top of page
ဒီကြည်

စစ်ကိုင်းဖိုရမ်နဲ့ ဆင်ပြောင်ကြီး အမြီးမတစ်ဖို့

မိုးတိုးမတ်တပ်စကားဝိုင်း - ၃


am elephant talking and blowing water, background china's flag

တိုး - ကိုထင်မော်ကြီး မမိုးက နည်းနည်းနောက်ကျမယ်တဲ့။


မော် - အေး ... မိုးမိုး ငါ့ဆီဖုန်းဆက်ထားတယ်။ နင်ကျွေးရမယ့်အလှည့်မို့ ကူလီကူမာလုပ်နေတာလားဆိုပြီး ငါ ကျပ်လွှတ်လိုက်သေးတယ်။ ဒါမှ ...ဒင်း မြန်မြန်လာမှာ။ ဒါနဲ့ မင်းခုနကပြောနေတဲ့ တရုတ်ကိစ္စ ဆက်ပါဦး။


တိုး - ဒီလိုဗျ။ ခြောက်လုံးတန်းက စာဖတ်သူကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး လာတွေ့ချိန်မှာ ဦးသန်းရွှေကို လက်ရှိနိုင်ငံ့ခေါင်းဆောင်လို ပြောဆိုဆက်ဆံသွားသတဲ့။ ဒါနဲ့ပတ်သက်ပြီး တရုတ်မီဒီယာမှာ သတင်းထုတ်ပြန်တယ်။ ပိုစိတ်ဝင်စားဖို့ကောင်းတာက တရုတ်ရဲ့ဒီပြုမူပုံနဲ့ ပတ်သက်ပြီး NUG အပါအဝင် နိုင်ငံတကာနဲ့ တခြား အစုအဖွဲ့တစ်ခုချင်းစီရဲ့ တုံ့ပြန်မှုပဲ။ တချို့က လုံး၀နှုတ်ဆိတ်ထားတယ်။ NUG ကတော့ ထိန်းထိန်းသိမ်းသိမ်း ညင်ညင်သာသာ ပြောတယ်။


မော် - တရုတ်က သူ့ရဲ့ လောင်းကြေးကို ဟိုဘက်၊ ဒီဘက် ပုံထားတယ်။ ငါ့အမြင်အရတော့ စစ်အုပ်စုဘက်ကိုတောင် ပိုအလေးသာမယ် ငတိုးရဲ့။ လှေနံနှစ်ဖက်နင်းထားတာ‌ပေါ့ကွာ။ မြန်မာ့အရေး ပေးထားချက်မှာ တရုတ်ရဲ့ အထိုင်က တော်လှန်ရေးအင်အားစုတွေ ငြင်းပယ်ထားတဲ့ ၂၀၀၈ ခြေ / ဥ။ ဒီမိုကရေစီ ဆိုတာ တစ်လုံးမှမပါဘူး။ သူတို့ရပ်တည်မှုက သူတို့အကျိုးစီးပွား ဘယ်သူနဲ့အလုပ်ဖြစ်မလဲဆိုတာကိုပဲ ဦးစားပေး ကြည့်မှာ။ အခု စစ်အုပ်စုဘက် ပိုယိမ်းနေဦးတော့ တော်လှန်ရေးအင်အားစုတွေကို လုံး၀ လက်လွှတ်လိုက်လို့ မရဘူးဆိုတာလည်း သိနေတော့ တိုက်ရိုက်မဟုတ်ရင်တောင် ကြားခံတွေခြားပြီး ထိတွေ့ဆက်ဆံရေးလမ်းကြောင်း သိုသိုသိပ်သိပ် ဖွင့်ထားမယ်ထင်တယ်။ သေချာတာက စစ်ခေါင်းဆောင်အနေနဲ့ လက်ရှိအခြေအနေနဲ့မတူတဲ့ အပြောင်းအလဲကို ဖော်ဆောင်ရမှာပဲ။ အဲဒါဟာ တရုတ်ဘက်က မဖြစ်မနေလိုလားနေတဲ့အခြေအနေဆိုတာ တရုတ် နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်က ရှင်းရှင်းကြီး သက်သေပြနေတယ်။ နေပြည်တော် ခြောက်လုံးတန်းကိုတရုတ် ဝင်တယ်ဆိုတာ ဒီအခြေအနေတွေကို သက်သေပြနေတာ။ ဒါက ...


မိုး - ကိုထင်မော်ကြီး ရှေ့နောက် ဘေးပတ်ဝန်းကျင်လေးလည်း ကြည့်ဦးနော်။ အသံကျယ်ကြီးနဲ့။


မော် - လာ ...လာ ...ဆရာမကြီး။ နင့်ကို မျှော်နေရတာနဲ့ ငါ့မှာ စကားပြောရတာမဖြောင့်ဘူး။ ဒကာခံမယ့်သူ ပေါ်တော်မူမလာတော့ စားရသောက်ရတာ စိတ်မဖြောင့်ဘူး။


တိုး - ဆက်ပါဦး ...ကိုထင်မော်ကြီးရဲ့။


မော် - မင်းပဲ ဆက်လိုက်ပါကွာ။ မိုးမိုးအလှူ ဒါနမြောက်သွားအောင် အနစ်နာခံလိုက်ဦးမယ်။ ကဲ ... မှာပြီဟေ့၊ ဟား ... ဟား ...။


မိုး - သဒ္ဓါတရားကုန်ခမ်းအောင် မလုပ်နဲ့‌နော်။ ကဲ စိတ်ဖြောင့်ဖြောင့်နဲ့သာ သွား ... အဲလေ ... စား။


တိုး - တရုတ်ဆန့်ကျင်ရေး မီးစတွေကိုလည်း အခုတလော မြင်နေရတယ်။ ဒီမီးစကို တရုတ်ကလျှော့တွက်ရင် မှားနိုင်မယ်။ စစ်အုပ်စုက ဒီလိုအခြေအနေတွေမှာ လူမျိုးရေးအဓိကရုဏ်းတွေ ဖန်တီးတတ်တာကို သတိကြီးကြီး ထားရမယ်ထင်တယ်ဗျ။


မော် - သတိထားရတဲ့ကြားကပဲ တရုတ်ကို ဒီထက်အရှိန်မြှင့်ဆန့်ကျင်ပြရမှာကွ။ ပြည်သူတစ်ဦးချင်းစီရဲ့ နိုင်ငံရေးအသိကိုတော့ လျှော့မတွက်နဲ့ ငတိုးရေ။ ဘာလာရင် ဘာလုပ်မလဲဆိုတာ သဘောပေါက်နေပါပြီ။ အဲ … သူ့လူနဲ့သူ ခွင်ဆင်ထားတဲ့အဓိကရုဏ်းမျိုးတော့ ဖြစ်-မဖြစ် မပြောတတ်ဘူးပေါ့ကွာ။


မိုး - ခက်တာက နိုင်ငံရေးအကျပ်အတည်းအပြင် သဘာ၀ဘေးပါ လူထုက ရင်ဆိုင်နေရတယ်။ တောင်မင်း မြောက်မင်းမကယ်နိုင်ပေါ့။ ဒီအခြေအနေမှာ စစ်အုပ်စုက လူထုကိုကယ်ဆယ်ရေးထက် နိုင်ငံရေးအကျိုးအမြတ်ကို အငမ်းမရ ဖြစ်လွန်းနေတယ်။ အကန့်အသတ်တွေ တအားများတယ်။ အရာရာကို ချုပ်ကိုင်ထားတယ်။


တော်လှန်ရေးအတွက် ဒီလူတွေ စိတ်ပိုင်းဖြတ်ထားတာကိုလည်း ယုံပါတယ်။ အေး ...ဒါပေမဲ့ ဦးစားပေးရမယ့်ကိစ္စ အရင်မလုပ်ဖြစ်ဘဲ ဖိုရမ်ပေါင်းစုံနဲ့ ဆွေးနွေးမှုတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေရင်တော့ ... သေပြီဆရာပေါ့ကွာ။

တိုး - ပဋိပက္ခဘေးနဲ့ သဘာ၀ဘေးသင့်သူအရေအတွက်က ၄ သန်းခွဲတဲ့ဗျာ။ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနဲ့ကချင်မှာ မုန်တိုင်းသင့် ပြည်သူတွေအများကြီး။ ရခိုင်ကတော့ အပျက်အစီးအထိအခိုက် အများဆုံးပေါ့။ နိုင်ငံတကာ အကူအညီတွေကိုလည်း ကန့်သတ်ထားတုန်းပဲ။ ခက်တာက မုတ်သုန်ဝင်လာရင် ဒီအခက်အခဲတွေက ပိုကြီးမှာ။


မော် - တကယ်တော့ အာဆီယံနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးဖို့ကိစ္စ စစ်အုပ်စုကို ထိတွေ့ ဆက်ဆံရမယ်ဆိုတာ နားလည်ကြပါတယ်။ ဒါပေမဲ့ တချို့အခြေအနေတွေမှာတော့ စစ်အုပ်စုနဲ့သာမက တခြား အဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဖို့လိုတယ်ကွ။ ဒါတွေက မဖြစ်မနေလုပ်ရမှာနော်။ မဟုတ်လို့ကတော့ကူညီရေးတွေက မြေပြင်ကို ဘယ်ရောက်တော့မလဲ။


မိုး - တစ်ခုတော့ရှိတယ် ကိုထင်မော်ကြီး။ မိုခါမှာ တော်လှန်ရေးအင်အားစုတွေကြားက အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှု၊ နွေးထွေးမှု၊ ကူညီမှုလေးတွေတွေ့ရတာ နွေဦးအတွက် အားတက်စရာပဲလို့ မိုးတော့မြင်တယ်။ စိတ်မကောင်းဖြစ်ရတဲ့ အဆုံးအရှုံးတွေကြားမှာ ရလိုက်တဲ့တန်ဖိုးပဲ။


တိုး - ဟုတ်တာပေါ့။အခက်အခဲတွေကြားက ပေါင်းစပ်နိုင်တဲ့စုဖွဲ့မှုက တန်ဖိုးကြီးတာပေါ့။ ဒီလောက်နဲ့ရပ်မနေဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးထိ စုဖွဲ့နိုင်ရင်တော့ အတိုင်းအထက်အလွန်ပေါ့။


မော် - ငါ့အမြင်ကတော့ ရှင်းတယ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ဘယ်စုဖွဲ့မှုဖြစ်ဖြစ် ရှိသင့်တယ်၊ ရှိလည်း ရှိရမယ်။ အချိန်အရလည်း အကောင်းဆုံးအချိန်ပဲ။ မတူညီမှုတွေ၊ မကျေလည်နိုင်တာတွေ၊ ညှိနှိုင်းရမှာတွေ ရှိမှာပဲ။ ဒါပေမဲ့ အရင်ဆုံးလုပ်ဖို့က စစ်အာဏာရှင်စနစ်ကို ဖြိုလှဲဖို့ပဲ။ ဒါက တစ်ပါတီ၊ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့အတွက် မဟုတ်ဘူး။ ပြည်သူလူထုတရပ်လုံးရဲ့လိုအပ်မှု၊ လိုလားမှု။ဒါမှ အရင်မလုပ်၊ ဘာ အရင်လုပ်မလဲ။


မိုး - ဒါနဲ့ ... စစ်ကိုင်းဖိုရမ်ကလည်း အထက်အညာ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေ စုစည်းမိလာမယ့် အခြေအနေလို့ မိုးတော့ ထင်တယ်။ ပြန့်ကျဲနေတဲ့ အစုအဖွဲ့တွေကို စုစည်းနိုင်ပြီး ပိုစနစ်ကျ၊ ပိုထိရောက်တဲ့ စစ်အာဏာရှင်စနစ်တွန်းလှန်‌ရေး လုပ်ငန်းစဉ်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ။


တိုး - ကျနော်လည်း မမိုးလိုပဲ မျှော်လင့်မိတယ်။ ဒါပေမဲ့ ထိလွယ်ရှလွယ်ကိစ္စတွေကို အတော်ကျေကျေလည်လည် လုပ်နိုင်မှတော်ကာကျမယ်။ အရေးကြီးတာက လူထုကိုမျက်နှာမူတဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ လုပ်ကိုင်နေသူတွေအပေါ် အပြုသဘော ဝိုင်းဝန်းမှုတွေရှိသင့်သလိုသံသယလွန်၊ စိုးရိမ်လွန်တုံ့ပြန်တာတွေကို သတိထားသင့်တယ်။


မော် - အေးပါကွာ။ သံသယလည်း မကြီးပါဘူး။ တော်လှန်ရေးအတွက် ဒီလူတွေ စိတ်ပိုင်းဖြတ်ထားတာကိုလည်း ယုံပါတယ်။ အေး ...ဒါပေမဲ့ ဦးစားပေးရမယ့်ကိစ္စ အရင်မလုပ်ဖြစ်ဘဲ ဖိုရမ်ပေါင်းစုံနဲ့ ဆွေးနွေးမှုတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေရင်တော့ ... သေပြီဆရာပေါ့ကွာ။ ငါ့အမြင်ကတော့ ကိုဗစ်တုန်းက ဈေးသည်ပေါင်းစုံ လမ်းထဲလှည့်ရောင်းသလို ဟိုကလည်း ဖိုရမ်၊ ဒီကလည်း ဖိုရမ်ဆိုတာမျိုး ဇာတ်ခေါင်းကွဲနေတာထက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို အာရုံစိုက်တာမျိုး ပိုကြိုက်သကွာ။ ဒါက လက်တွေ့ကျတယ်။


မိုး - ကိုထင်မော်ကြီးက အစိုးရိမ်လွန်တာလား။ စောင့်ကြည့်ကြတာပေါ့။ သိပ်တော့ လျှော့မတွက်ပါနဲ့ ။


မော် - မိမိုး ... ဟိုဟာဖြစ်သင့် ဒီဟာဖြစ်သင့်တွေ ထားလိုက်စမ်းပါဟာ။ ဒီအချိန်က သားချော့တေး၊ သမီးချော့တေး ရေးဖို့ထက် ငုတ်တုတ်ထိုင်နေတဲ့ စစ်ဘီလူးကြီးကို အရင်ဖြိုလှဲရမှာလေ။ ကိုယ့်ချင်းကိုယ့်ချင်း ညှိဖို့နှိုင်းဖို့က ဘယ်တော့မဆို ဖြစ်နိုင်တယ်၊ ညှိနှိုင်းလို့ရတယ်။ အေး ... ဘာပြောပြော နားမထောင် နားမဝင်တဲ့ဟာတွေကိုသာ အရင်ဖြိုပစ်ရမှာ။ ငါ့နှယ် ခက်ပါရဲ့ ...


တိုး - ကိုထင်မော်ကြီးပြောတာ ကျနော်လက်ခံတယ်။ ဘာပဲလုပ်လုပ် ရပ်သင့်တဲ့နေရာရှိတယ်။ မကျော်ရမယ့် စည်းတွေ ရှိတယ်။ပြည်သူကို တကယ် ကိုယ်စားပြုကြရမှာ။ ပြည်သူတွေအတွက်အမှန်တကယ် အကျိုးဖြစ်ထွန်းဖို့ ရည်ရွယ်ရမယ်။အခုက လူ့စည်းဘီလူးစည်းလည်း ကွဲနေပြီ။ဘီလူးကိုဖြိုဖို့ ဦးတည်မှ၊ အားစိုက်မှပေါ့။ လူအချင်းချင်းလည်း စကားပြောကြ၊ ညှိနှိုင်းစရာတွေ လုပ်ကြရမှာပေါ့။


မိုး - မိုး သတိထားမိတာကတော့ အခု တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ခုခံစစ်က အတော်လေး အရှိန်ရနေတယ်။ စစ်အုပ်စုက လေကြောင်းတို့ လက်နက်ကြီးတို့နဲ့ အပြင်းအထန်စစ်ထိုးတော့ ပေးဆပ်ရတာတွေလည်း များတာပေါ့။


မော် - ငါပြောတာ အဲဒါ မိုးမိုးရဲ့။ ငါတို့စုဖွဲ့နိုင်မှု မြန်လေ ဒီကောင်တွေ မြန်မြန်ကိစ္စတုံးလေပဲ။ စုဖွဲ့မှုကနေရမယ့် ရလဒ်ကို မြင်နေရဲ့သားနဲ့။ မဟုတ်ရင် အဆုံးအရှုံးများမယ်။ ဒီ စစ်ကျွန်သံသရာထဲမှာပဲ ငါတို့လည်နေရမှာ။


တိုး - ကိုထင်မော်ကြီး ပြောတဲ့ တော်လှန်ရေးအစုအဖွဲ့တွေပေါင်းစည်းဖို့က ဖြစ်လာမှာပါ။ ကျနော်တော့ အဲဒီလိုပဲ ထင်ပါတယ်။ အားလုံးတော့ ဟုတ်ချင်မှဟုတ်မှာပေါ့။ ဒီအချိန်မှာ ပြည်သူတစ်ရပ်လုံးက တကယ်လိုအပ်နေတာ၊ တကယ်ဆန္ဒရှိနေတာကို မျက်နှာလွှဲကြမယ်လို့ကျနော်မထင်ဘူး။


မိုး - ဒီနွေဦး အောင်ကို အောင်မှာ။


မော် - အေး အောင်မှာပါ။ ဒါပေမဲ့ ဆင်ပြောင်ကြီး အမြီးကျမှတစ် တော့ မလုပ်ကြဖို့ပြောချင်တာပါ။ တော်ပြီဟာ။ နင်တို့နဲ့ ပြောရတာလည်း စားထားတာလေးတွေတောင် ဘယ်နားရောက်ကုန်မှန်းမသိဘူး။ တစ်ခုလောက် ထပ်မှာဦးမှပါ။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၃ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၉ နဲ့ ၁၀ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့ အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့အာဘော်သာ ဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

1,395 views5 comments

5 comentarios


Invitado
27 jun 2023

ဘယ်တော့လောက်အောင်မလဲ

Me gusta

Invitado
15 jun 2023

ပေးဆပ်နေကြရတာတွေ များနေပြီ။

Me gusta

Invitado
15 jun 2023

ထင်မော့်ဖန်ပါ။

Me gusta

Invitado
15 jun 2023

ပြောစရာတွေတော့အများအချိန်ကစကားပြောပါလိမ့်မယ်

Me gusta

Invitado
15 jun 2023

Agree ကိုထင်မော်...

Me gusta
bottom of page