top of page

ဝက်ဘ်ဆိုက်တစ်ခု မွေးဖွားခြင်း

ပြည်တွင်းအဖွဲ့အစည်းတွေအတွက် အထောက်အကူပြုပြီး လွယ်လွယ်ကူကူ သုံးနိုင်ဖို့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်းစင်တာ ဝက်ဘ်ဆိုက်က ဘာတွေ ပြင်ဆင်ထားလဲ။



လူတစ်ယောက်ကို အကောင်းဆုံး တိုင်းတာအကဲဖြတ်ချင်ရင် ဇိမ်ကျ၊ သာယာနေတဲ့အချိန်မှာ ဒီလူ ဘယ်မှာရပ်တည်သလဲဆိုတာထက် စိန်ခေါ်မှုတွေနဲ့ခေတ်ကာလကြီးထဲ သူဘယ်ဘက်က ရပ်တည်သလဲဆိုတာ ကြည့်ရမယ် – မာတင်လူသာကင်း ဂျူနီယာ

စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အပြောင်းအလဲတွေကို အားလုံးက လိုလိုလားလား ကြိုဆိုကြမြဲပါပဲ။ အပြောင်းအလဲတွေက အကောင်းတွေဆီကို ဦးတည်ဖို့၊ ‌အကျိုးသက်ရောက်မှုရှိဖို့တော့ လိုအပ်တာပေါ့။


ဒီလိုနေ့ရက်တွေထဲမှာ ... တစ်ယောက်နဲ့တစ်ယောက် မတွေ့ရမမြင်ရတာကြာ၊ ဘာတွေလုပ်ကိုင်နေကြသလဲ သတင်းတွေ ပြတ်လပ်နေခဲ့ကြတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာပဲဖြစ်ဖြစ်၊ ထက်သန်နိုးကြားတဲ့ နိုင်ငံသားတစ်ဦးချင်းစီနဲ့ပဲဖြစ်ဖြစ် ဆုံစည်းပြီး အပြန်အလှန် လေ့လာသင်ယူနိုင်ဖို့၊ ညှိညှိနှိုင်းနှိုင်းနဲ့ လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုး ဝိုင်းဝန်းသယ်ပိုးကြဖို့၊ ပြည်တွင်းအဖွဲ့အစည်းတွေအတွက် ရေခံမြေခံကောင်းတွေ ဖန်တီးဖို့ဆိုတာ ခဏခဏမက်ခဲ့မိတဲ့ အိပ်မက်တွေပဲ။


ဒီအိပ်မက်တွေ လက်တွေ့အထမြောက်စေဖို့ စင်တာဟာ ရှေ့ကို ခြေလှမ်းတစ်လှမ်း တိုးလိုက်တာပဲ။ မြေပြင်ပေါ်မှာ စင်တာတစ်ခုကို ထူထောင်နိုင်ဖို့ အကန့်အသတ်တွေ အများကြီး ရှိနေသေးတာကြောင့် အွန်လိုင်းပေါ်မှာ ဝက်ဘ်ဆိုက်တစ်ခုအဖြစ်နဲ့ပဲ စတင်ရတာပေါ့။


ဒီဝက်ဘ်ဆိုက်မှာ စင်တာကို ဘယ်သူတွေက ဘယ်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်။ ဘာတွေကို မဟာဗျူဟာချမှတ် လုပ်ကိုင်မယ်ဆိုတာ ‌ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။


ထက်သန်နိုးကြားတဲ့ မိတ်ဆွေနိုင်ငံသားတွေနဲ့ မိတ်ဖက် ဘဝတူ ပြည်တွင်းအဖွဲ့အစည်းတွေအတွက် ယုံကြည်ကိုးစားထိုက်တဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေကိုလည်း စာအုပ်စင်ကဏ္ဍနဲ့ ထွေရာလေးပါးကဏ္ဍတွေမှာ တွေ့မြင်ဖတ်ရှုနိုင်ကြမှာပါ။


လုံခြုံမှုအာမခံချက်ရှိတဲ့ အခင်းအကျင်းတစ်ခုနဲ့ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်သွယ်ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာဖို့အတွက်ကတော့ ကြိုးစားနေတုန်းပါပဲ။ နတ်တို့ဖန် ရေကန်အသင့် ကြာအတင့်တော့ မဖြစ်နိုင်‌သေးသရွေ့ လက်လှမ်းမီသမျှ အရင်းအမြစ်တွေထဲကနေ တစ်ဆင့်ချင်း ရှေ့ဆက်လှမ်းနေမယ်ဆိုတာ ‌သေချာပါတယ်။ ဒါမှလည်း စိန်ခေါ်မှုတွေနဲ့ ခေတ်ကာလကြီးထဲ ဘယ်ဘက်က ရပ်တည်သလဲဆိုတဲ့ မေးခွန်းကို ရဲရဲဝံ့ဝံ့ ဖြေဆိုနိုင်မှာပေါ့။


ပိုကောင်းတဲ့နေ့တွေအတွက် နိုးကြားမှုနဲ့ လုံ့လဝီရိယတွေ ဆက်တိုးပွားပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။

1,160 views1 comment
bottom of page