top of page

တော်လှန်အစုစု လူထုဆန္ဒသာရှေးရှု

မိုးတိုးမတ်တပ်စကားဝိုင်း - ၈


a sketch of leaves over the background of fishtrap and frog footprints

မော် - ကိုင်း ... ဘယ်နှယ်ရှိစ ... သေရဲတဲ့ကောင် ထွက်ခဲ့ဆို။ ဟားဟား... အခုအဲဒီကောင်တွေ ဘယ်လိုဖြစ်နေပြီလဲ။


မိုး - ကဲ ... အဲဒါသာကြည့် ကိုတိုးရေ... ။ ကိုထင်မော်ကြီး အတော်အူမြူးလာပုံပဲ။

တိုး - ကိုထင်မော်ကြီး အသံတွေ အတော်တက်ကြွနေပါလား။


မော် - ဘာပြောကောင်းမလဲ ငတိုးရာ... ။ ငါတော့ ဝါးလုံးကွဲ ပျော်တာဟေ့။ မိမိုးနဲ့ငတိုးရေ၊ မင်းတို့ထင်မြင်ချက်တွေ ဒီအချိန်မှာ ပိုကြားချင်ပါဘိကွာ။


မိုး - ငိုချင်လျက် လက်တို့ပါလား ကိုထင်မော်ကြီးရေ။ ဒီစစ်ဆင်ရေးက ချိန်သားကိုက်ပဲနော်။ ဒီစစ်ဆင်ရေး စတင်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရော တိုင်ရင်းသားလက်နက်ကိုင်တွေရဲ့ ခုခံစစ်ကြောင့်ပါ စစ်ကောင်စီက တကယ့်ကို အင်အားချည့်နဲ့နေပြီ။ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဟာ ဒီစစ်ဆင်ရေး မစတင်ခင် ပြင်ဆင်ချိန် ကောင်းကောင်းရတယ်။ မိုးပြောချင်တာက ရှေ့မှာ နွေဦးရဲ့ အခိုင်အမာ ခုခံစစ်သာမရှိခဲ့ရင် မိုးတို့ ဒီလိုအခြေအနေ တွေ့ရမှာမဟုတ်ဘူး။ အခုလက်ရှိလည်း စုဖွဲ့မှုနဲ့ ချိတ်ဆက်မှုမရှိရင် ပလိုင်းပေါက်နဲ့ဖားကောက်ဖြစ်မှာပဲ။


စစ်အုပ်စုက ရခိုင်ကိုလည်း စစ်ထိုးမယ့်ပုံရှိတယ်။ လူထုကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေလည်း ပိုလုပ်လာနိုင်တယ်။ စစ်ရေးမှာ လူထုကို ဒုက္ခထဲပိုဆွဲချတဲ့နည်းနဲ့ တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးလာနိုင်တယ်။

တိုး - ဟုတ်တယ် မမိုး။ ၁၀၂၇ ဟာ အချိန်အဆမှန်တယ်။ ကွက်တိဖြစ်တယ်ပေါ့ဗျာ။ ဘေကျင်းအမျက်တော်ရှနေတဲ့ ကျားဖြန်ကို နှိမ်နင်းမယ်၊ လူထုတရပ်လုံးရဲ့ဆန္ဒ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ် ဆိုတာတွေက လက်ရှိ အခြေအနေမှာ အတော်အစပ်အဟပ်တည့်ပြီး ထောက်ခံပံ့ပိုးမှုတွေများနေတဲ့ အဓိကအချက်တွေလို့ မြင်တယ်။


မော် - ငါသတိထားမိတာကတော့ NUG အပြင် တခြားတော်လှန်ရေးအင်အားစုတွေကလည်း ဒီစစ်ဆင်ရေးကို ထောက်ခံကြ၊ ပူးပေါင်းပါဝင်ကြပါတယ်။ NUG ရဲ့ မန္တလေး PDF လည်း ဒီစစ်ဆင်ရေးမှာ ဝင်နွှဲနေတယ် မဟုတ်လား။ အားရကျေနပ်စရာပဲကွ။


မိုး - ဟုတ်တယ် ကိုထင်မော်ကြီးရဲ့။ လူထုအတွက်ရော၊ တခြားတော်လှန်ရေး အင်အားစုတွေအတွက်ရော ခွန်အားဖြစ်ရတဲ့ အခြေအနေပါ။ မိုးပြောချင်တာက မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးက ဘယ်အထိသွားမှာလဲ။ ဘယ်မှာ ရပ်မှာလဲ။ ဥပမာ - နယ်မြေစိုးမိုးရေး ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ချိန်မှာ ရပ်မှာလား။ ဒါမှမဟုတ် လူထုတရပ်လုံးရဲ့ နိုင်ငံရေးဆန္ဒပြည့်တဲ့ထိ ဒီစစ်ဆင်ရေးကို ဆင်နွှဲမှာလား။ နောက်တစ်ခုက ဆန္ဒရှိရင်တောင် အကန့်အသတ်နဲ့သွားမယ့် သဘောလား။ ဒါတွေ ပြောနိုင်ဖို့တော့ အချိန်လိုဦးမယ်။


တိုး - ကျနော့်အမြင်တော့ လူထုတရပ်လုံးရဲ့ နိုင်ငံရေးဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအထိ မြောက်ပိုင်းသုံးဖွဲ့က သွားချင်တဲ့ဆန္ဒရှိမယ်လို့ ယူဆတယ်။ သွားလည်း သွားသင့်တယ်။ အဲဒီပန်းတိုင်အထိ ရောက်နိုင်ဖို့ လိုအပ်တဲ့ အခင်းအကျင်းတွေ ရှိထားပြီးသားပဲ။


မော် - အေး ...ဒါတော့ဟုတ်တယ် ငတိုးရေ။ သဘောတူတယ်ကွာ။ တို့တွေ စစ်အာဏာရှင်အဆက်ဆက် ကျောကော့အောင် ခံခဲ့ရတာပါ။ နိုင်ငံရဲ့ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ အခြေအနေတွေ အခွင့်အလမ်းတွေကို ဒီအာဏာရှင်တစ်သိုက်ကပဲ အညွှန့်ခူးစားနေတာ။ အခုလို ပြည်သူတရပ်လုံးထောက်ခံမှု အင်နဲ့အားနဲ့ရှိနေချိန်မှာမှ ဒီစနစ်ဆိုးကို အမြစ်ပြတ်အောင်သာ ဖြတ်ရမှာ မဟုတ်လား။


မိုး - ၁၀၂၇ ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေက ခရီးဆုံးထိလျောက်ဖို့ မက်ဆေ့ပေးနေတာပဲလေ။ အညာလူထု လုပ်ရှားမှုတွေ၊ ရန်ကုန်လိုနေရာမျိုးက ပြောက်ကျားသပိတ်တွေက ဒါကိုပြနေတာ။


တိုး - ဒီအခြေအနေတွေမှာ ဘေကျင်းက သူ့ဆန္ဒကို လူသိရှင်ကြားထုတ်ပြတာ ရှိပေမယ့် ထုတ်မပြောတဲ့ သူ့ဆန္ဒကိုလည်း ကျနော်တို့ ကောက်ယူကြည့်သင့်တယ်။ ကျားဖြန်ကိစ္စမှာ ဘေကျင်းက စစ်အုပ်စုကို တော်တော်လေး မကျေမနပ် ဖြစ်ပုံရတယ်။ သေချာသလောက်ပဲ။ မြောက်ပိုင်းအုပ်စုရဲ့ နောက်ကွယ်မှာ တရုတ်ရှိတယ် ပြောပြော၊ မရှိဘူး ပြောပြော ဘယ်လောက်အထိ ခရီးရောက်မလဲ တွက်ချက်ဖို့ဆို တရုတ်ရဲ့အလိုဆန္ဒကိုလည်း ထည့်တွက်ရမယ်၊ အရေးပါတယ်။


မော် - ငါသတိထားမိတာက ၁၀၂၇ စစ်ဆင်ရေး အရှိန်ကောင်းနေချိန်မှာ တရုတ်နိုင်ငံတော်ကောင်စီဝင် နေပြည်တော် ရောက်လာတယ်။ ဒါပေမဲ့ တရုတ်သံရုံး သတင်းထုတ်ပြန်ချက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဘာမှ ပြောမထားဘူး။


မိုး - စစ်အုပ်စု ရဲ့ NCA ရှစ်နှစ်ပြည့်ကလည်း ပလုံလို့တောင် မမြည်နိုင်ဘူး။ အခု MOGE ကို အမေရိကန်က ပိတ်ဆို့တယ်။ အလုံးစုံပိတ်ဆို့တာမဟုတ်ပေမယ့် ငွေပေးငွေယူကိစ္စတွေမှာ တော်တော်လေး အကျပ်တွေ့ပြီပဲ။ အခု နယ်စပ်ကုန်သွယ်ရေး စခန်းတွေ အလုပ်မလုပ်နိုင်ဘူး။ အဖက်ဖက်မှာ နာလန်မထူနိုင်ဘူး။ တပ်ပျက်ပြိုလဲဖို့ အခြေအနေက အနီးဆုံးကို ရောက်နေပြီ။


တိုး - ဟုတ်တယ် မမိုး။ အခုအခြေအနေတွေကြည့်ရတာ စစ်အုပ်စုက ရခိုင်ကိုလည်း စစ်ထိုးမယ့်ပုံရှိတယ်။ လူထုကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေလည်း ပိုလုပ်လာနိုင်တယ်။ စစ်ရေးမှာ လူထုကို ဒုက္ခထဲပိုဆွဲချတဲ့နည်းနဲ့ တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးလာနိုင်တယ်။


မော် - ပေးစမ်းပါစေကွာ၊ တို့လူထုကလည်း မခေပါဘူးကွာ။ ဒါပေမဲ့ သတိတော့ ထားရမှာပေါ့။ ပြင်လည်း ပြင်ဆင်ရမှာပေါ့ကွာ။


မိုး - အတ္တတွေ၊ လောဘတွေ၊ အကျိုးစီးပွားတွေနဲ့ ဝေးလေ၊ လူထုအောင်ပွဲနဲ့ နီးလေပါပဲ ကိုထင်မော်ကြီးရေ။ ဆရာဦးအောင်သင်း စပ်ခဲ့တဲ့ ကဗျာလေးတစ်ပိုဒ်ရှိတယ်လေ။ “... ပြည်သူ့နှလုံး မသိမ်းကျုံးလျှင် ပြည်သူ့အင်အား မလေးစားလျှင် ဓားသွားလည်းကြွေ လှံလည်းခွေအံ့” ဆိုလား။ အတော်များများက လက်ဝဲသုန္ဒရစပ်တယ်လို့ ထင်နေကြတာ။ ပြည်သူ့နှလုံး သိမ်းကျုံးနိုင်မှလူထုအောင်ပွဲနဲ့ နီးမှာပေါ့။ လူထုရဲ့ သိမှုကိုတော့ လှည့်စားလို့မရပါဘူး။


တိုး - ပြည်သူ့နှလုံး သိမ်းကျုံးပေမယ့် ဗျူဟာ,သာဖို့အတွက် စုစည်းမှုရှိမှ၊ သဘောထားတွေနီးမှ ဖြစ်မယ် မမိုး။ မဟုတ်ရင်တော့ မမိုးပြောခဲ့သလို ပလိုင်းပေါက်နဲ့ ဖားကောက် ဖြစ်နေမှာပဲ။


မော် - တော်လှန်ရေးအင်အားစုတွေကြားမှာ သဘောထားချင်း ထပ်တူမကျရင်တောင်မှ နီးနိုင်သမျှ နီးဖို့တော့လိုတယ်။ နီးဖို့ဆိုလည်း ပြည်သူ့မျက်နှာကို ပြန်ကြည့်ဦးမှ။ ပြည်သူတွေက အောင်သပြေတွေနဲ့ စောင့်နေကြတာ။ တော်ကြာ အဝယ်လိုက်လွန်းလို့ သပြေပန်းဈေးတက်ပြီး တကယ်အောင်ပွဲရရင် ပလပ်စတစ်သပြေပန်းတုတွေ ဖြစ်နေကြပါဦးမယ် ငါ့ကောင်တွေရေ ...။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၈ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၁၉ နဲ့ ၂၀ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့ အာဘော်သာဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူ ကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

1,087 views5 comments
bottom of page