top of page

သည်ခရီး နီးသလား၊ ဖြတ်လမ်းမရှိပါ

မိုးတိုးမတ်တပ်စကားဝိုင်း - ၆


a map and two paperplanes

တိုး - ကိုထင်မော်ကြီးနဲ့ မမိုး နေကောင်းကျန်းမာကြတယ်မဟုတ်လား။


မော် - ကောင်းပါ့ ငတိုးရ။ ဒီရက်ထဲ နေလည်းကောင်း စိတ်လည်းချမ်းသာပေါ့ကွာ။


မိုး - ကောင်းတယ် ကိုတိုး။ ကိုထင်မော်ကြီး ဘာတွေ စိတ်ချမ်းသာနေတုန်း။


မော် - ဒီလို ... မိမိုးရဲ့။ ဟိုဘက်ရပ်ကွက်က လမ်းအားလုံးနေပြည်တော်စီမံချက်ကို လှောင်တောင်တောင် ခနဲ့တဲ့တဲ့ လုပ်ခဲ့တာ အခုတော့ PDF တွေ လက်စွမ်းအံ့မခန်းနဲ့ ပျာယာခတ်ကုန်ပြီ။ နေပြည်တော်ကို PDFတွေ လာဗြုန်းနိုင်တယ် ဆိုတာ ကောင်းကောင်းသဘောပေါက်သွားပြီ။ စိတ်ချမ်းသာစရာ မကောင်းဘူးလား။


တိုး - ဩဂုတ်လထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား သုံးရက်ကြာတိုက်ပွဲမှာ ဘို့မသံတောင်တိုက်ပွဲ ဖြစ်တဲ့နေရာက နေပြည်တော်နယ်မြေနဲ့ သိပ်ဝေးတာ မဟုတ်ဘူး။ ဒီအခြေအနေတွေက စစ်တပ်အတွက် ကျောချမ်းရမယ့်ကိစ္စ မဟုတ်လား။


မိုး - ဟုတ်တယ်။ ဒီအရိပ်အငွေ့တွေအရ မကြာခင်မှာ ပီပီပြင်ပြင် ရုပ်လုံးပေါ်လာမယ့်သဘောပဲ။ လက်တစ်ကမ်းမှာလို့ ပြောဖို့ခက်ပေမယ့် ဝေးသလားဆိုတော့ မဝေးဘူး။


မော် - ဟုတ်ပါပြီဟာ။ အချက်အလက်ပေါ် အခြေခံပြီး နင်တို့ ပြောဆိုသုံးသပ်တာတွေကို ခဏနား။ ငါ့စိတ်ခံစားမှုကတော့ ဒီခရီးက သိပ်မဝေးတော့ဘူး။ ဒီကောင်တွေ ဒိုးရတော့မယ့် အခြေအနေက သိပ်မကြာဘူး။ ရောက်ကိုရောက်တော့မှာ။


စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ စုစည်းမှုနဲ့ညီညွတ်မှုမပါဘဲ မြန်မြန်ရောက်မယ့် ဖြတ်လမ်းမှ မရှိဘဲ...

တိုး - နေပြည်တော်ကို ထိုးဖောက်ဖို့ အချက်အချာကျတဲ့ နေရာတွေမှာလည်း တော်လှန်ရေးအင်အားစုတွေ စုစည်းထားနိုင်မှု အားကောင်းတယ်။ မန္တလေးတိုင်းမှာလည်း အခြေအနေတွေပိုကောင်းလာဖို့ ပြင်ဆင်နေပုံရတယ်။ လမ်းအားလုံးနေပြည်တော် စီမံချက်မှာ ရန်ကုန်က အရေးပါဆုံးလို့ပြောထားတော့ ရန်ကုန်မှာ ဘယ်လိုနည်းနဲ့ လာမလဲ မသိဘူး။ ကျနော်တို့တွေလည်း ကိုထင်မော်ကြီးလို ခံစားမှု ရှိနေတယ်။


မိုး - စစ်ရေးတာဝန်ရှိသူတွေအပြောအရ ရန်ကုန်နဲ့အနီးတဝိုက်မှာ တော်လှန်ရေးအင်အားစုတွေ အင်အား ဖြန့်ကျက်ထားတယ်ဆိုတော့ သေနတ်သံ တညံညံမပေါက်ဘူးလို့တော့ ပြောမရဘူး။ သေချာတာက စစ်ကောင်စီ တုန်လှုပ်နေမယ့် စစ်ရေးဖိအားအရှိန်ကို ဆက်မြှင့်ရမှာ။


မော် - အရှိန်ကောင်းနေမှ တော်လှန်ရေးစုန်းပြူးတွေကလည်းတမှောင့် မိမိုးရ။ သမ္မတကြီး ဒူဝါလရှီးလ စကားက သိပ်မှန်တယ်။ လူထုတော်လှန်ရေး ဦးဆောင်သူတွေ ဖြောင့်မတ်ဖို့၊ လူထုနဲ့ တသားတည်းနေဖို့တဲ့။ ဒါက …


တိုး - ဟုတ်တယ် ကိုထင်မော်ကြီး။ တစ်နိုင်ငံလုံးရဲ့ကြမ္မာကို အပြောင်းအလဲလုပ်ရာမှာ ဦးဆောင်သူတွေရော နောက်လိုက်တွေပါ ဖြောင့်မတ်ဖို့၊ လူထုကိုလေးစားပြီး လူထုဆန္ဒကို မျက်နှာမူဖို့ လိုတယ်။


မိုး - ခက်တော့ခက်သား။ တော်လှန်ရေးအင်အားစုတွေထဲက အချို့ပြဿနာတွေက လူမှုကွန်ရက်မှာ ပွဲဆူနေတာ။ ပြဿနာအတိမ်အနက်ကို မသိရတော့ မှားလားမှန်လား မဝေဖန်ချင်ပေမယ့် ဒီတိုင်းသာဆို အဖြေမပေါ်ဘဲ ပိုသွေးကွဲဖို့ပဲရှိတယ်။


မော် - လူထုက မပြောသေးဘူး၊ ကြည့်နေတယ်ဆိုတဲ့ အနေအထားပဲ။ ဒီခေတ်က လိမ်လည် လှည့်ဖြား ရပ်တည်လို့ရတဲ့ ခေတ်လည်းမဟုတ်ပါဘူးဟာ။ ဘယ်သူ ဖြောင့်မတ်တယ်၊ မဖြောင့်မတ်ဘူးဆိုတာ လူထုက အကင်းပါးပြီးသား။


တိုး - မျှော်လင့်မထားတာတွေလည်း ဖြစ်တတ်တာပေါ့ဗျာ။ ဘာဖြစ်ဖြစ် တော်လှန်ရေးမှာပါဝင်နေတဲ့ တစ်ဦးချင်းပဲဖြစ်ဖြစ်၊ အစုအဖွဲ့ဖြစ်ဖြစ် ဦးဆောင်သူတွေ လူထုကိုပဲ မျက်နှာမူရမှာ။ အကုန် အငတ်ဘေးဆိုက်၊ မျိုးဆက်တွေ လူညွန့်တုံးမယ့် အာဏာရှင်စနစ်ကို ဖြိုလှဲဖို့ထက် ဘာမှ ပိုအရေးမကြီးဘူး။


မိုး - အင်းလေ။ စစ်အုပ်စုဘက်ကတော့ ပြတ်သားတယ်။ သူတို့အာဏာတည်မြဲရေးက ပထမပဲ။ အခုလည်း စစ်ဘက်ရာထူးပိုင်း လူလဲကစားပြီး နွေဦးတော်လှန်ရေးကို အပြုတ်နှံဖို့ပဲ ပြင်နေကြတာ။ အကြမ်းဖက်မှုတွေ၊ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေက ပိုတိုးလာဦးမှာပဲ။


မော် - စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ဖိနှိပ်ရမ်းကားတာတွေကို မတားနိုင်ဘဲ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို တွန်းနေတာကလည်း အဓိပ္ပာယ်မရှိဘူး။ ဒါက လူထုတစ်ရပ်လုံးကိုရော လူငယ်တွေရဲ့ အနာဂတ်ကိုပါ သေတွင်းထဲ ခုန်ဆင်းခိုင်းတာနဲ့တူတူပဲ။


တိုး - ဒါနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုရဲ့ နောက်ဆုံးပိတ် ထိပ်သီးဆွေးနွေးပွဲက ဘာထူးတယ်ကြားသေးလဲ။


မိုး - ဘာထူးမှာလဲ ကိုတိုးရယ်။ အာဆီယံနိုင်ငံတွေအားလုံးက ကိုယ်ကျိုးစီးပွားအထိုင်ကနေ မရွေ့ကြပါဘူး။ ဒီကြားကပဲ စစ်ကောင်စီကို ဆက်ပြီး ဘေးထုတ်ထားနိုင်မှ၊ ပိုကောင်းတဲ့အရွေ့တွေဖြစ်လာမှ ရမှာ။ စစ်ရေးတစ်ဖက်တည်း အားစိုက်တာထက် လမ်းပေါင်းစုံကနေ စစ်အာဏာရှင်စနစ်ကို ဝိုင်းဖြိုရမှာ။ ဖြစ်လာမှာပါ။


မော် - ငါတော့ အဲလောက်စိတ်မရှည်ဘူးဟ။ ဒီစကားတွေကလည်း ခဏခဏပြောနေရတာ။ အတိဒုက္ခရောကနေတဲ့ ပြည်သူတွေဆီ ကမ်းရမယ့်လက်တွေက နောက်ကျနေပြီ။


တိုး - ဒါပေမဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အလုပ်ဖြစ်နေတယ်နော်။ စစ်အုပ်စုအတွက် လေယာဉ်ဆီ တင်သွင်းတဲ့သူတွေကိုပါ ပိတ်ဆို့ဒဏ်ခတ်အရေးယူမယ်တဲ့။ ဒါတွေက စစ်အုပ်စုကို အသက်ရှုပေါက် ပိတ်နိုင်မှာပဲ။


မိုး - NUG ကာ/ဝန်ကတော့ မဟာဗျူဟာထိုးစစ်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်။ စုစုစည်းစည်းနဲ့သာ တွန်းနိုင်ရင်တော့ လူထုမျှော်လင့်ချက်တွေနဲ့ နီးပြီလို့ ပြောလို့ရပြီ။


မော် - မဝေးတော့ပါဘူး မိုးမိုးရာ။ ငါတော့ အဲဒီလိုနေ့ကို မြန်မြန်ရောက်ချင်စမ်းပါဘိ။


တိုး - ရောက်မှာပေါ့ ကိုထင်မော်ကြီးရာ။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့ စုစည်းမှုနဲ့ညီညွတ်မှုမပါဘဲ မြန်မြန်ရောက်မယ့် ဖြတ်လမ်းမှ မရှိဘဲဗျ။


မိုး - မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုကို ပုံဖော်နိုင်မယ်လို့တော့ မိုးထင်ပါတယ်။ တော်လှန်ရေး အင်အားစုအားလုံး ပါမပါတော့ ကြည့်ရဦးမယ်။ လူထုအတွက် တကယ်လိုအပ်ချိန်မှာ လူထုဆန္ဒကို မျက်ကွယ်ပြုတာမျိုးတွေ မဖြစ်သင့်ဘူး။ ဒီလိုမျက်ကွယ်ပြုသူတွေကလည်း တော်လှန်ရေးအမည်မခံသင့်ဘူး။ ဖြောင့်မတ်မှုက အရေးကြီးတယ်။


မော် - အမှန်ပဲ။ စစ်တပ်နဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရင် ရနိုင်မယ်လို့ တွေးနေ၊ လုပ်နေကြတာလည်း တော်တော် မိုက်မဲတဲ့အလုပ်ပဲ။ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေမဖြိုလှဲနိုင်ဘဲ ဘာများ မျှော်လင့်စရာ ရှိလို့လဲ။ တော်လှန်ရေးကို တကယ်လုပ်နေသူတွေကတော့ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ လုပ်ရင်လည်း တော်လှန်ရေးရောင်တော်ပြန်နဲ့ ရောလွှတ်တဲ့ လက်နက်ကိုင်ဓားပြပဲ ဖြစ်မယ်။


မိုး - ကဲ ... ကိုထင်မော်ကြီးနဲ့ ကိုတိုးတို့။ မိုးလေးစဲတုန်း ပြန်ကြဦးစို့။


မော် - အေးပါ ... မိမိုးရဲ့၊ လက်ဘက်ရည်တောင် အေးကုန်ပြီ။ သောက်ပါရစေဦး။


တိုး - မိုးအေးတာလည်း နေလို့ကောင်း။ လက်ဘက်ရည်အေးတာလည်း သောက်လို့ အဆင်ပြေပါသေးတယ်ဗျာ။ သွေးမအေးသွားဖို့ပဲ အရေးကြီးတာ။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၆ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၁၅ နဲ့ ၁၆ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့ အာဘော်သာဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူ ကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

774 views2 comments
bottom of page