top of page
ဒီကြည်

ပဇီကြီးမီးခိုးမတိတ် မှောင်ရိပ်ခိုသံတမန်ခင်း

မိုးတိုးမတ်တပ်စကားဝိုင်း - ၂



စိတ်နှလုံးမချမ်းမြေ့စရာတွေများတဲ့ ခေတ်ကြီးမှာ မိုးအတွက် “ဟဲ့ ခွေးကောင်”လို့ ချစ်စနိုး ခေါ်လိုက်လို့ရတဲ့ သူငယ်ချင်းတွေနဲ့ ဆုံခွင့်ရတာ ဆုလာဘ်တစ်ခုပါပဲ။ လမ်းမကြီးတစ်နေရာက ကော်ဖီဆိုင်လေးမှာ မိုးတို့ သူငယ်ချင်း တစ်သိုက်။ ဒီတစ်ခေါက်တော့ ကိုတိုးအပြင် စိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့ ကိုထင်မော်ကြီး ထပ်ပါလာတော့ အကြောင်းစုံ၊ အသံစုံပေါ့။


မော် - လူသေတယ်ဆိုတာ မဆန်းပါဘူး။ လူတိုင်းကြုံရမှာပဲလို့ ငါက ခံယူထားတဲ့လူမျိုးဟ။ ဒါပေမဲ့ ဖအေဖြစ်တဲ့သူက သေသွားတဲ့သူ့သမီးလေးအကြောင်း ဆို့ဆို့နင့်နင့်ပြန်ပြောတာ နားထောင်ရတော့ တော်တော်လေး ဟတ်(heart)ထိတယ်ဟာ။ ငါလုံး၀ မခံစားနိုင်ဘူး။


မိုး - ဘာလဲ၊ ကိုထင်မော်ကြီးက အစမရှိ အဆုံးမရှိနဲ့။


မော် - ဟဲ့ မိုးမိုး... ။ ပဇီကြီးရွာ ဗုံးကြဲခံရတဲ့အကြောင်း လူတိုင်း ပြောနေဆိုနေကြတာလေ၊ ဒါလေးတောင် မသိဘူးလား။


မိုး - အို ... အဲဒါတော့ သိတာပေါ့။ ကိုထင်မော်ကြီးပဲ အဆက်အစပ်မရှိ ပြောချင်ရာစပြောပြီး ဟောက်လားဟန့်လားနဲ့။ မိုးတို့ထက် အသက်ကြီးတယ်ဆိုပြီး ...


တိုး - ကိုင်း ...ကိုင်း ... မမိုးလည်း ကိုထင်မော်ကြီးအကြောင်း အသိသားနဲ့။ ကိုထင်မော်ကြီး ပြောတာလည်း ဟုတ်တာပဲ။ ကျနော်လည်း ကြားကြားချင်း တော်တော့်ကိုစိတ်ထိခိုက်ရတာ။ အစွမ်းကုန် ရက်စက်နိုင်တာ တွေးမိပြီးသားပါ။ ဒါပေမယ့် ဒီလောက်ထိလို့တော့ ဘယ်ထင်မလဲ။ လူပေါင်း ၁၇၀ ဝန်းကျင် သေတဲ့ထဲမှာ ပကဖ နဲ့ ပအဖ က ၁၈ ယောက်ကလွဲလို့ ကျန်တာ ကလေးသူငယ်တွေနဲ့ ဒေသခံအရပ်သားတွေ။ ရွာလုံးကျွတ် နာရေးမရှိတဲ့အိမ် မရှိဘူး။ တချို့ဆို မိသားစုလိုက်...။


မိုး - ဒါပေမဲ့ မိုးအထင်တော့ စစ်တပ်ဟာ (အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ) အကြီးအကျယ် ပြိုလဲရှုံးနိမ့်နေပြီဆိုတာ သက်သေပြနေသလိုပဲ။ ဒီလိုပြောလို့ တော်လှန်ရေးနိုင်နေပြီလို့တော့ ပြောတာ မဟုတ်ဘူးပေါ့။


မော် - ဟဲ့ ...မိုးမိုး၊ နင့်စကားက ဘာလဲ။ ဒီနွေဦးက နိုင်ကိုနိုင်မှာဟ။


မိုး - ကိုင်း ...ကြည့်။ ကိုထင်မော်ကြီးက လုပ်ပြီ။ မနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူးဆို၊အခုအနေအထားနဲ့ နိုင်နေတယ်လို့ မသတ်မှတ်နိုင်သေးတာကို ပြောတာပါ။


တိုး - မမိုး မှတ်မိသေးလား။ ဟိုတစ်ခါ ပြောဖြစ်တာလေ။ ပေါက်ဖော်ကြီးနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန် ဆန္ဒရှိတဲ့ကိစ္စ။


မိုး - အဲဒါ ဘာဖြစ်လို့လဲ ကိုတိုးရဲ့။


တိုး - အမေရိကန်နဲ့ မြန်မာ့အရေးဆွေးနွေးဖို့ ပေါက်ဖော်ကြီးက မီးစိမ်းတောင်မပြဘူး။ အမေရိကန်က မြန်မာ့အရေးမှာ စာနာအသိအမှတ်ပြုမှုနဲ့ ရပ်တည်ပြပေမယ့် ပေါက်ဖော်ကြီးက တကယ်သက်ရောက်မှုရှိတဲ့ အကွက်တွေနဲ့ မြန်မြန်သွက်သွက် ရွှေ့လာတာ သတိထားမိလို့ပါ။


မော် - ငတိုးရာ။ မင်းတို့က ဘာမျှော်လင့်နေတာလဲ။ တရုတ်ကြီးက ငါတို့ပြည်သူတွေအပေါ် ဘယ်တုန်းကများ ကျေးဇူးရှိခဲ့လို့လဲ။ သူတို့အကျိုးစီးပွားက သူတို့အတွက် နံပါတ်တစ်ပဲ။ အဲ ... နံပါတ်နှစ်တို့ သုံးတို့ကလည်း သူတို့အကျိုးစီးပွားပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာကလည်း စစ်တပ်အာဏာသိမ်းလာတဲ့ တလျောက် ကတော်... ကတော်နဲ့ ဘာတစ်ဥမှ မအုဘူး။ ဓားကြိမ်းကြိမ်းနေတဲ့အိမ်မှာ ကန့်ကွက်ပါကြောင်း၊ ရှုတ်ချပါကြောင်း စက္ကူပေါတိုင်း ထုတ်ပြန်နေရုံနဲ့ ဝတ်ကျေတန်းကျေလုပ်နေတာ လူကြီးလူကောင်းဆန်ပြနေတာလောက်ပဲ။


မိုး - ကိုထင်မော်ကြီးပြောတာ မှန်သင့်သလောက် မှန်ပေမယ့် ...


မော် - တော် ... တော် ... ။ အားအင်ရှိကြလျက်သားနဲ့ တရားလက်လွတ်ဖြစ်နေတာတွေကို အကာအကွယ်ဖြင့် မပေးဘူး။ ဒီတိုင်းထိုင်ကြည့်နေလို့၊ နင့်အဘတွေက တယ်... ငါမပြောလိုက်ချင်တော့ဘူး။ အဲသလို ထိုင်ကြည့်နေရင် သူတို့လည်း ဟိုအုပ်စုနဲ့ အလိုတူအလိုပါသဘော ဖြစ်နေတာပဲ။ အေး ... နိုင်ငံရေးလုပ်တယ်ဆိုတာ “မှောင်ရိပ်ထဲ လူချောင်းရိုက်” မဟုတ်ဘူးဆိုရင် ကျင့်ဝတ်စံနှုန်းတွေကို ခိုင်ခိုင်မြဲမြံ လက်ကိုင်ထားကြပါတော့လား။


မိုး - ဟုတ်ပါတယ်။ ကိုထင်မော်ကြီး ပေါက်ကွဲနေတာ မိုး နားလည်ပါတယ်။ နိုင်ငံတကာက ကျင့်ဝတ်သိက္ခာနဲ့အညီ ၀တ္တရားမကျေဘဲ ပျက်ကွက်နေတာ ရှက်ဖို့ကောင်းတာပေါ့။ ဒါပေမယ့် ပေါက်ကွဲနေရုံနဲ့မှ မပြီးတာ။ မှန်ကန်တဲ့ လမ်းပေါ်ရောက်အောင်တော့ ဝိုင်းတွန်းရမှာပေါ့။


“ပါးပိန် နံ့သာဖို့” လုပ်နေကြတာပါကွာ။ ဒီလောက် ညစ်ထေး၊ အရုပ်ဆိုး အကျည်းတန်တဲ့ သမိုင်းကိုပဲ ဒီနိုင်ငံရေးခေါင်းဆောင်တွေက ရေးချင်သပါ့ဆို ရေးကြပေါ့ကွာ။

တိုး - ဒါနဲ့ ... ကံဆိုးတယ်ပဲ ပြောရမလား။ မပြောကောင်းပြောကောင်း ပြည်သူတွေဘဝကတော့ ပေါက်တဲ့နဖူး မထူးဇာတ်ခင်းရဦးမယ် ထင်ပါရဲ့ ဖွ ဖွ ... လွဲပါစေ၊ ဖယ်ပါစေ။ ကျန်းမာရေးအသုံးစရိတ် ကျပ်ဘီလီယံ ၈၁၄ ပဲ သုံးမယ်ဆိုတဲ့ စစ်တပ်က သူတို့အသုံးစရိတ်ကို ကျပ်ဘီလီယံပေါင်း ၅,၆၀၀ သုံးဖို့ လျာထားတာတဲ့။ (၇ ဆလောက်ရှိတယ်) ဒီအတိုင်းဆို ပိုပြင်းထန်၊ အဖျက်စွမ်းအားပိုကြီးတဲ့ လက်နက်တွေနဲ့ ဆန့်ကျင်နေသူတွေကို ချေမှုန်းမယ့်သဘောပဲ။ သူတို့ရဲ့ ငွေဝင် လမ်းကြောင်းတွေကို တကယ်ထိထိရောက်ရောက် မဖြတ်နိုင်တာ တော်တော်ဆိုးတယ်။


မိုး - နိုင်ငံ့ဘဏ္ဍာတွေ ဖင်ခုထိုင်ပြီး ဒီလိုလုပ်ချင်လွန်းလို့ အာဏာသိမ်းထားတာပဲ မဟုတ်လား။ ဒီလိုလုပ်ထားတဲ့ ရှက်စရာ အုပ်စုကိုတောင် သံတမန်ရေးနည်းလမ်းအရ သွားဖြဲပြချင်တဲ့သူတွေက ရှိသေး။ ပဇီကြီးမှာ မီးခိုးမတိတ်ခင် တရုတ်ကွန်မြူနစ်ပါတီက ညွှန်ချုပ် ပင်ရှိုဘင်နဲ့ The Elder ကိုယ်စားလှယ် ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းတို့ ...


မော် - ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း ပါသေးတာပေါ့။ ဒီလူက ထိုင်း ဒုတိယဝန်ကြီးချုပ်တာဝန် ယူထားတာတဲ့။ ဘာယူယူပေါ့။ သူတို့လည်း အာဏာသိမ်းအစိုးရချင်းပဲ။ ညီတော်နောင်တော် ပတီးပတားလုပ်ပြီး တော်လှန်ရေး အင်အားစုတွေဆီ စီးနေတဲ့ လက်နက်ခဲယမ်းလမ်းကြောင်း ပိတ်ဖို့လုပ်မယ်ထင်ရဲ့။ ဒီမသာအိမ်က ဖဲဝိုင်းအတော်စည်ပါ့လား။ ဒါတောင် ငါတို့သတိထားရမယ့် ကြိတ်ဝိုင်းတစ်ခုရှိသေးတယ်။ ဒေလီဆွေးနွေးပွဲဆိုလား။


တိုး - ကိုထင်မော်ကြီးနဲ့ ကျနော် ဒီနေရာကတော့ သဘောတူတယ်။ စဉ်းစားကြည့်ဗျာ။ ပေါက်ဖော်ကြီးက ဘိုးဘိုးရွှေတို့၊ ဘိုးဘိုးပြောင်တို့ အဲလေ ... ဦးသန်းရွှေတို့၊ ဦးသိန်းစိန်တို့နဲ့ ဘာကိစ္စ တွေ့ရတာလဲ။ ဘန်ဘန် (ဘန်ကီမွန်း)ကရော ဘာလို့ ဦးသိန်းစိန်နဲ့ တွေ့တာလဲ။ စာဖတ်နည်း၊ ပန်းချီဆွဲနည်းခံရအောင် လမ်းကြုံဝင်ပြီး သာကြောင်းမာကြောင်း နှုတ်ဆက်ရုံလောက်လို့တော့ မထင်ပါဘူး။ ဘာအကွက်တွေများ ရွှေ့ဖို့ကြံနေပါလိမ့်၊ ဘာတွေများ ဖြစ်လာဦးမှာပါလိမ့်လို့ ဆန့်ငင်ဆန့်ငင် ဖြစ်ချင်စရာတွေ။


မိုး - မိုးအထင်တော့ ပေါက်ဖော်ကြီးက ဟိုဘဲကို မချစ်သော်လည်း အောင့်ကာနမ်းနေရပုံမျိုးပဲ။


မော် - အဟွတ်၊ အဟွတ်။ ... မိုးမိုးရယ် ...။ နင့်ဥပမာကို ငါ့မျက်စိထဲမြင်ကြည့်ပြီး ရေတောင်သီးပါရော။


တိုး၊ မိုး - ဟား ...ဟား ...။


မိုး - ဒီလိုပါ ကိုထင်မော်ကြီးရဲ့။ အချိန်မတော်ကြီးမှာ ကိုတိုးပြောခဲ့သလို လမ်းကြုံလို့ ဝင်နှုတ်ဆက်စရာကိစ္စမှ မဟုတ်ဘဲ။ ပေါက်ဖော်ကြီးက လက်ရှိ စစ်အုပ်စုခေါင်းဆောင်မှုကို အားမလိုအားမရ ဖြစ်နေတာများလားလို့။ မရှောင်သာလို့ ဟိုဒင်း ... အဆက်အဆံလုပ်ရတာ ဆိုပါတော့။ မိုး တစ်ယောက်တည်း အထင်ပြောတာပါ။ ဒီလိုပုံနဲ့ မိုးကြီးချုပ်လျှင်ဆိုရင်တော့ ပေါက်ဖော်ကြီးရဲ့ အကျိုးစီးပွားတွေက မအိုကေဘူးလေ။ ရေရှည်တည်ငြိမ်မှုကို အာမခံမရှိရင် အကျိုးစီးပွားဆိုတာမျိုးက မရေရာတဲ့အကြောင်း ပေါက်ဖော်ကြီးက ပိုသိမှာပေါ့။


တိုး - ဟုတ်တယ် မမိုး။ ဒီဇာတ်လမ်းကို ဘယ်သူဒါရိုက်တာလုပ်လဲဆိုတာ သိချင်စရာနော်။ ဧည့်သည်ကလား အိမ်ရှင်ကလား၊ ပင်စင်စားကြီးတွေကလား၊ ကြားလူရှိသေးလား စသဖြင့်ပေါ့။ ဘန်ဘန်က သမ္မတဟောင်း ဦးသိန်းစိန်နဲ့တောင် တွေ့လိုက်သေး။ ဘာပဲပြောပြော ကျနော့်တစ်ကိုယ်ရည်အရတော့ The Elder ရဲ့ ဘန်ကီမွန်း မြန်မာခရီးစဉ်ကြေညာချက်ကိုတော့ သဘောကျမိသား။ တိတိကျကျ ရှင်းရှင်းလင်းလင်းပဲ။ မြန်မာ့အရေးမှာ NUG ‌ရော တခြားအစုအဖွဲ့တွေနဲ့ပါ တွေ့ဆုံဖို့လိုတယ်၊ စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံဘူးဆိုတာတွေ ပြောထားတယ်။ ဘန်ဘန်က NUG နဲ့လည်း တွေ့တော့ နှစ်ဘက် သဘောတူတာတွေများ တွေ့ရမလားလို့...


မော် - အဲဒါပဲ ငတိုး။ မင်းတို့ကသာ ဆင့်ဟိုဒင်း ခွေးမျှော်နေတာ။ ဒီကြေညာချက်တွေက ဘယ်လောက်များ ထိရောက်လို့လဲ။ ဘန်ကီမွန်းပြန်ပြီး နာရီပိုင်းအတွင်းမှာ မင့်အဘက အမုန်းဆွဲ ဗုံးကြဲနေပြီ။ ပြီးတော့ ... မြန်မာ့အရေး ဆွေးနွေးပွဲတွေ ကမကထလုပ်တဲ့နိုင်ငံတွေကိုကြည့်။ စစ်တပ်နဲ့ပလူးပလဲနေတဲ့ အုပ်စုတွေချည်းပဲ။ ဒီလောက်နဲ့တော့ တို့ပြည်သူတွေ ကောင်းရာကောင်းကျိုးရှိလာမယ်လို့ မထင်ဘူး ဟေ့ကောင်ရေ။ “ပါးပိန် နံ့သာဖို့” လုပ်နေကြတာပါကွာ။ ဒီလောက် ညစ်ထေး၊ အရုပ်ဆိုး အကျည်းတန်တဲ့ သမိုင်းကိုပဲ ဒီနိုင်ငံရေးခေါင်းဆောင်တွေက ရေးချင်သပါ့ဆို ရေးကြပေါ့ကွာ။ ပဇီကြီးနာရေးက မီးခိုးမတိတ်သေး၊ မျက်ရည် မခြောက်သေးဘူး။


မိုး - မိုးလည်း ကိုထင်မော်ကြီးပြောတာလက်ခံတယ်။ “ဘူးနားပင်း ရေသွင်းမဝင်” ဆိုသလိုပေါ့။ အပေါက်မပါတဲ့ဘူးထဲ ရေထည့်လို့မဝင်သလိုပဲ နားထောင်ညှိနှိုင်းလိုစိတ်မရှိတဲ့ စစ်ခေါင်းဆောင်လိုလူက ဘာပြောပြော ထူးမယ်မထင်ဘူး။ သူ့ကို ရွေ့အောင် ဘာတွေက တွန်းနိုင်မလဲ။ လာမယ့်လထဲမှာ အာဆီယံထိပ်သီး ဘာထူးမလဲ စောင့်ကြည့်တာပေါ့။


မော် - အေး ...ကြည့်ကြ။ ကြည့်ကြ။


တိုး - အရွေ့တွေကို အကဲဖြတ်,ခွဲခြမ်းနိုင်မှ ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ခပ်ရေးရေးပေါ်နိုင်တာပေါ့ ကိုထင်မော်ကြီးရာ။ ဘာမှမမြင်ရတာထက်တော့မှန်းဆသွားလို့ရတဲ့လမ်းလေးရှိနေမှ လိုရာခရီးရောက်မှာပဲ။ ပြီးပြတ်လုံလောက်တဲ့ အခြေအနေ မဟုတ်ပေမယ့် နွေဦးအတွက်အားတက်စရာ သတင်းကောင်းတွေလည်း ကျနော်တို့ ကြားနေရတာပဲ။ တော်လှန်ရေးအုပ်စုတွေရဲ့ စစ်ရေးခြေလှမ်းတွေက အောင်မြင်နေတာပဲ။ အခုအဆုံးအဖြတ်နှစ်ကို သုံးပိုင်းပိုင်းရင် တစ်ပိုင်းကတော့ ကုန်ပြီ။ ဒါနဲ့နော် ... အခုတလော NUG ရဲ့လှုပ်ရှားမှုတွေတော့ သိသိသာသာမတွေ့မိဘူး။ ကျနော့်အထင်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တာလားလို့။


မော် - ငတိုးရေ ...ငါကတော့ ဟောဟောဒိုင်းဒိုင်းသမားပဲကွ။ ကန့်ကွက်ပါတယ်၊ ရှုတ်ချပါတယ်၊ ပြည်သူတွေနဲ့အတူ ရှိနေပါတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်တွေ လက်မောင်းအောင့်ခံပြီး ရေးမနေကြဘဲ၊ ပခုံးအောင့်ခံပြီး ထမ်းမနေကြဘဲ တကယ်သာ လက်တွေ့ဝိုင်းကူလိုက်ကြစမ်းပါကွာ။ ချစ်တယ်ချစ်တယ်ဆိုပြီး စကားချည်းအဖတ်တင်နေရင် ကောင်မလေး လင်နောက်လိုက်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်။


တိုး - အဟမ်း အဟမ်း။ ကိုထင်မော်ကြီးက တကယ့်အပီအပြင် ခံစားနေတာ။ ကျနော် သိပါတယ်နော်။ အချိန်ရှိခိုက် လုံ့လစိုက်ပြီး ...


မော် - ဘာလဲကွ ငတိုးရ အဟမ်းအဟမ်းဆိုတာ ...


မိုး - လုံ့လစိုက်ပြီး ကော်ဖီအေးအေးလေး သောက်လိုက်ပါဦးလို့။ အမယ်၊ ညနေ ငါးနာရီထိုးရင် မီးပြန်လာတော့မှာပဲ။ အိမ်ပြန်အရောက်နဲ့ အံကိုက်ဆို လုပ်စရာလေးတွေလည်း ရှိသေး...


မော် - ငတိုးရေ ... မိုးမိုးက တကယ့်ဆရာမကြီးပဲ။ ငါ့တို့ကို မျက်စောင်းထိုးပြီး နှင်လွှတ်နေပြီ။


တိုး - ဟုတ်ပ ကိုထင်မော်ကြီးရေ ...ဟား ... ဟား ...။


မော် - အေးကွာ၊ ဆုံကြဦးစို့ ငတိုး၊ စကားပြောရတာ အားမရဘူး။ ဟဲ့ ...မိုးမိုး မကြားချင်ယောင်မဆောင်နဲ့ နောက်တစ်ခါ နင်ရှင်းရမယ် ဒါပဲ။


ဝန်ခံချက် - မိုးတိုးမတ်တပ် စကားဝိုင်း - ၂ ပါ အချက်အလက်တွေကို The Analyst သတင်းလွှာ အတွဲ ၂ အမှတ် ၇ နဲ့ ၈ တို့က ရယူထားပါတယ်။ ဒါပေမဲ့ ဒီစကားဝိုင်းဟာ အဲဒီသတင်းလွှာရဲ့ အာဘော် မဟုတ်ပါဘူး။ စာရေးသူရဲ့အာဘော်သာ ဖြစ်ကြောင်း ဝန်ခံပါရစေ။ ပိုစုံတဲ့ သတင်းအချက်အလက်တွေ၊ သတိပြုစရာတွေကို မူရင်းသတင်းလွှာမှာ ဖတ်ရှုနိုင်ပါတယ်။ စကားဝိုင်းပိုမြိုင်ဆိုင်အောင် စာဖတ်သူကိုယ်တိုင်လည်း ပြောချင်တာလေးတွေရှိရင် ဆက်သွယ်လိုက်ပါ

2,037 views2 comments

2 Comments


Guest
May 16, 2023

ဆွေးနွေးတဲ့ အကြောင်းအရာတွေ ကောင်းပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ရှိသလို၊ လိုရင်းထိမိပါတယ်။ သုံးယောက်လုံးကို သဘောကျပါတယ်။ စာတွေ နည်းနည်းမှိန်တယ်လို့ထင်ပါတယ်။

Like

Guest
May 16, 2023

ထင်မော့် ဖန်ပါ။ 😁

Like
bottom of page