top of page

လူမှုအဖွဲ့အစည်း - Civil society

လွတ်လပ်တဲ့ လူ့ဘောင်လောက အဓွန့်ရှည်ဖို့ လူမှုအဖွဲ့အစည်းတွေ ဘာကြောင့် အရေးပါသလဲ


lily on a pink background

လူ့ဘောင်ကို ချုပ်ကိုင်လွှမ်းမိုးတဲ့ ဥပဒေစည်းမျဉ်းတကာမှာ တခြားဥပဒေစည်းမျဉ်းတွေထက် ပိုတိကျရှင်းလင်းပုံရတဲ့ ဥပဒေစည်းမျဉ်းတစ်ခုရှိတယ်။ အဲဒါကတော့ အကယ်၍ လူသားတွေဟာ ဆက်ပြီး ယဉ်ကျေးမှုရှိနေမယ်၊ ယဉ်ကျေးလာနေဦးမယ်ဆိုရင် တန်းတူညီမျှအခြေအနေတွေ မြင့်မားလာတာနဲ့အမျှ လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှု အနုပညာဟာ ပိုကြီးထွားဖွံ့ဖြိုးလာ၊ ပိုကောင်းမွန်တိုးတက်လာမယ် ဆိုတာပါပဲ။ – အလက်စစ် ဒီ တော့ခ်ဗီလ်

 

လူမှုအဖွဲ့အစည်းဆိုတာ ဘာလဲ

 

လူမှုအဖွဲ့အစည်း (civil society) လို့ ဆိုလိုက်ရင် လူတစ်ဦးချင်းအဆင့်ကနေ နိုင်ငံတော် (အစိုးရ) အဆင့်ကြားမှာ ဆန္ဒအလျောက် ဖွဲ့စည်းထူထောင်ထားတဲ့ မိသားစုတွေကနေ၊ ဘာသာရေး အသင်းအဖွဲ့၊ အားကစားအဖွဲ့၊ ဂီတအဖွဲ့၊ ကုသိုလ်ဖြစ်အဖွဲ့တွေလို အဖွဲ့အစည်းမျိုးစုံ ပါတာပေါ့။

 

လူမှုအဖွဲ့အစည်းဆိုတဲ့ အယူအဆ‌ဟာ လူ့ယဉ်ကျေးမှုမြင့်မားလာတာနဲ့အတူ ပေါ်ထွက်လာတာပါ။ ပြင်သစ်ပညာရှင် တော့ခ်ဗီလ်ကတော့ ခေတ်သစ်လူသားတွေဟာ ကိုယ့်လိုအင်ပြည့်ဖို့အတွက် ကိုယ်မသိသူတွေနဲ့ပါ တွဲဖက်ပူးပေါင်း လုပ်ကိုင်နိုင်ရာကနေ သင်းပင်းဖွဲ့စည်းခြင်း အနုပညာ ဖြစ်လာတယ်လို့ ဆိုလေရဲ့။

 

အမဲလိုက်ရင်လိုက် ဒါမှမဟုတ် အသီးအနှံ၊ သစ်ဥသစ်ဖု ကောက်စားခဲ့ကြတဲ့ ရှေးရှေးတုန်းက လူသားတွေဟာ တစ်ယောက်ကိုတစ်ယောက် အတွင်းသိအစင်းသိရှိမှ၊ အသက်မွေးမှု ရည်ရွယ်ချက်တူတဲ့ အသိုင်းအဝိုင်းဖြစ်မှ မှီခိုအားကိုးခဲ့ကြတာပါ။ ကိုယ်အကျွမ်းတဝင်မရှိသူတွေနဲ့ ပူးပေါင်းစရာ မလိုခဲ့ဘူး‌။ တဖြည်းဖြည်းနဲ့ လူတွေဟာ လူမှုဥပဒေတွေ ပီပီပြင်ပြင် ရှိလာတဲ့အခါမှာ အင်နဲ့အားနဲ့လုပ်မှ ပြီးမြောက်မယ့်ကိစ္စတွေမှာ လုပ်ငန်းတာဝန်ခွဲဝေပြီး လုပ်ကိုင်တတ်လာတယ်။ ကိုယ့်ရည်ရွယ်ချက် ပြည့်မြောက်ဖို့ ကိုယ့်စည်းစိမ် ပိုင်ဆိုင်မှုတွေကို သုံးစွဲနိုင်လာတယ်။ အဲဒီကနေ သင်းပင်းဖွဲ့စည်းခြင်း အနုပညာကို နားလည်လာပြီး ငြိမ်းငြိမ်းချမ်းချမ်း ပြည့်ပြည့်စုံစုံ နေနိုင်လာတယ်။

 

လူမှုအဖွဲ့အစည်းဆိုတဲ့ အယူအဆကိုပြောရင် “လွတ်လပ်မှု” အကြောင်းကိုလည်း ချန်ခဲ့လို့ မရဘူး။ လူတွေဟာ တစ်ကိုယ်တော် ရှင်သန်ရပ်တည်နိုင်ရင် လွတ်လပ်တယ်လို့ အမြင်မှားတတ်ကြတယ်။ တကယ်တမ်းက ကန့်သတ်ချုပ်ချယ်မှု မရှိတာကသာ လွတ်လပ်မှုပါ။

 

လူမှုအဖွဲ့အစည်းကို သီဝရီထုတ်ရရင် လူသားတွေပေါ်မှာ ကန့်သတ်ချုပ်ချယ်မှုတွေ လုံးဝမရှိတာ မဟုတ်ပါဘူး။ ကန့်သတ်ချုပ်ချယ်မှုတွေကြားကပဲ အချင်းချင်း သင်းပင်းဖွဲ့စည်းခြင်းအားဖြင့် ကောင်းမွန်တိုးတက်မှုတွေ ရလာတာကို လွတ်လပ်တယ်လို့ ဆိုရမှာပါ။

 

ပြင်သစ်တွေးခေါ်ရှင် ဘင်ဂျမင် ကွန်စတန့်က လူမှုအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံက ရှင်းပါတယ်။


လူမှုအဖွဲ့အစည်းအယူအဆကို အဓိပ္ပါယ်ဖွင့်ချင်ရင် လူတစ်ယောက်ချင်းက သူလိုကိုယ်လိုလူတွေအပေါ်မှာ အင်မတန်သိမ်မွေ့တဲ့နည်းတွေနဲ့ လွှမ်းမိုးခြယ်လှယ်မှုတွေရှိလာတဲ့ ခေတ်သစ်ကမ္ဘာနဲ့ တွဲစဉ်းစားမှရမယ်တဲ့။

သူ့ဟောပြောချက်တစ်ခုမှာ ရှေးခေတ်ကရှိခဲ့တဲ့ လွတ်လပ်မှုနဲ့ ခေတ်သစ်ကမ္ဘာရဲ့ လွတ်လပ်မှုဟာ လုံးဝကွဲပြားတယ်လို့ ထောက်ပြခဲ့တယ်။ (ဂရိခေတ်အပါအဝင် ရှေးခေတ်တွေမှာရှိခဲ့တဲ့) “အုပ်ချုပ်အစိုးရမှုတွင် လွတ်လပ်စွာပါဝင်ခွင့်” ထက်စာရင် ခေတ်သစ်ကမ္ဘာမှာမှ တီထွင်နိုင်လာတဲ့၊ လူသားရဲ့ အထွတ်အထိပ် လွတ်လပ်မှုလို့ ပြောလို့ရတဲ့ “လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခြင်း” ကြောင့်သာ လူတွေဟာ တစ်ဆင့်မြင့်ခဲ့တာလို့ ဆိုပါတယ်။

 

အိုင်းရစ်ရှ်တွေးခေါ်ရှင် အက်ဒမန် ဘာ့ခ်နဲ့ ပြင်သစ်တွေးခေါ်ရှင် အလက်စစ်ဒီတော့ခ်ဗီလ်တို့ကလည်း သူတို့ခေတ်အလိုက် အင်္ဂလန်နဲ့ အမေရိကန်မှာ လေ့လာတွေ့ရှိချက်တွေပေါ် အခြေခံပြီး ယဉ်ကျေးမှု မြင့်မားလာတဲ့လူတွေရဲ့ သင်းပင်းဖွဲ့စည်းမှုအကြောင်း၊ အဲဒီက ဆင့်ပွားပေါ်ပေါက်လာတဲ့ အင်စတီကျူးရှင်းတွေ အကြောင်း စနစ်တကျဆွေးနွေးတင်ပြခဲ့ကြပါတယ်။


တော့ခ်ဗီလ်က ထိုးထွင်းတွေ့ရှိခဲ့တာက “လူ့ဘောင် မလွတ်လပ်သရွေ့၊ ဉာဏ်အလင်းခေတ်မှာ တွင်ကျယ်ခဲ့တဲ့ “လူ၌ အာဏာမတည်၊ ဥပဒေ၌ အာဏာတည်သောအစိုးရ” (a government of laws, not of men) မအုပ်ချုပ်သရွေ့ လူလူချင်းအညမညမှီခိုပူးပေါင်းမှုတွေ ရှိမလာနိုင်ဘူး။ လူလူချင်း အညမည မှီခိုပူးပေါင်းမှုကြောင့် မမျှော်ကိုးဘဲ ရလာတဲ့ အကျိုးဆက်ဟာ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုပါပဲ” တဲ့။ သူက က ၁၈၃၀ ပြည့်လွန်နှစ်တွေမှာ ခရီးသွားရင်းကြုံခဲ့တဲ့ အမေရိကန်ပြည်ရဲ့ သင်းပင်းဖွဲ့စည်းမှုအနုပညာ သောင်းပြောင်းထွေလာကို လေ့လာတင်ပြခဲ့တယ်။

 

အလားတူပဲ ဘာ့ခ်ကလည်း လူရေးလူရာ ကိစ္စအဖြာဖြာမှာ လူသားချင်း သင်းပင်းဖွဲ့စည်းလုပ်ကိုင်ရာက ပေါ်လာတဲ့ ကြားအဆင့်အင်စတီကျူးရှင်း (Intermediary institutions) တွေရဲ့ အခန်းကဏ္ဍကို ရှင်းပြတယ်။ ဘာ့ခ်က အဲဒီကြားအဆင့် အင်စတီကျူးရှင်းတွေကို တပ်စုသေးသေးလေးတွေ (little platoon) လို့ နာမည်ပေးပါတယ်။ မိသားစု၊ ခရစ်ယာန်အသင်းတော်၊ ရပ်ရွာအသိုင်းအဝိုင်းတွေလို ကြားအဆင့်က တပ်စုလေးတွေဟာ လူ့ဘောင်လောကတစ်ခုလုံး လည်ပတ်ဖို့ ထောက်ကူနေတာပါ။ ဘာ့ခ်ရေးခဲ့တာက -


“ဤသို့ အုပ်စုခွဲလေးများနှင့် သံယောဇဉ်ဖွဲ့နှောင်မှု၊ လူ့အဖွဲ့အစည်းအတွင်းမှ မိမိတို့နှင့် သက်ဆိုင်ပါဝင်သော တပ်စုငယ်လေးများကို မြတ်နိုးတွယ်တာမှုသည် လူအများကြား ချစ်ခင်နှောင်ဖွဲ့မှုအတွက် (မျိုးစေ့သဖွယ်ဖြစ်သည့်) ပထမဆုံး စည်းမျဉ်းဥပဒေသပင် ဖြစ်သည်။ ထိုမှ ဆင့်ကဲတိုးတက်၍ မိမိ၏ တိုင်းပြည်မှသည် မိမိတို့ လူသားမျိုးနွယ် တစ်ရပ်လုံးကို တသီတတန်း ချစ်ခင်မြတ်နိုးမှု ပေါ်ပေါက်လာစေမည့် ပထမဆုံးသော ကွင်းဆက်လည်း ဖြစ်ပေသည်” တဲ့။

 

ဘာ့ခ်ရဲ့အမြင်အရ အဲဒီအင်စတီကျူးရှင်းတွေဟာ လူသားရဲ့ ပုဂ္ဂလိကသရုပ်သကန် ပုံ‌ဖော်ရာမှာ‌ရော နှောင်ဖွဲ့ချင်တတ်ကြတဲ့ ပြင်းပြတဲ့ လူသားရဲ့လိုအပ်ချက်ကြောင့်ပါ အခရာကျတဲ့ အခန်းကဏ္ဍက ပါဝင်လာတယ်။ အဲဒီကနေ လူတွေချင်းချင်းကြား နှောင်တွယ်မှုတွေဟာလည်း ထပ်တိုးခိုင်မာလာစေမယ့် သင်းပင်းဖွဲ့စည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာတယ်။

 

ချည်ငင်ထုံးဖွဲ့လာသော နှောင်တွယ်မှုများ

 

ရှေးရိုးစဉ်လာပဓာနဝါဒီ (ကွန်ဆာဗေးတစ်) တွေးခေါ်ရှင် မိုက်ကယ် အုတ်ရှော့က အဲဒီ တပ်စုငယ်လေးတွေကိုပဲ “အရပ်သားပြည်သူတွေရဲ့ သင်းပင်းဖွဲ့စည်းမှု” (civic association) လို့ ခေါ်တယ်။ လူတွေကြားမှာ တစ်မြေတည်းနေ တစ်ရေတည်းသောက် ရပ်ရွာအသိုင်းအဝိုင်းတွေကို ဖြစ်တည်လာစေတဲ့ ဗီဇသိစိတ်နဲ့ စိတ်နေစိတ်ထားတွေဟာ လူ့ဘောင်လောက ထူထောင်တည်ဆောက်ရာမှာ ပါဝင်နေတဲ့ အုတ်မြစ်၊ အုတ်ချပ်တွေပဲလို့ တွေ့လာရတယ်။ လူမှုရေးအရ အညမည ပူးပေါင်းလုပ်ကိုင်ဖို့ ချောမွေ့ လွယ်ကူလာလေ အရပ်သားပြည်သူတွေကြားက သင်းပင်းဖွဲ့စည်းမှုတွေကြောင့် ကိုယ်နဲ့ အနီးစပ်ဆုံး နေထိုင်သူတွေရဲ့ ဖြစ်တည်မှုဟာလည်း ကိုယ့်အတွက် အကျိုးကျေးဇူးရှိလေ ဖြစ်လာပါတယ်။

 

မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ ရပ်ရွာ၊ နိုင်ငံတွေအပေါ် သစ္စာရှိမှုဟာလည်း တခြားသူတွေနဲ့ သင်းပင်းဖွဲ့စည်းဖို့ လိုအပ်ချက်ပေါ်မှာ အခြေခံပြီး ဖြစ်လာတာပဲ။ ဒါကြောင့် အရပ်သားပြည်သူတွေရဲ့ သင်းပင်းဖွဲ့စည်းမှုတွေကြောင့် လူ့ဘောင်ကိုမြဲမြံစေပြီး လူမှုရေးသဘောအားဖြင့် အစေးကပ်စေပါတယ်။ လွတ်လပ်လူ့ဘောင်အပေါ် ဝေဖန်သူတွေက အတ္တဗဟိုပြုသူ လူတစ်ဦးစီကိုထောက်ပြီး (အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ ဖြစ်နေမှာပဲလို့)  စွပ်စွဲတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းက သူတို့စွပ်စွဲချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကတော့ အရပ်သားပြည်သူတွေရဲ့ သင်းပင်းဖွဲ့စည်းမှုဟာ သူတစ်ပါးရော မိမိကိုယ်တိုင်ကပါ လက်ခံထားတဲ့ ထိန်းသိမ်းအပ်တဲ့ ကိစ္စတွေ၊ ဘုံအကျိုးစီးပွားတွေနဲ့ နှောင်ဖွဲ့အား ကောင်းလာစေတယ်။ ရလဒ်အားဖြင့် လူ့ဘောင်လောကဟာ ပိုပြီးတော့ ခိုင်မာအားကောင်းလာတယ်။ လူမှုအဖွဲ့အစည်းဟာ ဘဝတူ လူသားချင်းပေါ်မှာ စာနာထောက်ထားမှုတွေ၊ ခံစားနားလည်မှုတွေကို အားပေးတဲ့အတွက် လူပီသသူတွေရဲ့ဖွဲ့စည်းမှုပဲ ဖြစ်ပါတယ်။

 

အစိုးရနဲ့ လူမှုအဖွဲ့အစည်းရဲ့ အားပြိုင်မှု

 

လူမှုအဖွဲ့အစည်းတွေရဲ့ ရန်သူတော်ဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုမဟုတ်ပါဘူး။ အစိုးရတွေသာ ဖြစ်ပါတယ်။ အစိုးရတွေဟာ အာဏာနဲ့ သယံဇာတရင်းမြစ်တွေကို သူတို့အတွက်ပဲ ကောက်ခံ၊ ထိန်းချုပ်ချင်ကြတယ်။ ဒီအတွက်လည်း ပြည်သူတစ်ဦးချင်းစီကြားမှာ ရှိနေတဲ့ နှောင်ဖွဲ့မှုတွေကို ချည့်နဲ့သွားအောင် လုပ်တတ်ကြပါတယ်။ ပြည်သူတွေရဲ့ အချိန်၊ ငွေကြေးနဲ့ သနားကရုဏာကို အစိုးရဆီမှာ နှင်းအပ်ထားကြဖို့တောင်းခံရင်း အရပ်သားပြည်သူတွေကြား သစ္စာစောင့်သိမှုတွေကို ယိမ်းယိုင်သွားအောင် လှိုက်စားတတ်ကြပါတယ်။ အစိုးရတွေရဲ့ တောင်းဆိုမှုတွေကြောင့် လူတွေဟာ ပုံမှန်အားဖြင့် တစ်ဦးအပေါ် တစ်ဦးထားရှိရမယ့် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဥစ္စာရင်းမြစ်တွေ၊ စိတ်ခံစားမှုတွေကို ခန်းခြောက်သွားပြီး ပြည်သူတွေကြားက နှောင်ဖွဲ့မှုတွေဟာလည်း လျော့တိလျော့ရဲ ဖြစ်လာနိုင်ပါတယ်။

 

တော့ခ်ဗီလ်ဟာ အမေရိကန်ကို လေ့လာရေးခရီးထွက်ခဲ့တုန်းက ပြင်သစ်ပြည်မှာ နပိုလီယံခေတ်ပါ။


အဲဒီတုန်းက အမေရိကန်မှာ ရှိသမျှ အရေးကိစ္စတွေ၊ အမြင်ရှုထောင့်တွေအတွက် ထောက်ခံအားပေးတဲ့ ကိုယ့်အားကိုယ်ကိုး အဖွဲ့တွေ မြိုင်မြိုင်ဆိုင်ဆိုင်မြင်ရတော့ တော့ခ်ဗီ အံ့အားသင့်သွားတယ်။ သူ့မွေးရပ်မြေ ပြင်သစ်ပြည်က ဗဟိုအစိုးရတစ်ခုတည်းနဲ့တောင် ပျာယာခတ်နေရလွန်းလို့ အမေရိကန်မှာလို ဟိုအရေး ဒီအရေး အရေးပေါင်းစုံ ထောက်ခံအားပေးတာ မလုပ်နိုင်ကြပါဘူး။

နိုင်ငံတော် (အစိုးရ) ရဲ့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ကိစ္စတွေနဲ့တွေ လူတွေဟာ အားအင်ကုန်ခန်း နွမ်းလျမပြေ ဖြစ်နေကြရတာပါ။ ဒီတော့ ရပ်ရွာအသိုင်းအဝိုင်းတွေ ထွန်းကား ဝေဆာဖို့ အခြေခံကျတာဟာ လွတ်လပ်တဲ့ အခင်းအကျင်းတွေဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

 

လူတွေအချင်းချင်း သင်းပင်းဖွဲ့စည်းလုပ်ကိုင်ဖို့ကိစ္စအတွက် အစိုးရတွေက တားမြစ်ပိတ်ပင်တတ်ကြပါတယ်။ ဒါမှလည်း လူတစ်ဦးချင်းစီက ခေါင်းထောင်မလာနိုင်မှာပေါ့။ မင်းဆိုးမင်းညစ်တွေ အုပ်စိုးတဲ့ လူ့ဘောင်တွေမှာတော့ အစိုးရတွေဟာ လူတစ်ဦးချင်းကြားမှာ ဘုံရည်ရွယ်ချက်နဲ့ အညမည ပူးပေါင်းလုပ်ကိုင်တာတွေကိုတောင် ပိတ်ပင်ထားကြပါတယ်။ ဒီလိုမှပဲ လူ့ဘောင်လောကရဲ့ ဦးတည်ရာဟာ နိုင်ငံတော်(အစိုးရ)က သတ်မှတ်ထားတဲ့ ဦးတည်ချက်တွေနဲ့ စေ့စပ်လို့ရနိုင်မယ်မဟုတ်လား။

 

လူမှုအဖွဲ့အစည်းကို လည်ပတ်စေတဲ့ ကုန်စည်ကူးသန်းမှုစက်ဝန်း

 

ကုန်စည်ကူးသန်းရောင်းဝယ်ရေးကလည်း လူ့ယဉ်ကျေးမှုကို မြင့်တက်လာစေပါတယ်။ ရိုမန်တွေက တစ်ချိန်တုန်းက အရိုင်းအစိုင်းတွေလို့ သတ်မှတ်ထားတဲ့ ဥရောပမြောက်ပိုင်းကလာသူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် မျက်နှာချိုသွေးလာတာတွေဟာ ကုန်သွယ်ရေးရဲ့ ကျေးဇူးကြောင့်ပဲလို့ ပညာရှင် မွန်တက်စကျူးက ဝန်ခံခဲ့ပါတယ်။

 

လူ့ဘောင်လောကကြီး ကိုယ်ရည်စစ် သန့်စင်လာတာ၊ သိပ္ပံဝိဇ္ဇာအတတ်တွေ တိုးတက်လာတာဟာ ကုန်စည် ကူးသန်းမှု ဖြန့်ကျက်လာတာကြောင့်လို့ တွေးခေါ်ရှင် ဒေးဗစ်ဟျူးမ်က ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ “အမှန်တကယ် ကရုဏာထားတဲ့စိတ် ရှိစရာမလိုဘဲ တစ်ပါးသူရဲ့ အမှုတော်ထမ်း၊ ဝန်ဆောင်မှုပေးတာ” ဟာ ကုန်စည်ကူးသန်းမှုနဲ့အတူ ဖြစ်လာတာကိုး။ ဒီအခြေခံအရ စဉ်းစားရင် “လူဆိုးလူသွမ်းတွေကတောင်မှ သူတို့ရဲ့ အကျိုးစီးပွားရရှိရေးအတွက် အများကောင်းကျိုး ဆောင်ရွက်တဲ့” လူ့ဘောင်ကို ထူထောင်နိုင်တယ်လို့ ဟျူးမ်က ဆိုပါတယ်။

 

ကုန်သွယ်သူတွေဟာ အပြန်အလှန် ကတိကဝတ်တွေ တည်မြဲစေမယ့် အခင်းအကျင်းတစ်ခုမှာ ကုန်သွယ်ဖက်တွေနဲ့ ယုံကြည်မှု၊ စိတ်ချမှုရှိကြဖို့ လိုပါတယ်။ ပညာရှင် ဖရန်စစ် ဖူကူယားမားကတော့ အောင်မြင်တိုးတက်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ယုံကြည်မှုရဲ့ အရေးပါပုံနဲ့ လူမှုအဖွဲ့အစည်းတွေ ထွန်းကားလာဖို့အတွက် ယုံကြည်မှု တည်ဆောက်ရာမှာ ကုန်သွယ်မှုနဲ့ ကူးလူးဆက်ဆံမှုတွေက တစ်တပ်တစ်အား ပါဝင်နေပုံတွေကို တင်ပြခဲ့ပါတယ်။

 

ကိုယ်ကျိုးမငဲ့ခြင်းနှင့် ကိုယ်ကျိုးစီးပွား

 

တစ်သီးပုဂ္ဂလ လူတွေ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ အလုပ်သမားတွေ၊ ဝယ်ယူစားသုံးသူတွေနဲ့ တခြားသူတွေကပါ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပေါ်နေအောင်လို့ အတူတကွ ပါဝင်ပတ်သက်နေရတဲ့အကြောင်း အမေရိကန် ဘောဂဗေဒပညာရှင် ရော်နယ်ကို့စ်က ရေးဖူးပါတယ်။ လိုအင်ဆန္ဒတွေ ဘယ်လိုကွဲကွဲ  ကိုယ်ကျိုးစီးပွားအတွက် ဘယ်လိုပဲ အညမည ပူးပေါင်းလုပ်ကိုင်ကြဦးတော့ ဥပမာအားဖြင့် မိသားစုလို အစုအဖွဲ့တွေထဲမှာဆိုရင် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်လုပ်ကိုင်တာ၊ တခြားသူတွေအတွက် တွေးတောပူပန်ပေးတာတွေဟာ လူမှုရေးအရ အညမညပူးပေါင်းမိစေတဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။ သူ့နယ်ပယ်နဲ့သူ ဆီလျော်လျောက်ပတ်တဲ့ အခြေခံတွေတော့ ရှိရမှာပေါ့။ မိသားစုဘဝမှာ တစ်ကိုယ်ကောင်းဆန်တာ အဆင်မပြေသလို၊ စီးပွားရှာရာမှာ ကိုယ်ကျိုးမငဲ့လွန်းရင် ကြီးပွားလာမှာ မဟုတ်ပါဘူး။

 

ဒီတော့ အကောင်းဆုံး အကျိုးသက်ရောက်မှုတွေ ဖြစ်လာဖို့ လူသားရဲ့ မွေးရာပါ ဗီဇသိစိတ်ကို ပျိုးထောင်ပေးရာမှာ၊ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးရာမှာ လူမှုအဖွဲ့အစည်းလို ကြားအဆင့် အင်စတီကျူးရှင်းတွေက စွမ်းကြပါတယ်။ လူ့ခံစားချက်တွေကို နည်းမှန်လမ်းမှန်ဖြစ်စေဖို့၊ မဖြစ်သင့်တဲ့ ထိခိုက်နစ်နာမှုတွေကို ရှောင်နိုင်ဖို့ လူမှုအဖွဲ့အစည်းတွေက လမ်းကြောင်းပြညွှန်ပါတယ်။

 

မိသားစုတည်းဟူသော ခြေပုန်းခုတ်အင်စတီကျူးရှင်း


လူမှုအဖွဲ့အစည်းတွေ ပုံသဏ္ဌာန်ပေါင်းစုံနဲ့ ဖွဲ့စည်းကြရာမှာ အရေးကြီးဆုံးဖြစ်နိုင်တာက မိသားစုပါ။ ကလေးတွေကို အသိပညာပေး၊ ‌ထောက်ပံ့၊ စောင့်ရှောက်လမ်းညွှန်ရာမှာ မိသားစုဆိုတဲ့ လူမှုအဖွဲ့အစည်းကို တခြား ဘာအဖွဲ့အစည်းကမှ မယှဉ်နိုင်ကြဘူး။ စာရိတ္တပိုင်းတန်ဖိုးထားမှုတွေကို ပြဋ္ဌာန်းပေးနိုင်တဲ့၊ လူ့ခံစားမှုတွေကို မျက်ခြည်မပြတ်စေတဲ့ စွမ်းရည်ထူးတွေရှိတဲ့အတွက် မိသားစုတွေဟာ “ခြေပုန်းခုတ်နေတဲ့ အင်စတီကျူးရှင်းတွေ” ပဲလို့ ဗြိတိသျှစာရေးဆရာ ဖာဒီနန်မောင့်က ဆိုလေရဲ့။

 

(ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့) ရဲရင့်သော ကမ္ဘာလောကသစ် (Brave New World) ထဲမှာလို လူသားဆန်မှုနဲ့ မနှစ်မြို့စရာ အိပ်မက်ဆိုးတွေကိုရော၊ ပလေတိုရေးခဲ့တဲ့ “သမ္မတနိုင်ငံတော်” (Republic) ကျမ်းထဲကလို ကလေးတွေဟာ နိုင်ငံတော်ရဲ့ အအုပ်ထိန်းခံ ဖြစ်တယ်ဆိုတာတွေကိုပါ မိသားစုတွေက ရင်နဲ့ဆီးကာပြီး မျှမျှတတ ရပ်တည်ကြတယ်။


တန်ဖိုးထားမှုတွေကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းတဲ့နေရာမှာ အင်မတန် ထက်မြက်ပါပေ့ဆိုတဲ့ စာရိတ္တဆရာတွေရော၊ မင်းဆိုးမင်းညစ် အုပ်ချုပ်သူတွေရဲ့ ဝါဒဖြန့်ချိရေးတွေပါမကျန်ထက် ပိုစွမ်းတာက မိသားစုတွေပါပဲ။ အနာဂတ်မှာ နိုင်ငံကြီးသား ဖြစ်လာမယ့်သူတွေကို အမှားအမှန် ခွဲခြားသိရှိနိုင်ဖို့ လေ့လာသင်ယူမှုပေးနိုင်တာဟာ မိသားစုတွေပါပဲ။

 

မိသားစုဆိုတဲ့ စုဖွဲ့မှုအားကောင်းတဲ့ လူ့ဘောင်တွေမှာ ဆုံးဖြတ်စရာရှိတာတွေကို နိုင်ငံတော်က ဝင်ပါစရာမလိုဘဲ မိသားစုကသာ ဆုံးဖြတ်တယ်။ ဒီတော့ လူတစ်ဦးချင်းစီမှာလည်း အမှန်နဲ့အမှားရဲ့ ကွဲပြားပုံကို ပီပီပြင်ပြင် နားလည်လက်ခံမှုရှိကြတယ်။ အရွယ်ရောက်ပြီးသား နိုင်ငံသားတွေကို ဘယ်အစိုးရကမှ သူငယ်နှပ်စားတွေလို မဆက်ဆံတာက လွတ်လပ်လူ့ဘောင်တွေရဲ့ အားသာချက်ပါပဲ။

 

လူတစ်ဦးချင်းနဲ့ နိုင်ငံတော်တို့ကြားက ကြားခံနယ်

 

လွတ်လပ်လူ့ဘောင်မှာ လူမှုအဖွဲ့အစည်းတွေဟာ အုပ်ချုပ်သူတွေရဲ့ အာဏာစက်ကို တန်ပြန်ထိန်းညှိတဲ့ အခန်းကဏ္ဍကနေ အဓိကပါဝင်လှုပ်ရှားနေကြတယ်။ လူတွေသာ အတ္တရှေ့တန်းတင်၊ တစ်ဦးနဲ့တစ်ဦး ကင်းကွာပြီး၊ လူသားရဲ့ အညမညပူးပေါင်းလုပ်ကိုင်ပုံတွေနဲ့ အသားတကျ မဖြစ်ရင် “လွတ်လပ်မှုအစား ငါတို့က လုံခြုံမှုပေးထားသားပဲ” ဆိုတဲ့ မင်းဆိုးမင်းညစ် ဉာဉ်ဆိုးရဲ့ သားကောင်တွေဖြစ်ဖို့ ပိုလွယ်သွားမှာပါ။

 

လူ့တပ်စုငယ်လေးတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း ကိုယ့်လူ့အသိုက်အဝန်းပေါ် ပိုသစ္စာခိုင်မြဲစေဖို့ လူတွေကို ဆော်ဩနေသလို တစ်ချိန်တည်းမှာပဲ မင်းဆိုးမင်းညစ်တွေ လိုလားကြတဲ့ ဘယ်အခြေအနေမဆို ပြည်သူဟူသမျှ နိုင်ငံတော်အပေါ် သစ္စာရှိကြေးဆိုတာကို ဆန့်ကျင်အန်တုရာမှာလည်း မားမားမတ်မတ် ပါဝင်နေပါတယ်။ မင်းဆိုးမင်းညစ်ဝါဒီတွေ လိုချင်ကြတဲ့ သစ္စာခံမှုကို တိုက်ဖျက်ရင်း၊ နာခံမှု၊ ကျိုးနွံမှုတို့နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တဲ့ တန်ဖိုးထားမှုတွေကို မိသားစု၊ ဘာသာရေးအဖွဲ့အစည်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းနဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေက ဖြန့်ဖြူးနေကြတာပါ။

 

ဒါကြောင့် လူသားတွေ ထူထောင်ခဲ့သမျှ မင်းဆိုးမင်းညစ် လူ့ဘောင်တိုင်းဟာ လူမှုအဖွဲ့အစည်းတွေကို ချေမှုန်းဖို့ ကြိုးစားခဲ့ကြတာပေါ့။ တစ်ဖက်ကကြည့်ရင်တော့ ဘယ်လောက် လူမှုအဖွဲ့အစည်းတွေ ထွန်းကားဝေဆာသလဲ ဆိုတာကြည့်ပြီး လူ့ဘောင်တစ်ခု ဘယ်လောက်လုံခြုံတယ်၊ လွတ်လပ်တယ်ဆိုတာကို တိုင်းတာလို့ ရပါတယ်။

 

လူမှုအဖွဲ့အစည်းရဲ့ ရန်သူတော်များ

 

ဖက်ဆစ်ဝါဒ ဒါမှမဟုတ် ကွန်မြူနစ်ဝါဒ ကိုင်စွဲတဲ့ အုပ်ချုပ်သူအစိုးရတွေဟာ သမိုင်းတလျှောက်မှာ မိသားစုတစ်ခုချင်းစီအပေါ် စစ်ကြေညာတာ၊ ရန်ရှာတာ၊ သားသမီးနဲ့မိဘကြား၊ လင်နဲ့မယားကြား၊ မျိုးဆက်တစ်ခုနဲ့တစ်ခုကြား သွေးခွဲခဲ့ကြတာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။ သူတို့ဘာကြောင့် ဒီလိုလုပ်ကြသလဲဆိုတဲ့ အကြောင်းရင်းက သူတို့ (အုပ်ချုပ်သူတွေ) ဟာ မိသားစုထဲမှာ သဘာဝကျကျ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေထက် သာလွန်တဲ့ ဦးစားပေးမှု၊ သစ္စာရှိမှုတွေကို ခံယူပြီး၊ သူတို့ရည်ရွယ်ချက်၊ လိုအပ်ချက်တွေအတွက် အသုံးတည့်စေမယ့် သတင်းအချက်အလက်တွေကို အစ်ထုတ်ချင်ကြလို့ပါ။ နိုင်ငံတော် (အစိုးရ)ရဲ့ လိုလားမှုတွေကို တော်လှန်ဆန့်ကျင်ရာမှာ မိသားစုလို စုဖွဲ့မှုတွေမှာ ရှိနေတဲ့ ခင်မင်တွယ်တာမှုနဲ့ သစ္စာနှောင်ဖွဲ့မှု ရှိနေသမျှကာလပတ်လုံး အစိုးရကို အန်တုဖို့ ခြေပုန်းခုတ်နေနိုင်တယ်မဟုတ်လား။

 

အားကောင်းတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဟာ မင်းဆိုးမင်းညစ်တွေအဖို့ ဆူးညှောင့်ခလုတ်ပဲ။ ဘာလဲဆိုတော့ လူမှုအဖွဲ့အစည်းတွေဟာ စာရိတ္တစံနှုန်းတွေကို ထိန်းသိမ်းပြီး လွတ်လပ်မှုအပေါ် တန်ဖိုးထားမှုတွေကိုလည်း တည်တံ့စေတယ်လေ။ လူမှုအဖွဲ့အစည်းတွေရဲ့စုဖွဲ့မှုကို လှိုက်စားပစ်လိုက်တော့မှသာ အင်အားကြီးလာတဲ့ အုပ်ချုပ်သူတွေဟာ လူတွေရဲ့ အကာအကွယ်တွေကို တစ်လွှာချင်းစီ အရေခွံခွာပြီး စွက်ဖက်ခြယ်လှယ်ချင်တဲ့ အစိုးရလက်ခုပ်ထဲ ထည့်ထားနိုင်မှာပေါ့။


လွတ်လပ်လူ့ဘောင်ရဲ့ရန်သူတော်ကြီးတွေဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်မှုတွေက နိုင်ငံတော် အာဏာကျင့်သုံးမှုလောက် အရေးမပါဘူးဆိုပြီး ချိုးနှိမ်ကြသူတွေပါ။

တကယ်လို့သာ အစိုးရနဲ့ နိုင်ငံသားတစ်ဦးချင်းကြားက အလွှာလွှာ အထပ်ထပ်ကို ဆုတ်ဖြဲပစ်နိုင်ရင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီဟာ အဲဒီ လွတ်လပ်လူ့ဘောင်ရဲ့ရန်သူတော်ကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့ ဖြစ်သွားကြတော့မှာပေါ့။

 

အပြန်အလှန်ထားရှိတဲ့ ဝတ္တရားများနဲ့ ရှုပ်ထွေးတဲ့ ကွန်ရက်

 

လူ့ဘောင်လောကမှာ နိုင်ငံရေးအာဏာတွေကို ကာဆီးပြီး၊ လူမှုရေးဩဇာကို အဓွန့်ရှည်စေတဲ့ ကွန်ရက်ကြီးတစ်ခု ရှိတယ်။ အဲဒီကွန်ရက်ကြီးကပဲ လူ့ဘောင်လောကဟာ သူ့ဓမ္မတာအတိုင်း ထိန်းကျောင်းလည်ပတ်နေဖို့ အပြန်အလှန်ထားရှိရတဲ့ အခွင့်အရေးတွေနဲ့ တာဝန်တွေကို ဖန်တီးပေးထားတယ်။ လူ့ဘောင်လောကဆိုတာဟာ အသက်ရှိနေဆဲ လူသားတွေသာမက ကွယ်လွန်သွားသူတွေရော၊ မွေးမလာသေးသူတွေရော အားလုံး လက်သင့်ခံထားကြတဲ့ မဟာသ‌ဘောတူညီမှုကြီးတစ်ခုပဲ။

 

လုပ်သင့်တာ၊ မလုပ်သင့်တာတွေကို သတ်မှတ်ထားတဲ့ စာရိတ္တစည်းမျဉ်းတွေကြောင့် လူတွေဟာ ကိုယ်လုံးဝမသိသူတွေ၊ တစ်ခါတလေများဆို သိဖို့ ဘယ်လိုမှ မဖြစ်နိုင်သူတွေရဲ့ အကျိုးစီးပွားအတွက်တောင် အကျိုးပြုနေကြတာပါ။ ဝတ္တရားကျေချင်တဲ့ မွေးရာပါဗီဇစိတ်ကြောင့် လူတွေဟာ အပြန်အလှန် ကောင်းစားရေးအတွက် ပိုဟန်ကျပန်ကျနဲ့ အကျိုးရှိတဲ့ အခန်းကဏ္ဍကိုယ်စီက ဆောင်ရွက်ပေးတာမျိုး ဘယ်အစိုးရမှ မလုပ်နိုင်ပါဘူး။

 

မိဘတွေနဲ့ သားသမီးတွေမှာ အခွင့်အရေးတွေ ရှိကြသလို အပြန်အလှန် ဝတ္တရားကိုယ်စီလည်း ရှိကြတယ်။ မျိုးဆက်တိုင်းမှာလည်း ကိုယ့်ရှေ့က သွားနှင့်လေသူတွေအတွက်ရော၊ ရောက်လာဦးမယ့်သူတွေအတွက်ရော ဝတ္တရား ရှိတယ်။ အိမ်ထောင်မှု၊ မိတ်ဆွေအပေါင်းအသင်းဖြစ်မှုနဲ့ ကုန်ကုန်ပြောရရင် လူနဲ့တိရိစ္ဆာန်လောကကြားက ဆက်ဆံရေးတွေမှာတောင် ဝတ္တရားတွေ ရှိနေကြတယ်။ ဝတ္တရားတွေ ရှိနေကြတာကြောင့်လည်း တခြားသူတွေက ကိုယ့်အပေါ်ကျေးဇူးပြုမှာပဲလို့ မျှော်လင့်ယုံကြည်ထားနိုင်သလို၊ ကိုယ်ကလည်း တာဝန် ဝတ္တရားတွေကို ကျေပွန်အောင်လုပ်မယ်ဆိုပြီး လူ့ဘောင်လောကရဲ့ ချည်ငင်ထုံးဖွဲ့မှုတွေ ဖြစ်လာကြတာပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလို ကွန်ရက်ချိတ်ဖွဲ့နေတာကို နိုင်ငံတော်(အစိုးရ)က အစားထိုး ဝင်နေရာမယူနိုင်သလို နေရာယူဖို့ အတင်းအဓမ္မ ကြိုးစားလာရင်လည်း ကျော်မကောင်းကြားမကောင်း ကြမ်းကြုတ်ရက်စက်မှုတွေသာ ရလာမှာပါပဲ။

 

လူမှုအဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ခြင်း

 

ဒီနေ့ခေတ်မှာ မီးကုန်ယမ်းကုန် အာဏာစွမ်းပြနေကြတဲ့ နိုင်ငံတော်(အစိုးရ)တွေက လူမှုထုံးတမ်းတွေ ပျက်စီးသွားအောင် ပစ်ပစ်ခတ်ခတ်လုပ်ထားတဲ့ လူ့ဘောင်တွေ ရှိပါတယ်။ အဲဒီလူ့ဘောင်တွေမှာ လှိုက်စားခံနေရတဲ့ လူမှုထုံးတမ်းတွေကို ပြန်တည်ဆောက်ထူထောင်တာထက် ပိုအရေးကြီးတဲ့အလုပ် မရှိဘူးလို့ ဆိုရမှာပဲ။

 

အဲဒီလုပ်ငန်းကိစ္စကို အစိုးရတွေမှပဲ လုပ်နိုင်မှာပါလို့ ထင်ရင်တော့ အလွဲကြီးလွဲမှာပဲ။ လွတ်လပ်တဲ့လူသားတွေရဲ့ ပင်ကိုစေ့ဆော်မှုကြောင့် ပေါ်ပေါက်လာတဲ့ လူပီသတဲ့ လုပ်ဆောင်ချက်တွေကြောင့် လူမှုအဖွဲ့အစည်းရယ်လို့ ဖြစ်လာတာပါ။ အစိုးရတွေဘက်က လုပ်ပေးနိုင်တာဆိုလို့ ပြည်သူတွေ ကြိုးပမ်းအားထုတ်ရာမှာ ကာဆီးကာဆီးနဲ့ ဝင်မရှုပ်ဘဲ လူအချင်းချင်း အပြန်အလှန် လွတ်လွတ်လပ်လပ် သင်းပင်းဖွဲ့စည်းလုပ်ဆောင်ခွင့် ပေးထားဖို့ပါပဲ။

 

လူ့ဘောင်လောကရဲ့ စာရိတ္တဖျင်ထည်ကြီးကို နောင်လာမယ့် မျိုးဆက်အလီလီအဖို့ လက်ဆင့်ကမ်းနိုင်အောင် ဖွဲ့စပ်ချုပ်လုပ်ရတာထက် ဆုတ်ဖြဲဖျက်ဆီးပစ်ရတာ ပိုလွယ်ပါတယ်။ ဒီကိစ္စကို စလုံးရေး,စ လုပ်နိုင်မှသာ လွတ်လပ်မှုဟာ အဓွန့်ရှည်နိုင်မယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး။ ဆိုလိုတာက လူသားတွေဟာ သူတို့ရဲ့ စီးပွားရေးရာ ကိစ္စတွေ၊ ကိုးကွယ်ယုံကြည်မှု ကိစ္စတွေနဲ့ မိသားစုဘဝတွေမှာပါ မဖြစ်မနေ လွတ်လပ်မှုရှိကြရမှာ ဖြစ်ကြောင်းပါ။

 

ဖတ်ရှုရန်


six book covers suggested for Civil Society

  • Edmund Burke, Reflections on the Revolution in France, London, Penguin, 1968.

  • Benjamin Constant, Benjamin Constant: Political Writings, Cambridge, Cambridge University Press, 1988 (1833), pp.309-328.

  • Francis Fukuyama, Trust: the Social Virtues and the Creation of Prosperity, New York, Free Press, 1995.

  • Ernest Gellner, Conditions of Liberty: Civil Society and Its Rivals, London, Hamish Hamilton, 1994.

  • David Green, Reinventing Civil Society, London, Institute of Economic Affairs, 1993, Part 1.

  • Alexis de Tocqueville, Democracy in America, New York, Fontana, 1968 (1840), Volume 2, Part 2.

 

တွေးစရာ မေးခွန်းများ

 

၁။ လူမှုအဖွဲ့အစည်းတွေက ဘာကြောင့် တန်ဖိုးထားထိုက်တာလဲ။

၂။ ဥပမာအားဖြင့် မူးယစ်ဆေးဝါးစွဲနေသူတွေ၊ ဆင်းရဲသားတွေကို ကူညီပံ့ပိုးရာမှာ အစိုးရရဲ့ တာဝန်ဝတ္တရားတွေကို လူမှုအဖွဲ့အစည်းတွေက ဘယ်အတိုင်းအတာထိ ဖြည့်စွမ်းပေးနိုင်လဲ။

၃။ အစိုးရက လူမှုအဖွဲ့အစည်းတွေကို ဘယ်လို အားပေးထောက်ပံ့သင့်လဲ။

208 views1 comment
bottom of page