top of page
လင်းပိုင်

ပြည်တွင်းအဖွဲ့အစည်းတွေဖို့ ဉာဏ်ရည်တု

ဉာဏ်ရည်တုနည်းပညာကို ပြည်တွင်းအဖွဲ့တွေ ဘယ်လိုသုံးကြမလဲ


ခေတ်စားနေတဲ့ ဉာဏ်ရည်တုကို အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ့်ရည်မှန်းချက်ရောက်အောင်၊ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရအောင် ဘယ်လိုအသုံးချနိုင်မလဲ။

လတ်တလော ရက်သတ္တပတ်တွေအတွင်း သုံးစွဲသူတွေကြားမှာ အလျင်အမြန် ရေပန်းစားလာတာကတော့ ChatGPT ပါပဲ။ အသုံးပြုသူ သန်း ၁၀၀ အထိရောက်ဖို့ TikTok က အချိန်ကိုးလကြာတယ်။ Instagram က နှစ်နှစ်ခွဲ ကြာတယ်။ Google နဲ့ Facebook ကတော့ ငါးနှစ်ကြာခဲ့တယ်။ ChatGPT ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ စတင်ထုတ်လွှင့်အပြီး ရက်သတ္တပတ်တစ်ပတ်အတွင်း အသုံးပြုသူတစ်သန်းကျော်သွားလို့ TikTok ရဲ့ ကိုးလစံချိန်ကို ချိုးခဲ့ပါတယ်။


ChatGPT ဆိုတာ Artificial Intelligence (AI) လို့ခေါ်တဲ့ ဉာဏ်ရည်တုကိုသုံးပြီး လူအစစ်နဲ့ သဘာဝကျကျ အပြန်အလှန်စကားပြောသလို စာသားတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့ AI chatbot (ဉာဏ်ရည်တုသုံး စကားပြောစက်) ပါပဲ။


AI ကို လုံးဝမှီခိုတာမျိုးမဟုတ်ပေမယ့် အနည်းဆုံးတော့ အထောက်အကူပြုဖို့ သုံးနိုင်ပါပြီ။

တစ်ခုခုသိချင်ရင် အရင်က Google လို search engine တွေမှာ မေးမြန်းရှာဖွေခဲ့ကြပါတယ်။ ခုပေါ်လာတဲ့ ChatGPT ရဲ့ နည်းပညာက နောက်တစ်ဆင့်ထပ်မြင့်လာပါပြီ။

  • content တွေ ဖန်တီးထုတ်လုပ်ခိုင်းမလား၊

  • ပရိုဂရမ်အတွက် ကုဒ်တွေရေးသား၊ ပြုပြင်ခိုင်းမလား၊

  • နာမည်ကြီးကဗျာဆရာရဲ့ ဖွဲ့နွဲ့ပုံစံအတိုင်း ကဗျာတစ်ပုဒ်လောက် စပ်ခိုင်းမလား၊

  • ရွာငယ်လေးရဲ့ နေဝင်ချိန်အိပ်တန်းတက် ငှက်တွေအကြောင်း ကျေးလက်သီချင်းတစ်ပုဒ် ရေးခိုင်းမလား၊

  • ဂန္ထဝင်ဝတ္ထုရှည်ကြီးတစ်အုပ်ကို အနှစ်ချုပ် ထုတ်ခိုင်းမလား

စသည်ဖြင့် ကိုယ်စိတ်ကူးရှိသလောက် ဆက်သွယ်မေးမြန်းလို့ ရလာပါပြီ။


လူ့အသိဉာဏ်ကို အားကိုးအားထားပြုရတဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ပြဿနာဖြေရှင်းခြင်းတို့လို အလုပ်တွေမှာ အလျှင်အမြန် တိုးတက်ပြောင်းလဲလာတဲ့ ဉာဏ်ရည်တု (AI) ကို သုံးနိုင်လာပါပြီ။ AI ကို လုံးဝမှီခိုတာမျိုးမဟုတ်ပေမယ့် အနည်းဆုံးတော့ အထောက်အကူပြုဖို့ သုံးနိုင်ပါပြီ။ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေကလည်း ကိုယ့်ရည်မှန်းချက်တွေဆီရောက်အောင်၊ အများအတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရအောင် AI ကို ဘယ်လိုသုံးမလဲဆိုတာ လေ့လာကြည့်ကြပါမယ်။


အကြံပြုချက် #၁ - အချက်အလက်တွေကို အကောင်းဆုံး အသုံးချမယ်။


သတင်းအချက်အလက်တွေကို အဓိပ္ပါယ်ကောက်နိုင်ရင် ဆုံးဖြတ်ချက်တွေကို ပိုထိရောက်မှာပါ။ AI ဆီက ရတဲ့ သတင်းအချက်အလက်တွေနဲ့ အဓိပ္ပါယ်ကောက်ယူမှုတွေဟာ ပြည်တွင်းအဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ အထောက်အကူပြုနိုင်ပါတယ်။ တစ်ပုံတစ်ခေါင်း အချက်အလက်တွေကို AI သုံး ဆန်းစစ်ပိုင်းခြားနိုင်ရင် လူတွေသတိမထားမိလိုက်တဲ့ ထပ်ဖန်တလဲလဲ ဖြစ်ပျက်နေတာတွေကို ဖော်ထုတ်နိုင်သလို၊ ရေပန်းစားလာတဲ့ အကြောင်းအရာတွေကိုလည်း ခန့်မှန်းနိုင်လာမယ်။ ဒီလိုသိလာလေ ဘယ်နယ်ပယ်ကို အာရုံစိုက်ရမယ်၊ ဘယ်ရင်းမြစ်တွေကို အသုံးချနိုင်တယ် စသဖြင့် အချက်အလက်အခြေပြု ဆုံးဖြတ်ချက်တွေ ထိထိ‌ရောက်ရောက် ချနိုင်လာလိမ့်မယ်။


အကြံပြုချက် #၂ - အလိုအလျောက် လုပ်ခိုင်းမယ်။


အလုပ်တချို့ကို ကိုယ်တိုင်အချိန်ပေးလုပ်ကိုင်မယ့်အစား AI သုံးပြီး အလိုအလျောက် လုပ်ခိုင်းလို့ ရပါမယ်။


အကြံပြုချက် #၃ - ခွဲခြမ်းစိတ်ဖြာခိုင်းမယ်။


ရန်ပုံငွေထောက်ပံ့သူ၊ အလှူရှင်အဖွဲ့အစည်းတွေရဲ့ အလေ့အထနဲ့ လိုလားချက်တွေ၊ အကျိုးခံစားခွင့် ရှိသူတွေရဲ့ ကာလအပိုင်းအခြားအလိုက် လိုအပ်ချက်တွေ၊ အဖွဲ့အစည်း ပြင်ပဆက်သွယ်ထိတွေ့မှု ရလဒ်တွေ စသဖြင့် ခွဲခြမ်းစိတ်ဖြာစရာတွေကို AI အသုံးပြု လုပ်ဆောင်နိုင်ပါမယ်။


အကြံပြုချက် #၄ - ဝန်ထမ်းထပ်မခန့်နိုင်ခင် ဝိုင်းကူခိုင်းမယ်။


ဥပမာ- အိမ်တွင်းအကြမ်းဖက်မှုတွေကို နှစ်သိမ့်ဆွေးနွေးအကြံပေးတဲ့အဖွဲ့တစ်ခုက သူတို့ဝက်ဘ်ဆိုက်မှာ တစ်ရက်တစ်ရက် လာရောက်မေးမြန်း အကူအညီရယူသူပေါင်း ရာ,ထောင်ချီနေတယ်ဆိုပါစို့။ ဝန်ထမ်းတွေ အများကြီးထပ်ခန့်ဖို့လည်း မလွယ်ရင် ကိုယ့်ဝန်ဆောင်မှုနဲ့ကိုက်ညီအောင် ပြင်ဆင်ထားတဲ့ AI chat-bot ကို website မှာ ထည့်သွင်းပြီး အထောက်အကူပြုစနစ်တစ်ခု ဖန်တီးနိုင်ပါတယ်။ ဥပမာ၊ hirainbow.org


အကြံပြုချက် #၅ - အသိပညာပေးဖို့ စည်းရုံးလှုံ့ဆော်ဖို့ သုံးမယ်


ရှုပ်ထွေးသလောက် တိကျဖို့အရေးကြီးတဲ့ အသိပညာပေး၊ စည်းရုံးရေး အစီအစဉ်တွေမှာ AI chatbot ဟာ အသုံးချစရာနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာ - သင်ယူမှုအခက်အခဲရှိနေတဲ့သူတွေကို အထောက်အကူပြုမယ့် Chatbot ဖန်တီးတာမျိုးပေါ့။


အကြံပြုချက် #၆ - လူမှုအသိုင်းအဝိုင်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ သုံးမယ်။


ကိုယ့်အဖွဲ့အစည်းက လူမှုအသိုင်းအဝိုင်းတွေအတွက် ဘာလုပ်ပေးနေတယ်ဆိုတာ အသိပေးဖို့၊ သူတို့ဆီက တုံ့ပြန်အကြောင်းကြားတွေ၊ ဝေဖန်အကြံပြုတာတွေ ပြန်ကြားရဖို့ဆိုတာ အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဆာဟာရတောင်ပိုင်း အာဖရိကလယ်သမား ၅၀,၀၀၀ ကျော်အတွက် ဖန်တီးခဲ့တဲ့ chatbot (Africa Farmers Club group) ကတော့ အရေးကြီးသတင်းအချက်အလက်တွေ၊ နောက်ဆုံးရ သတင်းတွေနဲ့ သင်ယူစရာအသစ်အဆန်းတွေကို သိရအောင် ကူညီပေးပါတယ်။


Resistbot ကတော့ အမေရိကမှာ ရွေးကောက်ခံပုဂ္ဂိုလ်တွေကို မိုဘိုင်းဖုန်းရဲ့ စာတိုပို့စနစ်ကနေ နှစ်မိနစ်အတွင်း မက်ဆေ့စာသားပေးပို့ဖို့အတွက် အသုံးပြုကြပါတယ်။ ရွေးကောက်ခံပုဂ္ဂိုလ်များသာမက ဒေသတွင်းသတင်းစာတွေနဲ့ အွန်လိုင်းမှာ ဖြန့်ချိဖို့လည်း အသုံးပြုနိုင်ပါတယ်။ ဒါတင်မက မဲပေးသူ မှတ်ပုံတင်ခြင်း၊ မြို့တော်ခန်းမတည်နေရာ၊ စေတနာ့ဝန်ထမ်း အခွင့်အလမ်းများ ရှာဖွေခြင်းနဲ့ မဲရုံရှာဖွေခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။


ဉာဏ်ရည်အစစ်နဲ့လူတွေက ဉာဏ်ရည်တုကို ဘယ်လောက်ထိ အသုံးချနိုင်မလဲ


AI chatbot ကို ပြည်တွင်းအဖွဲ့အစည်းတွေအတွက် သုံးနိုင်တဲ့နည်းလမ်းတွေကို ဒီနေရာမှာ အကုန်အစင် ပြောဖို့ မလွယ်ပါဘူး။ ဉာဏ်ရည်အစစ်နဲ့လူတွေက ဉာဏ်ရည်တုကို ဘယ်လောက်အသုံးချနိုင်မလဲ၊ သူတို့ကပဲ ဉာဏ်ရည်အစစ်နဲ့လူသားတွေကို လွှမ်းမိုးသွားမလား၊ ဥပမာ မူပိုင်ခွင့်ပြဿနာလို ဥပဒေဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာကိစ္စတွေမှာ ဘယ်လိုဆုံးဖြတ်ကြမလဲ စသည်ဖြင့် မေးခွန်းတွေလည်း နည်းပညာ အသစ်အဆန်းတို့ ထုံးစံအတိုင်း အများကြီးရှိနေဦးမှာပါ။


Microsoft၊ Google နဲ့ Meta တို့လို နည်းပညာရှေ့ပြေးလုပ်ငန်းကြီးတွေကတော့ AI သုံး ရှာဖွေရေး အင်ဂျင်တွေ၊ ဆက်သွယ်မေးမြန်းပြောဆိုမှုတွေမှာ အပြိုင်အဆိုင် ပြင်းထန်နေကြပါပြီ။


တစ်ရက်တော့ “ပြည်တွင်းအဖွဲ့အစည်းတွေကို AI က ဘယ်လိုအထောက်အကူပြုနိုင်လဲ”လို့ AI chatbot တစ်ခုခုမှာမေးမြန်းပြီး နောက်ဆက်တွဲဆောင်းပါးတွေ ဖန်တီးဖြစ်ဦးမယ် ထင်ပါရဲ့။

1,332 views1 comment

1 comentario


Invitado
30 nov 2023

တကယ်လုပ်ကြည့်မှ တော်တော်လေး အချိန်သက်သာသွားတယ်။ စမ်းကြည့်သင့်ပါတယ်။

Me gusta
bottom of page