top of page

ယိုတော့ကြွက်မွေး ငှက်ပျောသီးကျွေး

မိုးတိုးမတ်တပ်စကားဝိုင်း - ၇


line drawing of a cat and a monkey's shadow approaching

မိုး - ဟယ် ... ကိုထင်မော်ကြီး မျက်လုံးတွေ ရဲလို့ပါလား။ အဘတို့တွေ သတင်းကြားပြီး ငိုထားတာလား။


မော် - နင့်မေကြီး ... ငိုပါလား။ ငါ ...တယ်လေ ... မျက်စိနာနေတာ။ အခုတလော မျက်စိတွေနာကြ ကူးနေကြတာပဲ။ ထားပါကွာ။ သတင်းတွေလည်း မဖတ်ရလို့ ဘာတွေထူးသေးလဲ။ လုပ်စမ်းပါဦး ငမိုးရ ...။


မိုး - ထားပါကွာ မလုပ်နဲ့ ။ ဆရာဝန်နဲ့တိုင်ပင်၊ မျက်စဉ်းဆေးလေး ဘာလေးခတ်။ သန့်သန့်ရှင်းရှင်းနေ။


တိုး - ဟုတ်တယ် ကိုထင်မော်ကြီး။ ဂရုစိုက်ဦး။ အဓိက,က လက်ဆေးရမယ်။ အသုံးအဆောင်တွေခွဲထား။ မဟုတ်ရင် မိသားစုတွေ ကူးကုန်မယ်။


မော် - အေးပါ ... ကဲ ... ငတိုး ။ လုပ်စမ်းပါဟ။


တိုး - ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့ ရာထူးအဆောင်အယောင်တွေ ရုပ်သိမ်း ဖမ်းဆီးစစ်ဆေးခံနေရတယ်တဲ့။ ဒီသတင်းက အံ့ဩစရာ မကောင်းပေမယ့် ထူးခြားတယ် ကိုထင်မော်ကြီးရ။ ဒါက တပ်မှာ သာမန်အခြေအနေ မဟုတ်ဘူးဆိုတာကို ပြနေတာပဲ။


မိုး - သေချာတာပေါ့ ကိုတိုး။ တပ်ရဲ့ အလှုပ်အရမ်းက ရစ်ချက်တာစကေး ခုနစ်အထက်မှာ။ ဒါကြောင့်လည်း ဒီရက်ပိုင်း ငလျင်တွေခဏခဏ လှုပ်နေသလားလို့ ဟားဟား။ ပြိုဆင်းလာတာပေါ့လေ။ သူတို့ချင်း အားပြိုင်မှုကလည်း အဖုအထစ်တွေနဲ့ စောင်နေပုံပဲ။ မိုး အထင်တော့ ဒီထက် ထူးခြားတဲ့ သတင်းတွေ ပေါ်လာဦးမယ်ထင်တာပဲ။


မော် - ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဆိုတာ တခြားသူမှ မဟုတ်ဘဲ။ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားကြတဲ့ တပ်ချုပ်ရဲ့လက်ရင်းတပည့်ကြီးပဲ။ အေး ...အခုလည်း မထူးပါဘူး။ အချုပ်တော့ အချုပ်ပါပဲ။ ငါတော့ မအံ့ဩပါဘူးကွာ။ ဒါက စစ်အာဏာရှင်တွေရဲ့ အမူအကျင့်ပဲကွ။ အာဏာအတွက်ဆို ဘနဖူးတောင် သိုက်တူးမယ့်သူတွေမှာ တပည့်တွေ၊ ဆရာတွေ မရှိပါဘူး။ အကျိုးအမြတ်ပဲရှိတယ်။ အေး ...ဒါပေမဲ့ အခုအခြေအနေတွေကလည်း တပ်လုံးဝ ပြိုဆင်းမယ့် အခြေအနေတော့ မရောက်သေးဘူး။ ငါက ... ရောက်စေချင်တာ။ ပြိုရင်ပြီးရော ဘယ်လိုပြိုပြို။


တိုး - ကျနော်သတိထားမိတာက အခုထိ စစ်ကောင်စီက တည်တည်ငြိမ်ငြိမ်မရှိသေးဘူး။ တောက်လျောက် ဖြုတ်လိုက်၊ လဲလိုက်၊ သွင်းလိုက် လုပ်နေတာ။ စဖွဲ့ကတည်းကနေ ဒီနေ့အထိဆို ၁၅ ဦး ဖယ်ရှားခံရပြီးပြီ။ စစ်ကောင်စီမှာ အရပ်ဘက် ကိုးဦး၊ စစ်ဘက် ကိုးဦး ပါတယ်။ ဒီအထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးက ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တွဲဖက်အတွင်းရေးမှူး။ ဒီ ထောက်တိုင် လေးခုကတော့ အပြောင်းအလဲ မရှိခဲ့ဘူး။


ဒီလူတွေ လည်တဲ့ ရှုပ်တဲ့နေရာမှာတော့ မွတ်နေတာပဲ။ စစ်အုပ်စုကလည်း သိတယ်လေ။ မျောက်တွေလာတော့ ငှက်ပျောသီးပေး ပြန်လွှတ်လိုက်တာပေါ့။ ဒါဘာဆန်းသလဲ။

မိုး - မိုး မြင်မိသလောက်ကတော့ အရပ်ဘက် ဆိုတာကလည်း အမြင်ကောင်းအောင်သာ ထည့်ထားတာပါ။ လုပ်ပိုင်ခွင့် မယ်မယ်ရရ မရှိပါဘူး။ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန် တို့ဆိုတာလည်း စစ်ကောင်စီအဖွဲ့ထဲ ရှိကတည်းက ချောင်ထိုးခံထားရတဲ့ပုံပါ။ အခု စစ်ကောင်စီအဖွဲ့ဝင်လည်း မဟုတ်တော့ဘူးဆိုတော့ ပိုဝေးတဲ့ ချောင်ကျကျထဲကို ပို့လိုက်တဲ့သဘော။ ထူးတာက မန်းငြိမ်းမောင်။ သူကတော့ အခုထိ သက်တော်ရှည်။


မော် - နိုင်ငံရေးမှာ လူထုအတွက် ဦးတည်မှုမှာ အမြင်တွေ၊ အယူအဆတွေ မတူတာကို ငါတော့လက်ခံတယ်။ ဦးသိန်းညွန့်တို့ဆို ငါအဲဒီလို သဘောထားခဲ့တာ။ လွှတ်တော်မှာ သူဆွေးနွေးခဲ့တာတွေကိုလည်း ငါသဘောကျခဲ့တာ ရှိတယ်။ အေး .. ဒါပေမဲ့ အာဏာသိပ်မက်မောပြီး ဒီလိုနည်းနဲ့ လူထုကိုကျောခိုင်း၊ စစ်အုပ်စုနဲ့ သွားပလူးတာကျတော့ လက်ခံလို့မရဘူး။ ဒီလို လူတွေကိုလည်း ပြည်သူက ဒဏ်ခတ်မှာပဲ။ အခုလည်း ခံနေရပါပြီ။ ဘယ်သူက သောက်ဖက်လုပ်လို့လဲ။ မန်းငြိမ်းမောင်လည်း ထို့အတူပါပဲ။


တိုး - ဟုတ်ပါတယ် ကိုထင်မော်ကြီး။ ဒါက မူဝါဒရေးရာ ကွဲပြားမှုမှာ ငြင်းခုန်နေကြတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ တရားမျှတမှုနဲ့ မတရားမှုမှာ ဘယ်ဘက်မှာ ရပ်ခံလဲဆိုတဲ့ ကိစ္စပါ။ ထားလိုက်ပါဗျာ သူ့တို့စရိတ်နဲ့သူတို့ ပြာကျသွားပါပြီ။ အခု ကျနော်တို့ သတိထားကြည့်ရမှာ NCA ရှစ်နှစ်ပြည့်အခမ်းအနားပဲ။ စစ်အုပ်စုပြောနေတဲ့ NCA အနှစ်သာရ ဆိုတာ ဦးသိန်းညွန့်တို့ ဦးခင်မောင်ဆွေတို့ ဥပမာကိုကြည့်ရင်ကို လုံလောက်တယ်။ ဒါက အနီးစပ်ဆုံး ဥပမာ။ ဒါပေမဲ့ သမိုင်းသင်ခန်းစာ မယူနိုင်သူတွေက ရှိနေတုန်းပဲ။


မိုး - သမိုင်းသင်ခန်းစာ မယူနိုင်တာမဟုတ်ပါဘူး။ အလိုလောဘ မသတ်နိုင်ကြတာ။ တော်လှန်ရေးမှာ လူထုအတွက်လို့ ခေါင်းစဉ်တပ်ထားပြီး ကိုယ်ကျိုးရှာနေကြတာပါ။ ဒီလူတွေ လည်တဲ့ ရှုပ်တဲ့နေရာမှာတော့ မွတ်နေတာပဲ။ စစ်အုပ်စုကလည်း သိတယ်လေ။ မျောက်တွေလာတော့ ငှက်ပျောသီးပေး ပြန်လွှတ်လိုက်တာပေါ့။ ဒါဘာဆန်းသလဲ။


မော် - မိမိုး မိုက်လှချည်လား နင့်ဥပမာက။ ငတိုးရေ ...ငါတော့ မိုးမိုးနဲ့ အမြင်တူတယ်ကွ။ အေး …အဲဒီလို ဘာမှမဟုတ်တဲ့ ငှက်ပျောသီးကျွေး ပြန်လွှတ်တာကို လမ်းစပွင့်ပါပြီတို့၊ သဘောတူညီချက်တချို့ရပါပြီတို့ လုပ်သေးတာ။ ဒါလား ငြိမ်းချမ်းရေးဆွေးနွေးပွဲ။ ဘယ်လောက်ဆိုးလဲကွာ။ ငါ့အမြင်ပြောရရင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးဆေးဖိုး စစ်ခေါင်းဆောင်နဲ့ လာတွေ့တာလည်း သဘောမတွေ့ဘူးကွ။ လူထုဒီလောက် နစ်မွန်းဒုက္ခရောက်ချိန်မှာ ဒီလိုလူတွေက အစစအရာရာ ထိန်းသိမ်းသင့်တယ်ကွာ။ ဒါက KNU ရဲ့ တော်လှန်ရေး သမိုင်းအစဉ်အလာမှာ လက်နဲ့ ရေးထားသမျှကို ဖထီးရဲ့ လုပ်ပေါက်က ခြေနဲ့လိုက်ဖျက်တာကွ ငမိုးရ။


တိုး - ကျနော်တို့ သိထားရမှာက NCA အခမ်းအနားမှာ စစ်အုပ်စု အလိုအတိုင်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ မဖြစ်မနေ တက်လာတဲ့အနေအထားရောက်အောင် စစ်အုပ်စုက တရုတ်ကို အပူကပ်မှာပဲ။ ဒီလိုအခင်းအကျင်းတွေ ဖြစ်နိုင်ခြေရှိတယ် ဆိုတာကလည်း အခု NCA မတိုင်ခင် တရုတ်ကိုယ်စားလှယ်ရောက်လာတာပဲကြည့်။


မိုး - ဖြစ်နိုင်ခြေတွေကတော့များပါတယ် ကိုတိုး။ တရုတ်ကိုယ်စားလှယ်အပြင် စစ်ကောင်စီနဲ့ ပနံသင့်နေတဲ့ ဂျပန်က ဟို ဘိုးတော်ကြီး ဆာဆာကာဝါလည်း ဒီပွဲမှာ ခြေရှုပ်လာမှာပဲ။ စစ်ခေါင်းဆောင် ကို ကြည့်ရတာလည်း NCA ကို လုပ်ချင်တာထက် သူ့ကိုယ်သူ ပွဲထုတ်ချင်တာကများများရယ်ပါ။ ဒါ့ထက် စစ်ကောင်စီအဖွဲ့က စံပြဖြစ်ရမယ်လို့ သူပြောတာကို ကြည့်ပြီး ရယ်ချင်မိတယ်။


မော် - ‘ကြောင်သူတော်ဆို ယိုတော့ ကြွက်မွေး’ ဆိုသလို မစားပါဘူး၊ မလုပ်ပါဘူး ဘယ်လိုပြောပြော ချေးယိုတော့ ကြွက်မွေးအပုံလိုက်ပါသလို ဖြစ်နေတာမျိုးပါ။ စစ်ခေါင်းဆောင်နဲ့ သူ့မိသားစုဝင်တွေရဲ့ ကြွယ်ဝချမ်းသာမှုတွေ၊ အခွင့်အရေးတွေက အပြောနဲ့ လက်တွေ့မညီဘူးဆိုတာ ပြနေတာပါ။ အခုမှမညီတာတော့ မဟုတ်ပါဘူးလေ။ စစ်အာဏာရှင်ခေတ်တိုင်းမှာ အဖြစ်ထွန်းဆုံးနဲ့ အကျယ်ပြန့်ဆုံးက တစ်ခုပဲရှိတယ်။ အဲဒါ အဂတိလိုက်စားတာပဲ။ နည်းနည်းစားသူနဲ့ များများစားသူပဲကွာတယ်။ အကုန်လုံးတော့ မဟုတ်ဘူးပေါ့ဟာ။ ဒါပေမဲ့ အများစုက အဲဒီလိုပါ။ ဘာကို စံပြလုပ်မှာလဲ။ ပြက်လုံးတွေပါ။


တိုး - တော်လှန်ရေး အင်အားစုတွေဘက်ကိုလှည့်ရရင် NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောတဲ့အချက်တွေက ကျနော်တို့ အာရုံစိုက်ကြည့်သင့်တယ်။ အလေးအနက်လည်း စဉ်းစားကြရမယ့် ကိစ္စလို့ ကျနော်မြင်တယ်။ ဒီကိစ္စတွေက နှစ်ဘက် အပြန်အလှန်နားလည်မှု၊ လေးစားမှု လိုတယ်။


မိုး - စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစု။ တိတိကျကျပြောရရင် ဗိုလ်နဂါးတို့အင်အားစုနဲ့ကြားမှာ အကွာအဟ ကြီးသထက်ကြီးလာနေပုံရတယ်။ KNU နဲ့ ကိစ္စကိုလည်း သမ္မတကြီးက သတိပေးသွားတယ်။ မိုး သတိထားမိတာက မိတ်ဆွေကို ရန်သူမလုပ်ဖို့၊ နိုင်ငံတည်ဆောက်ရေးမှာ အမြော်အမြင်ကြီးဖို့၊ ပုဂ္ဂိုလ်အခြေပြုနိုင်ငံရေးတွေကို ကျော်လွန်ကြည့်ကြဖို့ ...


မော် - အစွဲတွေ၊ အခုအခံတွေဆိုတာ ဖြုတ်ရခက်ပါတယ်။ အေး ... တစ်ဖက်တည်းက လုပ်နေလည်း မထူးပြန်ဘူး။ နှစ်ဘက်စလုံးက အခုအခံတွေ၊ အစွဲတွေ ဖြုတ်နိုင်မှရမယ်။ ဒီနယ်ပယ်၊ ဒီလူတွေက ယဉ်ကျေးတဲ့သူတွေပဲ ဖြေရှင်းလို့ရမှာပါ။ ငါကတော့ သမ္မတကြီးပြောတဲ့ ပုဂ္ဂိုလ်နိုင်ငံရေးဆိုတာကို ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒါပေမဲ့ တော်လှန်ရေးကိုအခြေပြုပြီး ပုဂ္ဂိုလ်ရေးကျော်ကြားမှုနဲ့ဩဇာကို မရိုးမသားတည်ဆောက်နေသူတွေ ရှိနေတယ်လို့ ယူဆစရာတွေတော့ တွေ့နေရတယ်။ အချက်အလက် ခိုင်ခိုင်မာမာဖြစ်တဲ့အခါကျတော့ ပြောကြတာပေါ့ဟာ။ ငါပြောခဲ့သလိုပဲ ယိုတဲ့အခါ ကြွက်မွေးတွေ့ကြမှာပါ။


တိုး - ဘယ်သူဟာ လူထုအတွက်ထက် ပုဂ္ဂိုလ်ရေးကျော်ကြားမှုနဲ့ ပါဝါအထိုင်ကို တည်ဆောက်နေတယ်ဆိုတာ၊ လူထုတစ်ရပ်လုံးရဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ဟိုလိုလိုဒီလိုလိုနဲ့ သူတို့အတွက် အခွင့်အလမ်းနဲ့ သားရွှေအိုးထမ်းကိန်းဆိုက်ရေး ကြံစည်ချောင်းမြောင်းနေတဲ့ အစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ် ကိုထင်မော်ကြီး။ ဒါတွေက ဒီအချိန်မှာ ပြောလို့မကောင်းသေးဘူး။ ပြောရမယ့်အချိန်လည်း ရောက်လာမှာပါ။ လူထုတစ်ရပ်လုံးရဲ့ ဒုက္ခကို စတေးရဲတယ်ဆိုရင်တော့ အော့နှလုံးနာစရာပေါ့ဗျာ။


မိုး - ဒီမိုကရေစီစံနှုန်းတွေထဲမှာ ကိုယ်စားပြုမှုတို့၊ တာဝန်ခံမှုတို့ဆိုတာ ပါပြီးသားပဲ။ ဒီတန်ဖိုးထားမှုတွေနဲ့ တိုက်စစ်လိုက်ရင် ဘယ်သူက ပုဂ္ဂိုလ်ရေး အားပြုတယ်၊ ဘယ်သူက ဒီမိုကရေစီကို ကိုင်စွဲတယ်ဆိုတာ သိသာတာပဲလေ။ ဒါလည်း ကိုထင်မော်ကြီးပြောသလို အချိန်တန်လို့ ယိုတဲ့အခါ ကြွက်မွေးအပုံလိုက် တွေ့ရမှာပဲမဟုတ်လား။


မော် - ဒါပေါ့ မိမိုးရာ။ ဒီလိုတွေ မမြင်ရအောင်များ မျက်စိနာတွေက ကူးနေသလားအောက်မေ့ရတယ် မိမိုးနဲ့ ငတိုးရေ။ တို့တွေ ပြန်ကြဦးစို့လား။


တိုး - ပြန် ... ပြန် ကိုထင်မော်ကြီး။ ကျနော်တို့လည်း ပြန်ကြမယ်။


မိုး - ဆေးခန်းလည်း ပြဦး ကိုထင်မော်ကြီး။


မော် - မပြတော့ပါဘူး မိုးမိုးရယ်။ ဆေးခန်းနဲ့ဆေးဖိုးဘောက်ချာပေါ်က ဂဏန်းကြီးတွေ မျက်စိထဲဝင်သွားရင် ပိုနာနေလိမ့်မယ်။ ဟဲဟဲ အသိဆရာဝန်ဆီသွားပြီးတော့ ကုန်းဆင်းရမှာပဲ။ ကဲ ... ဂရုစိုက်ကြဟေ့။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၆ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၁၇ နဲ့ ၁၈ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့ အာဘော်သာဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူ ကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

917 views4 comments
bottom of page