့အစိုးရ” (government of the people, by the people and for the people) ပါတဲ့။ သူ့ဖွင့်ဆိုချက်ကနေ မေးခွန်းလေးခု ထပ်ပေါ်လာပါတယ်။ အဲဒီမေးခွန်းတွေအတွက် လစ်ဘရယ်ဒီမိုကရေစီမှာ သူ့အဖြေနဲ့သူ ရှိပါတယ်။
ပြည်သူတွေဆိုတာ ဘယ်သူတွေလဲ
ပြည်သူဆိုမှာတော့ လူ့ဘောင် လူ့အဖွဲ့အစည်းထဲက လူတိုင်းပါရမယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီးသားပဲ။ အကောင်းဆုံးကတော့ ဆုံးဖြတ်ချက်တွေ ချမှတ်တိုင်းမှာ လူ့ဘောင်မှာရှိသမျှ တစ်ယောက်မကျန်ရဲ့ သဘောတူညီမှ ဖြစ်မှာပေါ့။ ဒါပေမဲ့ ဒီအတိုင်းသာဆို လက်တွေ့ဖြစ်နိုင်ဖို့ အင်မတန် ခဲယဉ်းသွားလိမ့်မယ်၊ အချိန်တွေလည်း ကုန်မယ်၊ လူတစ်ဦးချင်းကို ဗီတိုပါဝါ အလွန်အကျွံပေးထားသလို ဖြစ်နေလိမ့်မယ်။ လစ်ဘရယ် ဒီမိုကရေစီကတော့ လူများစုရဲ့ အုပ်ချုပ်မှုကို လက်ခံဖို့နည်းကိုပဲ ရွေးတယ်။ ဆိုလိုတာက ပြည်သူကို အကောင်းဆုံး ကိုယ်စားပြုဖို့နိုင်ဖို့ (လူဦးရေ ၅၀ ရာခိုင်နှုန်းအထက် တစ်ယောက်ပိုတဲ့) လူများစု မဲဆန္ဒ ရဖို့လိုတယ်။ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာ သာလွန်လူများစု (ဥပမာ လူဦးရေရဲ့ သုံးပုံနှစ်ပုံ) ရှိမှ အင်မတန်မှ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ သတ်မှတ်ထားတာတွေလည်း ရှိတယ်။ ဒါပေမဲ့ လူများစုက လူနည်းစုတွေပေါ်မှာ ဖိနှိပ်နိုင်တာကို အသိအမှတ်ပြုလက်ခံပြီး လူနည်းစုအတွက် အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးတာတွေလည်း ထားရှိကြပါတယ်။ လစ်ဘရယ် ဒီမိုကရေစီကို “လူများစု အုပ်ချုပ်ခွင့်၊ လူနည်းစု အခွင့်အရေး” (majority rule, minority rights) ဆိုပြီးတော့လည်း တစ်ခါတရံမှာ ပုံဖော်ပြောဆိုကြတယ်။
ပြည်သူတို့ရဲ့ အစိုးရ
ဒုတိယမေးခွန်းက “ပြည်သူတို့ရဲ့” (of the people) ဆိုတဲ့အပိုင်းနဲ့ ဆိုင်ပါတယ်။ ပြည်သူတွေက ဘာတွေအပေါ် အစိုးရလုပ် အုပ်ချုပ်ကြမှာလဲ။ ဘယ်ဆုံးဖြတ်ချက်တွေကို လူတစ်ဦးချင်း၊ မိသားစုချင်း၊ လုပ်ငန်း အဖွဲ့အစည်းချင်းက ဆုံးဖြတ်ခွင့်ရပြီး ဘယ်အပိုင်းတွေကို နိုင်ငံတော်အနေနဲ့ ဆုံးဖြတ်အုပ်ချုပ်မှာလဲ။ ဆုံးဖြတ်ချက်အားလုံးကို ဒီမိုကရေစီနည်းကျ အဆုံးအဖြတ်ယူမယ်ဆိုရင်တော့ ဘာလွတ်လပ်မှုမှ ရှိတော့မှာ မဟုတ်ဘူး။ (သမိုင်းပါမောက္ခကြီး) ဒီဂျေတယ်လ်မွန်ရဲ့ စကားလုံးကို ငှားသုံးရရင် “အကြွင်းမဲ့အာဏာပိုင် ဒီမိုကရေစီ” ဆိုတာမျိုး ဖြစ်သွားလိမ့်မယ်။ လစ်ဘရယ်ဒီမိုကရေစီစနစ်မှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို ကန့်သတ်ထားတာကြောင့် ပုဂ္ဂလိကနယ်ပယ်မှာ ဆုံးဖြတ်ပိုင်ခွင့်တွေ အများကြီးရနေဆဲ ဖြစ်တယ်။ ဒါကြောင့် လစ်ဘရယ် ဒီမိုကရေစီကို ကျင့်သုံးရာမှာ “စည်းနဲ့ဘောင်နဲ့(ကန့်သတ်ထားတဲ့) အစိုးရအခန်းကဏ္ဍ” (limited government) ဆိုတဲ့အပေါ် ယုံကြည်လက်ခံထားတယ်။ လူများစုက သူတို့ထင်သမျှ ဆန္ဒရှိသမျှ ဆုံးဖြတ်ခွင့်ရတာမျိုး မဖြစ်ထိုက်ဘူး။ ဒါကြောင့် လစ်ဘရယ်ဒီမိုကရေစီဟာ ဒီမိုကရေစီလို့ နာမည်ခံပြီး မြင်မြင်သမျှ အုပ်ချုပ်ဆုံးဖြတ်တတ်တဲ့ “စည်းလွတ်ဘောင်လွတ် (အကန့်အသတ်မဲ့) အစိုးရ” (unlimited government) ပုံစံတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။
ပြည်သူတွေ ရွေးချယ်ဖွဲ့စည်းတဲ့ အစိုးရ
တတိယမေးခွန်းက “ပြည်သူတွေ ရွေးချယ်ဖွဲ့စည်းတဲ့(အစိုးရ)” (by the people) ဆိုတဲ့အပိုင်းမှာ ပြည်သူတွေက ဘယ်လို အုပ်ချုပ်မှာလဲဆိုတဲ့ မေးခွန်းပဲ။ တချို့ကတော့ ပြည်သူတွေက တိုက်ရိုက်အုပ်ချုပ်သင့်တယ်လို့ ဆိုကြတယ်။ ဒီလိုအုပ်ချုပ်ဖို့ဆိုရင် သဘောထားခံယူပွဲ (referendum) တွေ လုပ်ရမယ်၊ အထွေထွေ အစည်းအဝေးတွေ ခေါ်ရမယ်၊ ဒါမှမဟုတ် ပြည်သူပါဝင်မှုဒီမိုကရေစီ (participatory democracy) ပုံစုံတစ်ခုခု သုံးရမယ်လို့ ဆိုကြတယ်။ ဒီသီဝရီအရဆို ကိစ္စရပ်တိုင်းမှာ မဲပေးနိုင်အောင် စီစဉ်၊ မဲအများစုရတာတွေကို အစိုးရမူဝါဒအဖြစ် သတ်မှတ်နိုင်အောင် ပြည်သူတစ်ဦးချင်းကို ကွန်ပျူတာတစ်လုံးစီ ပေးထားမှပဲ ဖြစ်နိုင်မယ်။ ဒါပေမဲ့ နိုင်ငံတော်(အစိုးရ) ဆိုတာ ပြည်သူတွေအတွက် အမှုတော်ထမ်းရမှာလေ။ ပြည်သူတွေက နိုင်ငံတော်(အစိုးရ)အတွက် အမှုတော်ထမ်းရမှာမှ မဟုတ်တာ။ တိုက်ရိုက်ဒီမိုကရေစီစနစ်မှာ အများအတွက် စုပေါင်းဆုံးဖြတ်ရမယ့်ကိစ္စတိုင်းအတွက် ပြည်သူတွေဟာ သုတေသနလုပ်၊ ငြင်းခုံ၊ မဲပေးရတာနဲ့ တစ်ဘဝလုံး အချိန်ကုန်ဖို့ပဲ ရှိတယ်။ ကိုယ့်ဘဝအရေး ကိုယ်ဆုံးဖြတ်ဖို့ရာ အချိန်ရကြမှာ မဟုတ်ဘူး။
ဒါကြောင့် လစ်ဘရယ်ဒီမိုကရေစီကို ကျင့်သုံးရာမှာ မဲဆန္ဒရှင်တွေဟာ သူတို့ကိုယ်စား ဆုံးဖြတ်ချက်တွေချပေးနိုင်ဖို့ ဥပဒေပြုရေးအတွက် ကိုယ်စားလှယ်တွေ (ရံဖန်ရံခါ အုပ်ချုပ်ရေးအရာရှိတွေ) ရွေးကောက်တင်မြှောက် ထားရတာပါ။ အဲဒီ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ အများအတွက် စုပေါင်းဆုံးဖြတ်ရမယ့်ကိစ္စတွေကို ထည့်စဉ်းစားဖို့၊ ကိစ္စရပ်တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ပတ်သက်ပြီး ငြင်းခုံဆွေးနွေးဖို့၊ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်၊ အရည်အချင်းနဲ့ ဂုဏ်သိက္ခာတွေနဲ့ ပြည့်စုံသင့်ပါတယ်။
အဲဒီ ကိုယ်စားလှယ်တွေရဲ့ တာဝန်ခံမှုကို ရနိုင်ဖို့အတွက် ရွေးကောက်ပွဲတွေ ပုံမှန်ကျင်းပပေးရတယ်။ တကယ်လို့ ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အကျိုးစီးပွားကို မျက်နှာလွှဲ ဥပေက္ခာပြုနေပြီဆိုရင် သူတို့ရဲ့ ရာထူးတာဝန်တွေကို ဖြုတ်ချဖယ်ရှားရုံပါပဲ။ ရည်ရွယ်ချက်ကတော့ အစိုးရတစ်ရပ်ရဲ့ ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှုကို ဟန်ချက်ညီအောင် လုပ်ဖို့ပါ။ ပြည်သူတွေအားလုံးရဲ့ အကျိုးစီးပွားနဲ့ ထင်မြင်ယူဆချက်တွေကို ကိုယ်စားပြုနေတဲ့ တစ်ချိန်တည်းမှာပဲ တည်ကြည်ပြီး ဆင်ခြင်တုံတရားပြည့်ဝတဲ့ စိတ်ထားနဲ့ ဆွေးနွေးငြင်းခုံရာက အစိုးရ လုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ ရေရှည်အကျိုးဆက်တွေကို တာဝန်ခံမှုရှိရှိ ထည့်သွင်းစဉ်းစားနိုင်ဖို့ လိုပါတယ်။ လစ်ဘရယ်ဒီမိုကရေစီကို ကိုယ်စားပြုဒီမိုကရေစီ (representative democracy)၊ သွယ်ဝိုက်ဒီမိုကရေစီ (indirect democracy) လို့လည်း ရံဖန်ရံခါ ရည်ညွှန်းကြတယ်။ တချို့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေစနစ် ဒါမှမဟုတ် ပြည်သူတွေအပေါ် အုပ်ချုပ်ရမယ့် အခြေခံစည်းမျဉ်းဥပဒေတွေ သဘောသဘာဝ ပြောင်းလဲသင့် မပြောင်းလဲသင့် သဘောဆန္ဒခံယူပွဲတွေ (referendums) ကျင်းပပေးရတယ်။
ပြည်သူ့အတွက် အစိုးရ
စတုတ္ထနဲ့ နောက်ဆုံးမေးခွန်းက “ပြည်သူ့အတွက်အစိုးရ” (government for the people) ဆိုတာ ဘယ်လိုဆုံးဖြတ်မှာလဲ တဲ့။ ပြည်သူ့အကျိုးစီးပွား ဆိုတာ ဘယ်လိုရှာဖွေသတ်မှတ်မလဲ။ လူတိုင်း စိတ်တိုင်းကျအောင် လုပ်မပေးနိုင်ရင်တောင် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ လူတိုင်းရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးလို လူထုတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး လူ့ဘောင်လောကထဲက လူတစ်စုအတွက် မျက်နှာသာပေးတဲ့ မူဝါဒတွေ ဖြစ်မနေဖို့ ရည်မှန်းထားရမှာပေါ့။ ပြဿနာရှိတာက လူတစ်စုက သူတို့ရဲ့ ကိစ္စရပ်တစ်ခု၊ ဒါမှမဟုတ် အထူးအကျိုးစီးပွားတစ်ရပ်ကို ရှေ့တန်းတင်လာတဲ့အခါ ထည့်သွင်းစဉ်းစားထိုက်တဲ့ ကိစ္စလည်း ဖြစ်နေတယ် ဆိုပါစို့။ ဒါပေမဲ့ မူဝါဒတွေဟာ ကျယ်ပြန့်တဲ့၊ အများနဲ့သက်ဆိုင်တဲ့၊ ‘ပြည်သူ့အကျိုးစီးပွား’ကို ထင်ဟပ်သင့်ပါတယ်။ ကိုယ်စားပြုဒီမိုကရေစီဟာ လူအုပ်စုတစ်ခုချင်းရဲ့ အကျိုးစီးပွားတွေ၊ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အလမ်းတွေကို ရရှိနေအောင် ခွင့်ပြုပေးထားသင့်ပါတယ်။ ဒါပေမဲ့ အထူးအကျိုးစီးပွားတွေကိုသာ ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်မျိုးတွေတော့ မဖြစ်သင့်ပါဘူး။
နောက်ပြဿနာတစ်ရပ်က ခံစားချက်တွေ၊ ထက်သန်ပြင်းပြမှုတွေကြောင့် လူတွေမှာ ထင်မြင်ယူဆချက်တွေ ဖြစ်လာတဲ့အခါ အကျိုးစီးပွားတွေနဲ့ပတ်သက်လို့ ဝေခွဲသိရှိနိုင်ဖို့ ခက်ခဲတာပါ။ အဲဒီထဲမှာမှ တကယ့်တကယ် အများနဲ့သက်ဆိုင်တဲ့ အကျိုးစီးပွားဟာ ဘာလဲဆိုတာ ပိုင်းခြားဝေဖန်တွေးတောပြီး ဝေခွဲသတ်မှတ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အကျိုးစီးပွားအုပ်စု(interest groups)တွေက သူတို့ရှုမြင်လက်ခံထားတဲ့ အကျိုးစီးပွားတွေ၊ ထင်မြင်ချက်တွေကို တင်ပြနိုင်အောင် လစ်ဘရယ်ဒီမိုကရေစီစနစ်က အားပေးပံ့ပိုးရပါတယ်။ ဒါပေမဲ့ အဲဒီ အကျိုးစီးပွားအုပ်စုတွေကိုယ်တိုင်က ဆုံးဖြတ်ချက် ဝင်ချပိုင်ခွင့်မရှိပါဘူး။ အဲသလို ဆုံးဖြတ်ခွင့်ကိုတော့ ပြည်သူတွေကို မဲဆန္ဒရှင်တွေအဖြစ် တာဝန်ခံမှုရှိဖို့လိုတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကိုသာ အပ်နှင်းသင့်ပါတယ်။
ဒီမိုကရေစီက လွတ်လပ်မှုကို ကာကွယ်ပေးတယ်
နိုင်ငံရေးအာဏာဆိုတာ ကိုင်တွယ်ကျင့်သုံးခွင့်ရှိသူတိုင်း အလွဲသုံးစားလုပ်လာမယ့် အခွင့်အလမ်းရှိနေတယ်။ ပြည်သူတွေရဲ့ သဘာဝတရားက အပ်နှင်းထားတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးနိုင်ဆုံးနဲ့ နိုင်ငံရေးအာဏာ အလွဲသုံးစားလုပ်မှုတွေကို အတားဆီးနိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီပါ။ တွေးခေါ်မြော်မြင်မှုမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့ တိုင်းပြည်အုပ်ထိန်းသူတွေရဲ့ အသိဉာဏ်ပညာအားဖြင့်သာ(နိုင်ငံ လူ့အဖွဲ့အစည်းကို) အုပ်ချုပ်ရမယ်လို့ (ဂရိတွေးခေါ်ရှင်) ပလေတိုရဲ့ တိုက်တွန်းချက်ကို (တပည့်ဖြစ်သူ တွေးခေါ်ရှင်) အရစ္စတိုတယ်လ်က တန်ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ “အဲဒီ အုပ်ထိန်းသူတွေကိုရော ဘယ်သူတွေက ပြန်အုပ်ထိန်းသင့်သလဲ” တဲ့။ အုပ်ချုပ်သူတွေက သူတို့ကိုင်တွယ်ကျင့်သုံးခွင့်ရနေတဲ့ အာဏာကို ပြည်သူ့အကျိုးစီးပွားအတွက် အသုံးမချဘဲ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကျင့်သုံးမလာနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။
ဒီလို အလွဲသုံးစားမလုပ်နိုင်အောင် အခိုင်ခံ့ဆုံး ကာကွယ်နည်းကတော့ ပြည်သူတွေက ရာထူးအာဏာရသူတွေကို ရွေးကောက်ပွဲနည်းနဲ့ ပြန်ဖယ်ရှားဖြုတ်ချတာပဲ ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ ရထားတဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ရာထူးဂုဏ်သိန်တွေကနေ ဖယ်ရှားဖြုတ်ချခံရနိုင်ပါလားဆိုတဲ့ အသိစိတ်ဟာ အုပ်ချုပ်သူတွေ အာဏာအလွဲသုံးစား မလုပ်နိုင်အောင် အားအကောင်းဆုံး ချုပ်တည်းမှုကို ဖြစ်လာစေပါတယ်။
ဒါပေမဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း လွတ်လပ်မှုကို အန္တရာယ်ပြုနိုင်ပါတယ်။ ပြင်သစ်တွေးခေါ်ရှင် အလက်စစ် ဒီတော့ခ်ဗီလ်က ဒီမိုကရေစီအဖို့ အကြီးမားဆုံးအန္တရာယ်ဟာ “လူများစုရဲ့ နိုင်ထက်စီးနင်း လွှမ်းမိုးခြင်း” (tyranny of majority) ဆီက ပေါ်ပေါက်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထူထောင်သူ ဖခင်ကြီးတွေ (Founding Fathers) ကလည်း အာဏာနဲ့သက်ဆိုင်သူတိုင်းဟာ လွတ်လပ်မှုအပေါ် အန္တရာယ်ပြုလာနိုင်တာကို အပြည့်အဝ သတိထားမိကြပါတယ်။ ၁၇၈၇ ခုနှစ်က ဖယ်ဒရယ်ဝါဒစာတမ်းမှာ အလက်ဇန္ဒား ဟဲမီလ်တန်က -
“လူသည် အာဏာကို ချစ်မက်၏။ ... လူအများကို အာဏာအလုံးစုံနှင်းအပ်သော် လူအနည်းစုတို့အပေါ် ဖိနှိပ်ကြလိမ့်မည်။ လူအနည်းစုကိုသာ အာဏာအလုံးစုံ နှင်းအပ်လျှင် လူအများစုတို့အပေါ် ဖိနှိပ်ကြလိမ့်မည်”
လို့ ရေးထားခဲ့ပါတယ်။ ဗြိတိသျှ သမိုင်းဆရာဖြစ်တဲ့ လော့ဒ်အက်တန်ကလည်း ဒီမိုကရေစီရဲ့ ဒီအားနည်းချက်ကို ထုတ်ဖော်ရေးသားခဲ့ဖူးတယ်။ “ဒီမိုကရေစီ၏ ကြုံရနိုင်သော မကောင်းဆိုးဝါးမှုတစ်ခုမှာ လူများစုသာမက အာဏာရပါတီအသင်းအဖွဲ့၏ နိုင်ထက်စီးနင်း လွှမ်းမိုးခြင်းပေတည်း။ ရွေးကောက်ပွဲများ ကျင်းပရာ၌ အတင်းအကျပ် လည်းကောင်း၊ လိမ်လည်လှည့်ဖျား၍ လည်းကောင်း မဲအသာရအောင် ပြုနိုင်ကြပေ၏” လို့ ဆိုထားပါတယ်။ ဒါကြောင့် လစ်ဘရယ်ဒီမိုကရေစီဟာ လူအများစုရဲ့ ပဋိညာဉ်အားဖြင့် အစိုးရအာဏာကို ကျင့်သုံးပိုင်ခွင့် ရှိနေချိန်မှာတောင် စည်းနဲ့ဘောင်နဲ့သာ လုပ်ကိုင်ခွင့်ပေးထားတဲ့ “စည်းနဲ့ဘောင်နဲ့ (ကန့်သတ်ထားတဲ့) ဒီမိုကရေစီ” သာ ဖြစ်ပါတယ်။
လူနည်းစုရဲ့ အခွင့်အရေးတွေနဲ့ လူတစ်ဦးချင်းရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးထားသင့်ပါတယ်။
ဒီမိုကရေစီက ပြည်သူ့အကျိုးစီးပွားကို ရှေ့တန်းတင်တယ်
ဒါဖြင့် အုပ်ချုပ်သူတွေရဲ့ အကျိုးစီးပွားသာမက ပြည်သူအကျိုးစီးပွားတွေပါ ရှေ့တန်းရောက်အောင် ဘယ်နှယ့် လုပ်ကြမလဲ။ အချိန်မှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေရှိနေသရွေ့ ပြည်သူ့အကျိုးစီးပွားကို မျက်နှာလွှဲ ဥပေက္ခာပြုရင် ရာထူးအာဏာကနေ ကန်ထုတ်ခံရမယ်ဆိုတာ နိုင်ငံရေးသမားတွေ နားလည်ပါတယ်။ ဂျာရမီ ဘန်သမ်ဟာ ခေတ်သစ်ဘောဂဗေဒရဲ့ အခြေခံတစ်ခုဖြစ်လာတဲ့ (ကုန်စည်/ဝန်ဆောင်မှု တစ်ခုကြောင့်) ကျေနပ်လက်ခံမှု (utility) သဘောတရားကို ဖော်ထုတ်ခဲ့သူပါ။ (ဒီအယူအဆအရ) သူလိုလားတာက “အများဆုံးလူတွေအတွက် အကြီးမားဆုံး ကျေနပ်ပျော်ရွှင်မှု” ဖြစ်ပါတယ်။ ဂျာရမီဘန်သမ်က ပြည်သူ့အကျိုးစီးပွားကို အာမခံချက်အပေးနိုင်ဆုံး တစ်ခုတည်းသောနည်းလမ်းဟာ ဒီမိုကရေစီပဲလို့ သိမြင်ပြီး ဒီမိုကရေစီရေး ရှေ့ဆောင်ဆော်ဩသူ ဖြစ်လာတယ်။ အမြင့်မားဆုံး အကျိုးစီးပွားတွေ အာမခံချက်ရှိလာအောင် ဒီမိုကရေစီက ဆောင်ကြဉ်းပေးတာပါ။
လူတိုင်းဖို့ စိတ်တိုင်းကျမဖြစ်ရင်တောင် နိုင်ငံရေးသမားတွေဟာ ရွေးကောက်ပွဲမှာ ရပြီးသားထောက်ခံမှုတွေ ဆက်ရဖို့၊ အနိုင်ရဖို့ ကိုယ့်မဲဆန္ဒရှင်ဖြစ်လာနိုင်တဲ့ လူတကာရဲ့ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားရမှာပဲလေ။ အမေရိကန်ခေတ်ဦး သမ္မတ ဂျွန်အဒမ်ကလည်း -
“ပြည်သူတို့၏ ပျော်ရွှင်ခြင်းသည်သာ အစိုးရ၏ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်၏။ သို့ဖြစ်၍ အစိုးရ ရှိအပ်သည့် အခြေခံအကြောင်းသည် ပြည်သူတို့၏ ကျေနပ်လက်ခံမှုပေါ်၌သာ တည်၏။ ဤသည်မှာ ကျိုးကြောင်းဆီလျော်၍၊ ကျင့်ဝတ်နှင့်ပြည့်စုံကာ သဘာဝဓမ္မတာနှင့် ကိုက်ညီ၏”
လို့ ဆိုခဲ့ဖူးပါတယ်။
လက်တွေ့ကျတဲ့ နိုင်ငံရေး ပါဝင်လှုပ်ရှားမှု
လူအများစုဟာ နိုင်ငံရေးကို စိတ်ဝင်စားလွန်းလှတာ မဟုတ်ပါဘူး။ သူတို့ဘဝမှာ ဘဝရှင်သန်ရေး ဝမ်းစာရှာဖွေမှု၊ ချစ်ရသူတွေဖို့ အချိန်ပေးမှု၊ ဘဝအရသာကို မြိန်ယှက်ခံစားမှုတို့လို ပိုလုပ်ချင်စရာတွေ ရှိနေပါသေးတယ်။ ပြည်သူတွေဟာ သူတို့ဆန္ဒရှိတာထက်ပိုပြီး နိုင်ငံရေးမှာ အရေးစိုက်ရမယ်လို့လည်း ဒီမိုကရေစီက မတောင်းဆိုဘူး။ အနည်းဆုံး သူတို့ဘက်က လုပ်ပေးရမှာက ရွေးကောက်ပွဲမှာ မဲပေးဖို့ပဲ။ မဲဆန္ဒရှင်တွေအနေနဲ့ ဖြစ်နိုင်ရင် နိုင်ငံရေး ငြင်းခုံဆွေးနွေးမှုတွေကို နားစွင့်နေနိုင်ရင်တော့ ပိုကောင်းတယ်ဆိုပေမယ့် မဖြစ်မနေ နားစွင့်ရမယ်လို့တော့လည်း ပညတ်မထားပါဘူး။
ဒါပေမဲ့ နိုင်ငံရေးမှာ စိတ်ပါဝင်စားမှုရှိတဲ့ လူနည်းစု၊ (နိုင်ငံရေးကို) အလေးဂရုပြုတဲ့ ပြည်သူတွေအဖို့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားနိုင်မယ့် အခွင့်အလမ်းတွေတော့ အများကြီးရှိနေတယ်။ အများပြည်သူနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေ ငြင်းခုံတာ၊ ဆွေးနွေးတာ၊ မဲဆန္ဒပေးခွင့်ကို သေချာကျင့်သုံးတာ၊ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တာ စသဖြင့် ပါဝင်လှုပ်ရှားမှု နည်းပေါင်းစုံကို ဒီမိုကရေစီက ပေးထားပါတယ်။ အဲသလို နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားတာဟာ အင်မတန်မှ လိုလားအပ်တယ်၊ ဘာကြောင့်လဲဆိုတော့ အဲသလို ပါဝင်လှုပ်ရှားသူတွေရဲ့ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှု၊ ကျင့်ဝတ်သိက္ခာနဲ့ လက်တွေ့ သိမြင်နားလည်မှုတွေကို မြင့်မားလာစေတယ်လို့ ဂျွန်စတူးဝပ် မေးလ်က တွေးခေါ်ယူဆပါတယ်။ နိုင်ငံရေးအတွက် အချိန်ပေး၊ စိတ်ပါဝင်စားမှုရှိ၊ အင်အားစိုက်ထုတ်သူတွေကြောင့် နိုင်ငံရေးဟာလည်း ရုပ်လုံးပေါ်လာတာပါ။ တိုက်ရိုက် ဒါမှမဟုတ် ပြည်သူပါဝင်မှု ဒီမိုကရေစီတွေမှာ ကြုံလေ့ရှိတဲ့ ပြဿနာက “နေ့စဉ်ရက်ဆက် နေဝင်ညဉ့်နက် အချိန်တွေကုန်ခဲ့ပြီ” လို့ ဆိုရှယ်လစ်ဝါဒနဲ့ပတ်သက်ပြီး အော်စကာဝိုင်း ဖော်ပြခဲ့ဖူးသလိုပါပဲ။
ဒါပေမဲ့ သာမန်မဲဆန္ဒရှင်တွေကလည်း ဆန္ဒရှိတဲ့အခါ နိုင်ငံရေးနိုးကြားသူတွေ ပြောဆိုငြင်းခုံကြတာတွေ၊ မဲပေးပိုင်ခွင့်တွေကို အသုံးချပြီး အကျိုးရှိဆဲပါ။ အမေရိကန်သမ္မတလည်းဖြစ်၊ လွတ်လပ်ရေး ကြေညာစာတမ်း ရေးသူလည်းဖြစ်တဲ့ သောမတ်ဂျက်ဖာဆန်က နိုင်ငံရေးပညာပေးမှုရဲ့ တန်ဖိုးရှိပုံကို အလေးထား ဖော်ပြဖူးပါတယ်။
လူ့အဖွဲ့အစည်း၏ အမြင့်ဆုံးအာဏာကို လုံခြုံစွာအပ်နှံရာ၌ ပြည်သူမှတပါး အခြားမရှိဟု ကျွန်ုပ်တွေ့ရပါသည်။ အကယ်၍ ပြည်သူများက ၎င်းကို မွန်မြတ်သောဦးတည်ရာရောက်အောင် ကျင့်သုံးနိုင်သည့် ဉာဏ်အလိမ္မာနှင့် မပြည့်စုံလျှင်ပင် ပြည်သူများထံမှ ပြန်ရုပ်သိမ်းရမည်မဟုတ်။ တန်ဖိုးထားတတ်လာအောင် ပညာရေးအားဖြင့် အသိပေးခြင်းဖြင့်သာ ကုစားသက်သာစေရာ၏
လို့ ဆိုပါတယ်။
စိတ်ပြင်းပြမှု အားမကိုး၊ ဆင်ခြင်တုံတရား အားကိုး
ဒီမိုကရေစီနဲ့ပတ်သက်လို့ ဂရိခေတ်မှာ သံသယရှိခဲ့ကြတာက ဒီမို(ပြည်သူ)တွေနဲ့ပတ်သက်တဲ့ စိုးထိတ် ကြောက်ရွံ့မှုတွေပေါ်မှာ တစ်စိတ်တစ်ပိုင်း အခြေခံပါတယ်။ ပညာကင်းမဲ့တဲ့လူထုကြီးဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အရည်အချင်းအကင်းမဲ့ဆုံးဖြစ်တယ်လို့ ယူဆထားတာကြောင့်ပါ။ အဲဒီအခါ လူထုကြီးဟာ ဆင်ခြင်တုံတရား၊ ဝေဖန်ပိုင်းခြား ဆွေးနွေးငြင်းခုံမှုတွေကို အားမကိုးဘဲ မနာလိုစိတ်၊ ကြောက်စိတ်တို့လို ထက်သန်ပြင်းပြမှုတွေ၊ စိတ်ခံစားချက်တွေ၊ ဗီဇသိစိတ်တွေနောက် ကောက်ကောက်ပါအောင် လိုက်သွားနိုင်ပါတယ်။ ကိုယ်စားပြုဒီမိုကရေစီကတော့ အကျိုးသက်ရောက်မှုတွေ၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို အပြည့်အဝ ထည့်စဉ်းစားပြီးမှ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် လုပ်ထားတာဖြစ်လို့ စိတ်ချလို့ရပါတယ်။ ပြည်သူတွေက ကိစ္စရပ်တွေအလိုက် အလေးအနက်စဉ်းစား၊ ကိုယ့်ထင်မြင်ယူဆချက်ကို ထုတ်ဖော်တင်ပြသင့်ပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကလည်း ငြင်းခုံဆွေးနွေး၊ ဥပဒေရေးဆွဲ၊ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပြည်သူတွေကို ကိုယ်စားပြုဖို့အတွက် အချိန်၊ ပညာအရည်အချင်းနဲ့ ဉာဏ်အမြော်အမြင် ရှိသူတွေ ဖြစ်သင့်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီဟာ တိုက်ရိုက်ထက် ကိုယ်စားပြုမှုရှိတာက ပိုဖြစ်သင့်ပါတယ်။
ဒါကြောင့်လည်း ရွေးကောက်ခံတွေဟာ သာမာန်ခန့်အပ်လိုက်သူတွေ မဟုတ်ဘဲ မဲဆန္ဒရှင်တွေရဲ့ ထင်မြင်ယူဆချက်တွေကို ထည့်သွင်းစဉ်းစားတဲ့ ကိုယ်စားပြုသူတွေ ဖြစ်သင့်တာပါ။ အက်ဒမန်ဘာ့ခ်က ဘရစ္စတိုမြို့က ရွေးကောက်သူတွေကို မိန့်ခွန်းပြောကြားရာမှာ -
ခင်ဗျားတို့ရဲ့ ကိုယ်စားလှယ်တွေဟာ ခင်ဗျားတို့အတွက် အမှုတော်ထမ်းနေရုံသာမဟုတ်ဘူး၊ ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းကိုပါ ပြသရမယ်။ အကယ်၍ ကိုယ်စားလှယ်တွေက ဉာဏ်အမြော်အမြင်ကိုမသုံးဘဲ ခင်ဗျားတို့ရဲ့ ထင်မြင်ယူဆချက်သက်သက်နောက် လိုက်နေပြီဆိုရင်တော့ သူတို့ သစ္စာဖောက်သွားပြီလို့ မှတ်လိုက်ကြပါ
လို့ ဆိုခဲ့ပါတယ်။ ပါလီမန်(လွှတ်တော်)ဟာ အကျိုးစီးပွားပေါင်းစုံကို သူ့ထက်ငါ ကိုယ်စားပြုရုံသက်သက်မဟုတ်ဘဲ “တစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော အကျိုးစီးပွားအတွက် ခြုံငုံကိုယ်စားပြုပြီး ထက်သန်နိုးကြားစွာ စုဝေးမှု” ဖြစ်သင့်ပါတယ်တဲ့။ ကိုယ်စားလှယ်တွေဟာ ကိုယ့်ကို ရွေးကောက်တင်မြှောက်လိုက်သူတွေရဲ့ အကျိုးစီးပွားကိုသာမက လူ့ဘောင်တစ်ခုလုံး နိုင်ငံတစ်ဝှမ်းလုံးရဲ့ အကျိုးစီးပွားတွေကို ထည့်စဉ်းစားကြရမှာပါ။
တည်ငြိမ်မှုနဲ့ တရားဝင်မှု
နိုင်ငံရေးစနစ်တွေဟာ ဆုံးဖြတ်ချက်တွေကို ရေရှည်ချမှတ်နိုင်စွမ်းရှိဖို့ဆိုရင် တည်ငြိမ်ဖို့ လိုတယ်။ တည်ငြိမ်မှုကို အကောင်းဆုံးရနိုင်တဲ့နည်းကတော့ တရားဝင်မှု (legitimacy) လို့ခေါ်တဲ့ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် အာဏာ၊ တစ်နည်းအားဖြင့် အုပ်ချုပ်ပိုင်ခွင့်ပဲ။ နိုင်ငံတော်(အစိုးရ)ရဲ့ ဆုံးဖြတ်ချက်တစ်ခုခုက ပြည်သူနဲ့ သဘောထား ကွဲလွဲတဲ့အခါတွေမှာ အုပ်ချုပ်ခံပြည်သူတွေ ကြည်သာလက်ခံဖို့၊ အထူးသဖြင့် အာဏာလက်ကိုင်ရမနေသူတွေ လက်ခံဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်(အစိုးရရဲ့) ဆုံးဖြတ်ချက်တိုင်းကို ပြည်သူက သိမှတ်လက်ခံမှု မပြုဘူးဆိုရင်တောင် ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ထားတယ်ဆိုတာ ပြည်သူက သိမှတ်လက်ခံမှု ပဋိညာဉ်ပေးဖို့ လိုပါတယ်။ ဆိုလိုတာက နည်းစနစ်ဖြစ်စဉ်က အဓိက၊ ရလဒ်က သာမညသာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ သိမှတ်လက်ခံမှု ပဋိညာဉ်အားဖြင့်သာ အာဏာကျင့်သုံးနိုင်စွမ်းရှိတဲ့ လစ်ဘရယ်ဒီမိုကရေစီဟာ တခြားစနစ်တွေထက် တရားဝင်မှု ပိုပေးပါတယ်။ လူတိုင်းမှာ ကိုယ့်ထင်မြင်ယူဆချက်နဲ့ အကျိုးစီးပွားတွေကို ဖော်ထုတ်တင်ပြ၊ နိုင်ငံရေး ပါဝင်လှုပ်ရှားပြီး အာဏာရရေး ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ သိမှတ်လက်ခံမှုပဋိညာဉ်ကို ပုံမှန်ကျင်းပပြီး လူတိုင်းအတွက် လမ်းဖွင့်ထားတဲ့ ရွေးကောက်ပွဲတွေမှာ ပြသကြရပါတယ်။ ပြည်သူတွေရဲ့ မျက်စိရှေ့မှောက်မှာတင် တရားဝင်မှုကို အပ်နှင်းတာဖြစ်တဲ့အတွက် တခြားအုပ်ချုပ်ရေး စနစ်တွေထက် ဒီမိုကရေစီက ပိုတည်ငြိမ်ပါတယ်။
လစ်ဘရယ်ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာတွေ
ဒီမိုကရေစီဆိုတာ လူတစ်ကိုယ် မဲတစ်ပြားဆိုတာထက် ပိုပါသေးတယ်။ တကယ်အလုပ်ဖြစ်တဲ့ ဒီမိုကရေစီ ဖြစ်လာဖို့ဆိုရင် တချို့ဝိသေသလက္ခဏာတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။
အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်အရ လူတိုင်းနီးပါး မဲပေးခွင့်ရှိရမယ်။ လူတိုင်းရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရာရောက်စေဖို့ လူတိုင်း မဲပေးခွင့်ရှိရမယ်။ (ဥပမာ - ကလေးငယ်တွေလို) မဲပေးခွင့်မှာ ခြွင်းချန်ခံရသူတွေရှိရင် အားကောင်းတဲ့ တင်ပြအဆိုပြုချက်နဲ့တကွ အခိုင်အလုံ လျှောက်လဲနိုင်ရမယ်။
လွတ်လပ်၊ ပွင့်လင်းပြီး အချိန်မှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေ ရှိရမယ်။ ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေဟာ သူတို့ရဲ့ ဆန္ဒမဲတွေကို မလိုလားအပ်တဲ့ ဖိနှိပ်မှုတွေ မရှိဘဲ အသုံးချခွင့် ရရှိကြရမယ်။ ဒီအကြောင်းကြောင့် လျှို့ဝှက်မဲစနစ်ကို သုံးကြတာပါ။ ပွင့်လင်းရမယ်ဆိုရာမှာ လူတိုင်းက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိင်နိုင်မယ့် အခွင့်အလမ်း ရရှိကြရမယ်၊ သူတို့ရဲ့ တင်ပြချက်တွေနဲ့ မဲဆန္ဒရှင်တွေကို စည်းရုံးတိုက်တွန်းခွင့် ရှိရမယ်။ ရွေးကောက်ပွဲတွေကို အချိန်မှန်ကျင်းပဖို့လည်း လိုတယ်။ ၃ နှစ်၊၅ နှစ် စသဖြင့် ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပရမယ်။ ဒီတော့မှ (ရွေးကောက်ပွဲတစ်ကြိမ်ကျင်းပဖို့ အကြာကြီးစောင့်နေစရာမလိုဘဲ) မဆိုင်းမတွ အရေးတယူဆောင်ရွက်မှု (responsiveness) နဲ့ (မဲမပေးခင်မှာ အစိုးရရဲ့ လုပ်ဆောင်ချက် အသီးအပွင့်တွေကို ပြည်သူတွေဆီ တင်ပြခွင့်ရပြီး ပြည်သူ့အဆုံးအဖြတ် ခံယူဖို့) တာဝန်ခံမှု (responsibility) တို့ကို ဟန်ချက်ညီအောင် ထိန်းနိုင်မှာ ဖြစ်တယ်။
နိုင်ငံရေးပါတီ ရွေးချယ်ပိုင်ခွင့်လည်း ရှိရမယ်။ တချို့ ကွန်မြူနစ်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ဘယ်လိုပဲ ပြောနေကြပါစေ တစ်ပါတီ ဒီမိုကရေစီဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒတွေကို မဆိုင်းမတွ အရေးတယူဆောင်ရွက်မှုရှိပြီး နိုင့်ထက်စီးနင်း လွှမ်းမိုးမှုတွေကို တားဆီးနိုင်အောင် နိုင်ငံရေးပါတီတွေကို စီမံထားပါမှ မဲဆန္ဒရှင်တွေဟာ အာဏာရပါတီတွေကို ဖယ်ရှားနိုင်တဲ့၊ တခြားပါတီနဲ့ အစားထိုးနိုင်တဲ့ အခွင့်အလမ်းတွေ ရလာမှာ ဖြစ်ပါတယ်။ ရွေးချယ်စရာ နိုင်ငံရေးပါတီတွေ ရှိနေခြင်းအားဖြင့် ပါတီတိုင်းရဲ့ အားနည်းချက်တွေကို ဆွေးနွေးဖော်ထုတ်နိုင်ပြီး မဲမပေးခင် ပြည်သူတွေ သိရှိခွင့်ရကြမှာပါ။ ဒီနေရာမှာ အပြုသဘောဆောင်တဲ့ အတိုက်အခံရှိဖို့ကလည်း အင်မတန်အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။
ထုတ်ဖော်ပြောဆိုမှုနဲ့ သင်းပင်းဖွဲ့စည်းမှု လွတ်လပ်ခွင့်တွေလည်း ရှိရမယ်။ လူတိုင်းဟာ သူတို့ရဲ့ အမြင် သဘောထားတွေကို ထုတ်ဖော်တင်ပြဖို့ အခွင့်အလမ်း ရှိရပါမယ်။ ဒီလိုမှမဟုတ်ရင် ဘာတွေဟာ ပြည်သူ့အကျိုးစီးပွား ဖြစ်သလဲဆိုတာ ကိုယ်စားလှယ်တွေအနေနဲ့ ဆုံးဖြတ်နိုင်ဖို့ မလွယ်ပါဘူး။ လူတိုင်းမှာ အမြင်သဘောထားတွေ အကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြောဆိုဖို့ တခြားသူတွေနဲ့ ပူးပေါင်းနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိရပါမယ်။ အလားတူပဲ နိုင်ငံရေးပါတီနဲ့ အကျိုးစီးပွားအုပ်စုတွေ ဖွဲ့စည်းနိုင်တဲ့ လွတ်လပ်ခွင့်လည်း ရှိရပါမယ်။
ထိန်းကျောင်းစိစစ်မှု ရှိရမယ်။ လူများစုတွေက လူနည်းစုတွေအပေါ် နိုင့်ထက်စီးနင်း လွှမ်းမိုးတာတွေကို ရှောင်ရှားနိုင်ဖို့ အာဏာကို တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းရဲ့ လက်ထဲမှာ စုပုံအပ်နှင်းထားတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အာဏာကို အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှာ စုပုံအပ်နှင်းမှုက ရှောင်ကွင်းနိုင်ဖို့ ထိန်းကျောင်းစိစစ်မှုတွေ သူ့နေရာနဲ့သူ ရှိရပါမယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်က သူ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိဖို့ ဥပဒေပြုရေးမဏ္ဍိုင်က စိစစ်ရမယ်။ ဥပဒေပြုရေးမှာလည်း ရွေးကောက်ဖွဲ့စည်းပုံ သဘာဝချင်း မတူညီကြတဲ့ လွှတ်တော်နှစ်မျိုးပါဝင်တဲ့ လွှတ်တော်နှစ်ရပ် (bicameral) စနစ်ကို သုံးလေ့ရှိကြတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ လွတ်လွတ်ကင်းကင်း အမှီအခိုမရှိ ရပ်တည်ရမယ်။ အားကောင်းတဲ့ ဒေသန္တရ အုပ်ချုပ်ရေးအစိုးရတွေ ရှိရမယ်။
အစိုးရရဲ့ စည်းမျဉ်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလည်း ရှိရမယ်။ များသောအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်စုတစ်စည်းတည်း (ဝါ) စာအုပ်စာတမ်း တစ်ခုတည်းအဖြစ် ပြုစုထားလေ့ရှိပေမယ့် စနစ်တိုင်းမှာ ရေးသားထားတဲ့ စည်းမျဉ်းဥပဒေတွေအပြင် (ရေးသားမထားပေမယ့်) အကြွင်းမဲ့ လက်ခံထားကြတဲ့ နားလည်မှုတွေ၊ ထုံးတမ်းအစဉ်အလာတွေပေါ်မှာ အခြေခံလေ့ ရှိကြပါတယ်။ တရားဥပဒေစိုးမိုးမှုရှိရမယ်၊ လူက ကြိုးကိုင်ခြယ်လှယ်နေတာ မဖြစ်ရဘူး။ ဒီတော့မှ ဘယ်စည်းမျဉ်းတွေနဲ့ အုပ်ချုပ်နေတယ်ဆိုတာ လူတိုင်းက သိနိုင်မှာဖြစ်တယ်။ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းမရပြင်မရဖြစ်အောင် အသေးစိတ် ရေးထားတာ၊ ခေတ်နဲ့မလျော်ညီဘဲ ဖြစ်သွားလေ့ရှိတဲ့ မူဝါဒတွေကို ထည့်သွင်းရှေးထားတာမျိုးတွေကို ရှောင်ကြတယ်။
ကိုယ်စားပြုမှုရှိတဲ့ တာဝန်ခံမှုရှိတဲ့ အစိုးရ
လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒရှင်တွေရဲ့ အလိုဆန္ဒနဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ တစ်ချိန်တည်းမှာပဲ ကောင်းမွန်တဲ့ ရေရှည်အကျိုးဆက်တွေ ရရှိနိုင်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကြိုးစားကြရတာ ဖြစ်တဲ့အတွက် ကိုယ်စားပြုမှုနဲ့ တာဝန်ခံမှု ဟန်ချက်ညီရေးကို အားထုတ်နေကြရလို့ ဖြစ်ပါတယ်။ မလွှဲသာ မရှောင်သာ ကြုံကြရတာက အဲသလို အပြည့်အဝဟန်ချက်ညီဖို့ အမြဲတစေ ဖြစ်နိုင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်နှစ်ရပ်လုံး ပါဝင်တဲ့ တခြားနိုင်ငံရေးစနစ်လည်း မရှိပါဘူး။ ကိုယ်စားပြုမှုရှိပြီး တာဝန်ခံမှုလည်းရှိတဲ့ အစိုးရတစ်ရပ် ဖြစ်လာဖို့အတွက် အဆုံးမရှိ အားထုတ်ကြိုးပမ်းရခြင်းဟာ ဒီမိုကရေစီအတွက် ပေးဆပ်ရတဲ့ အဖိုးအခပဲ ဖြစ်ပါတယ်။
ဖတ်ရှုရန်
A.H. Birch, The Concepts and Theories of Modern Democracy, London, Routledge, 1987.
Alexander Hamilton, James Madison and John Jay, The Federalist Papers, New York, New American Library, 1989 (1787), Number 10.
John Locke, A Second Treatise on Government, Cambridge, Cambridge University Press, 1960 (1690), chapters 7-10.
Diane Ravitch & Abigail Thernstrom, A Democracy Reader, New York Harper Collins, 1989.
Alexis de Tocqueville, Democracy in America, New York Fontana, 1968 (1840), Volume 1, Part 2.
တွေးစရာမေးခွန်းများ
၁။ ရွေးကောက်ခံနိုင်ငံရေးသမားတွေဟာ တိုင်းပြည်အတွက် သင့်တော်မှန်ကန်တယ်လို့ ကိုယ်တွေးထင်တာကို ဘေးချိတ်ပြီး လူထုသဘောထား စစ်တမ်းကောက်ယူမှုတွေထဲမှာပါတဲ့ ပြည်သူအများစု လိုလားတဲ့ မူဝါဒတွေ ရေးဆွဲချမှတ်သင့်သလား။
၂။ လူများစုရဲ့ နိုင့်ထက်စီးနင်း လွှမ်းမိုးမှုတွေကို ကာကွယ်နိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ။
၃။ သဘောဆန္ဒခံယူပွဲတွေ လုပ်သင့်သလား။ လုပ်သင့်တယ်ဆိုရင် ဘယ်လို အခြေအနေတွေမှာ လုပ်သင့်သလဲ။ ■
လူများစုတွေက လူနည်းစုတွေအပေါ် နိုင့်ထက်စီးနင်း လွှမ်းမိုးတာတွေကို ရှောင်ရှားနိုင်ဖို့ အာဏာကို တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့တည်းရဲ့ လက်ထဲမှာ စုပုံအပ်နှင်းထားတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အာဏာကို အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှာ စုပုံအပ်နှင်းမှုက ရှောင်ကွင်းနိုင်ဖို့ ထိန်းကျောင်းစိစစ်မှုတွေ သူ့နေရာနဲ့သူ ရှိရပါမယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်က သူ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိဖို့ ဥပဒေပြုရေးမဏ္ဍိုင်က စိစစ်ရမယ်။ ဥပဒေပြုရေးမှာလည်း ရွေးကောက်ဖွဲ့စည်းပုံ သဘာဝချင်း မတူညီကြတဲ့ လွှတ်တော်နှစ်မျိုးပါဝင်တဲ့ လွှတ်တော်နှစ်ရပ် (bicameral) စနစ်ကို သုံးလေ့ရှိကြတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ လွတ်လွတ်ကင်းကင်း အမှီအခိုမရှိ ရပ်တည်ရမယ်။ အားကောင်းတဲ့ ဒေသန္တရ အုပ်ချုပ်ရေးအစိုးရတွေ ရှိရမယ်။❤️