top of page

ဒီလမ်းသာ တည့်တည့်လျောက်မယ့် နွေဦး

မိုးတိုးမတ်တပ်စကားဝိုင်း - ၅


an owl point on an image of road to naypyidaw

မိုး - ကိုတိုး နေကောင်းကျန်းမာတယ် မဟုတ်လား။


မော် - ဒီကောင်ကြီး ဟိုတစ်ခေါက်ထက်စာရင် မာမာချာချာဖြစ်လာပုံပါ မိမိုးရ။


တိုး - ကောင်းပါ့ မမိုးရေ၊ ကျနော်လည်း မရယ်ရတဲ့ပြက်လုံးတွေ မြင်ရာကြားရာကနေ ဒီလောက်ကျန်းမာလာတယ်ပဲ ဆိုပါတော့။


မိုး - ဘာလဲ ... ဟိုဘက်ရပ်ကွက်က ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့လား။


မော် - ကြည့်စမ်း … မိမိုး ချက်ဆို နားခွက်က မီးတောက်ပဲ။


မိုး - ဒီပြက်လုံးက ပျက်လုံးဟောင်းကြီး ထုံးသုတ်ပြီး ထုတ်သုံးထားတာပါ ကိုတိုးရယ်။ အရင်လည်း ရှိခဲ့ဖူးတယ် နောင်မှာလည်း ကြားရဦးမယ် ဆိုတာမျိုးပဲ။


မော် - ဒီငနဲသားတွေ လမ်းပျောက်နေတာပါ။ ဘာကြံကြံ၊ ဘာလုပ်လုပ် ဟုတ်တိပတ်တိ ဘာဖြစ်တာရှိလို့လဲ။ အခုလည်း ကြံရာမရ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို ခုတုံးလုပ်ကြပြန်ပြီ။


တိုး - သေချာတာပေါ့။ ကျနော့် အမြင်တော့ ဒီကိစ္စမှာ စစ်အုပ်စုနဲ့အတူ ထိုင်း နိုင်ငံခြားရေးဝန်ကြီးလည်း ကြံရာပါပဲ။


တော်လှန်ရေးအားကောင်းလာလေလေ၊ ဒီအခြေအနေတွေ မလွဲမသွေဖြစ်လာဖို့ သေချာလေပဲ။ လူထုက ဘယ်လောက် အကင်းပါးပါး နွေဦးကိုဦးဆောင်သူတွေအနေနဲ့လည်း နက်နက်တွေး၊ နာနာဆန်းစစ်ဖို့ အရေးကြီးတယ်။

မိုး - စစ်အုပ်စုက သူတို့အကျပ်အတည်းကျော်လွှားဖို့ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို ခုတုံးလုပ်ပေမယ့် ထင်သလိုဖြစ်မလာပါဘူး။ အထူးသဖြင့် လူထုရဲ့ အကင်းပါးမှုပဲ။ အားလုံးက ဒီအခြေအနေကို နားလည်နေကြတယ်။


မော် - ငါမပြောခဲ့ဘူးလား မိမိုး။ ငါတို့ လူထုဟာ စစ်အုပ်စုရဲ့ အတွင်းနဲ့အဆင်း ဘယ်လို ရှိသလဲဆိုတာ ဘ၀အတွေ့အကြုံနဲ့ရင်းပြီး သိထားတာပါ။ လျှော့မတွက်ပါနဲ့။ နိုင်ငံရေးမှာတော့ ဒီလူထုကို ဖြီးဖြန်းလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ဂျန်ဇီတွေဆို ပိုတောင် အကင်းပါးသေးတယ်။


တိုး - အလေးအနက် သတိထားရမှာတွေလည်းရှိတယ် ကိုထင်မော်ကြီး။ ပိုရှုပ်ထွေးတဲ့ အခင်းအကျင်းတွေကို စစ်အုပ်စုဘက်က ဖန်တီးလာမှာပဲ။ တော်လှန်ရေး အားကောင်းလာလေလေ၊ ဒီအခြေအနေတွေ မလွဲမသွေဖြစ်လာဖို့ သေချာလေပဲ။ လူထုက ဘယ်လောက်အကင်းပါးပါး နွေဦးကို ဦးဆောင်သူတွေအနေနဲ့လည်း နက်နက်တွေး၊ နာနာဆန်းစစ်ဖို့ အရေးကြီးတယ်။


မိုး - NUCC နဲ့ NUG ကတော့ နွေဦးတော်လှန်ရေးကို ဘာအကြောင်းပြချက်နဲ့မှ နောက်ပြန်မလှည့်ဘူးလို့ ကတိပြုတာကတော့ ပြောသင့်ပြောထိုက် ပြောချိန်ကိုက်တယ်လို့ မိုးတော့ထင်တာပဲ။


မော် - တစ်ခုတော့ ရှိတယ် မိမိုးရဲ့။ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဒီခုခံတော်လှန်ရေးကို ဆန့်ကျင်သလိုလို၊ သူ့ကြောင့်ပဲ ဒီတော်လှန်ရေး ပျက်တော့မလိုလို၊ ဘာအချက်အလက်မှမရှိဘဲ ကြုံရင်ကြုံသလို ဟိုနေရာမှာ လေဝင်တိုက်၊ ဒီနေရာမှာ လေဝင်တိုက်နဲ့ ဒီမိုကရေစီ အရေခြုံပြီး နိုင်ငံရေးအောက်လုံးထိုးနေတာတွေလည်း တွေ့ရတယ်။ ဒီလူတွေလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပုံရိပ်မှန်သမျှ လက်စဖျောက်ချင်နေပုံပဲ။ စစ်အုပ်စုနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းလို့တောင် ပြောလို့ရတယ် ငတိုးရေ …။


တိုး - ဒီလောကဓံတွေက ဒေါ်အောင်ဆန်းစုကြည် အကြိမ်ကြိမ်ကြုံပြီးသားပါ။ တုန်လှုပ်မယ့်ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ တကယ်တော့ လူထုအသံ၊ လူထုဆန္ဒကို အလေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ကျနော်မတွေ့ဖူးဘူး။ အားလုံး ပြီးပြည့်စုံနေတဲ့ ပုဂ္ဂိုလ်မဟုတ်ရင်တောင် တိုင်းပြည်နဲ့ ပြည်သူတွေအပေါ်ထားတဲ့ သူ့စေတနာကတော့ ပြီးပြည့်စုံနေတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေး ရာထူးမရှိလည်း သူ့နိုင်ငံရေးဩဇာကတော့ ကြီးနေဦးမှာပဲ။


မိုး - ဒါကြောင့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို ခုတုံးလုပ်တာပေါ့။ ပြီးတော့ ဖင်လှည့်ခေါင်းလှည့်နဲ့ ကာလုံမှာ စစ်ကောင်စီက သက်တမ်းခြောက်လ ထပ်တိုးပြန်ရော။


မော် - တို့ပြည်သူတွေရော တိုင်းပြည်ပါ နာရင်းနစ် နစ်ရင်းနာရဦးမယ့် ရှေ့ပြေးအသံပေါ့ မိမိုးရာ။


တိုး - ကာလုံမှာ စစ်အုပ်စုက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အခင်းအကျင်းနှစ်ရပ် တင်လာတယ်။ တစ်ခုကတော့ သူတို့မထိန်းချုပ်နိုင်တဲ့ ဒေသတွေချန်ပြီး ရွေးကောက်ပွဲလုပ်ဖို့။ နောက်တစ်ခုက အခြေအနေအားလုံးနီးပါး သူတို့ထိန်းချုပ်နိုင်မှ ရွေးကောက်ပွဲလုပ်ဖို့။ နှစ်ခုလုံး ဖြစ်နိုင်ခြေ အတော်နည်းပေမယ့် ချန်လှပ်ကျင်းပမယ်ဆိုတဲ့ပုံစံက ဖြစ်မလာနိုင်ဘူးလို့ ပြောလို့မရဘူး။


မိုး - အဲဒီကာလုံအစည်းအဝေးမတိုင်ခင် တရုတ်အထူးသံ နေပြည်တော်ရောက်လာတာ၊ စစ်ခေါင်းဆောင်နဲ့ တွေ့တာတွေက သာမန်တိုက်ဆိုင်မှုတွေတော့ မဟုတ်လောက်ဘူး။ ဒီအရွေ့တွေကို မျက်ခြည်မပြတ် ကြည့်နေရဦးမယ်။


မော် - ငါတော့ ဒီအခြေအနေတွေ လိုက်စဉ်းစားတာထက် စစ်တပ်ကို ဘယ်နည်းလမ်းနဲ့ မြန်မြန် အမြစ်ဖြတ်နိုင်မလဲ ဆိုတာပဲ သိချင်တယ်။ တရုတ်ကပဲ လာလာ၊ ထိုင်းကပဲတွေ့တွေ့ ဟိုလိုလို ဒီလိုလိုတွေကို စိတ်မဝင်စားတော့ဘူး။ အေး … အရှေ့တီမောလို NUG ကို ပြောင်ပြောင်တင်းတင်းနဲ့ တရားဝင် အသိအမှတ် ပြုဝံ့တာမျိုးတော့ ငါ့စိတ်ထဲသဘောကျတယ်။ အာဆီယံနိုင်ငံတွေက အရှေ့တီမောလောက်တောင် သွေးမရှိဘူး။


တိုး - လူထုမျှော်လင့်ထားသလို အခန်းကဏ္ဍမျိုးမှာ ရှိမနေတာ အာဆီယံတင်မဟုတ်ပါဘူး၊ အမေရိကန်လည်း ဒီလိုပါပဲ ကိုထင်မော်ကြီး။ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် ကန်ဒေါ်လာ ၅၂၅ သန်း ထောက်ပံပေးဖို့ NUG က တောင်းဆိုထားတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က ဆောင်ရွက်မယ့်အခြေအနေမရှိဘူးလို့ ကျနော်ထင်နေတယ်။


မိုး - မိုးတို့ ရှိသမျှအားနဲ့ ညီညီညာညာ ရုန်းကြရမယ့် အခြေအနေပဲလေ။ ခက်ခဲမယ်ဆိုတာလည်း မျှော်လင့်ထားပြီးသားပဲ။ အခု တန်ပြန်ထိုးစစ်အကြို လှုပ်ရှားမှုတွေလည်း ရှိနေပြီ။ စစ်ရေးမှာ တော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှားမှုက တော်တော်လေး အားကောင်းပါတယ်။ စစ်အုပ်စုဟာ သူတို့ ပိုင်နိုင်ပါတယ်ဆိုတဲ့ စစ်ရေးအကျပ်အတည်းကိုတောင် အသည်းအသန် ကျော်လွှားနေရတာ ကာလုံအစည်းအဝေးမှာ ဆွေးနွေးတင်ပြချက်တွေက ရှေ့ကဖုံး နောက်ကပေါ် ဖြစ်နေတော့တာပဲ။


မော် - တကယ်အရည်အချင်းမရှိ အရှက်မရှိလို့ပဲ စစ်အုပ်စုက အရက်စက်ဆုံး၊ လူမဆန်ဆုံးနည်းတွေနဲ့ ထိုးစစ်ဆင်နေတာပေါ့။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို လက်ရဲဇက်ရဲ ကျူးလွန်နေတာများ စုန်းချောင်းရွာဖြစ်စဉ်ဆို တုန်လှုပ်စရာဟာ။


တိုး - စုန်းချောင်းမှာဆို စစ်တပ်က လူ ၁၄ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်သွားတာ။ အာဏာသိမ်းကတည်းက ဒီလိုအစုလိုက်အပြုံလိုက်သတ်တဲ့ ဖြစ်စဉ်ပေါင်း ၁၄၄ ခု ရှိတယ်။ ပြည်သူ ၁,၆၀၀ နီးပါး ဆုံးခဲ့ရပြီ ကိုထင်မော်ရာ။


မိုး - မိုး ပြောဖူးပါတယ်။ စစ်တပ်ဟာ သူတို့အရှုံးကိုဖုံးကွယ်ဖို့ လူထုကို ဒီလိုရက်ရက်စက်စက် လုပ်နေတာပါ။ စစ်ခေါင်းဆောင်က အကြီးဆုံးရုပ်ပွားတော်တည်တာ အကြောင်းပြပြီး စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ စုစည်းပြတာဟာ သူတို့ကြုံနေရတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ဖုံးဖိဖို့၊ စစ်တပ်အတွင်းမှာ ပြိုလဲနေတာတွေကို ဆယ်ယူဖို့ လုပ်တာတွေပဲ။ ဒီထက်မပိုဘူး။


မော် - ကြားထဲက ရခိုင်ကနေ နေပြည်တော်ဆီကို ပြန်ပေးဆွဲခံရတဲ့ ဆင်ပေါက်လေး အကြောင်းပြပြီး နှစ်သောင်းတန် ဂယက်ကလည်း တော်တော်လေးကြီးတယ် ငတိုးရ။ လူထုမှာလည်း ဒီမသာတွေကို တွန်းလှန်ဖို့ရုန်းကန်ရသလို ဝမ်းရေးတိုက်ပွဲကိုလည်း ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတာဟ။


တိုး - ဟုတ်ပါ့ ကိုထင်မော်ကြီးရာ။ မနက်စာ မုန့်ဟင်းခါးဝင်စားတော့တောင် အကြော်မထည့်ဘဲ အရင် ၉၀၀ ကနေ ၁,၂၀၀ ဖြစ်သွားပြီတဲ့။ စစ်တပ်ကို ဘယ်တော့ အပြီးဖြိုလှဲနိုင်မလဲဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် လူတွေကြားမှာ ပြန့်နှံ့နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ကော်ထုတ်ချင်နေတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဇွဲသတ္တိကိုတော့ စစ်တပ်ရဲ့ ညံ့ဖျင်းဖျင်း လူမိုက်ဆန်ဆန် လုပ်ရပ်တွေက ပိုတောင် အားကောင်းလာစေသေးတယ်ဗျာ။ ဒါနဲ့ တစ်ရက်လောက် မုန့်ဟင်းခါးကို အကြော်နဲ့ လိုက်ပွဲပါယူပြီး အားလုံးတူတူသွားစားရင်း နိမိတ်ကောင်းယူကြတာပေါ့ဗျာ။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၅ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၁၃ နဲ့ ၁၄ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့ အာဘော်သာဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

1,230 views4 comments
bottom of page