top of page

စပ်ကူးမပ်ကူးကာလ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့တာဝန်

ဒီမိုကရေစီထွန်းကားဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ ဘာလုပ်မလဲ



အီရတ်နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သေကြေပျက်စီးနိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၃ ခုနှစ် မတ်လမှာ အမေရိကန်နဲ့ မဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထွက်ပြေးပုန်းအောင်းနေခဲ့တဲ့ အာဏာရှင်သမ္မတ(ဟောင်း) ဆက်ဒမ်ဟူစိန်ကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှာ ဖမ်းဆီးရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်ဇွန်လကုန်မှာ ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ အီရတ်ကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဖွဲ့စည်းထားတဲ့ ယာယီအာဏာပိုင် ညွန့်ပေါင်းအစိုးရထံကနေ ကြားဖြတ်အစိုးရဆီ အာဏာလွှဲပြောင်းမှုမပြုခင် စပ်ကူးမပ်ကူးကာလမှာ အမေရိကန် နိုင်ငံရေး လူမှုဗေဒ ပညာရှင် လာရီဒိုင်းမွန်းက ညွန့်ပေါင်းအစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာ အကြီးတန်းအကြံပေး ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ရပါတယ်။ သူက ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ အီရတ်နိုင်ငံရဲ့ မြို့တော်ဘဂ္ဂဒက်မှာ အီရတ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခိုက် ဆွေးနွေးတင်ပြချက်ကို စာဖတ်ပရိသတ်တွေအတွက် ပြန်လည်ဝေမျှလိုက်ရပါတယ်။


 

မင်္ဂလာနေ့လယ်ခင်းပါဗျာ။ ဒီမိုကရေစီထူထောင်ရေးနဲ့ အားကောင်း‌ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ အကျဉ်းလောက် ပြောချင်ပါတယ်။ ဒီမှာ တက်ရောက်နေသူတွေ အားလုံးကလည်း အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေပဲဆိုတော့ ဒီကြိုးပမ်းမှုထဲမှာ နည်းမျိုးစုံနဲ့ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့သူတွေပေါ့။ ဒါကြောင့် ကျွန်တော့်အမြင်ကို ဝေမျှခွင့်ပြုလို့ အင်မတန် ဝမ်းသာရပါတယ်။


အရပ်ဘက်အဖွဲ့အစည်းလို့ ဆိုလိုက်ရင် နိုင်ငံတော်အစိုးရတွေနဲ့လွတ်ကင်းပြီး စေတနာ့ဝန် ထမ်းကြတဲ့၊ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးပြီး စနစ်တကျစုဖွဲ့ထားတဲ့ အုပ်စုတွေအားလုံး ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေထဲမှာ ဒီအခန်းထဲ ကြွရောက်လာကြသူတွေပါဝင်သလို လွတ်လပ်တဲ့ မီဒီယာလုပ်ငန်းတွေ၊ ဉာဏ်ကြီးရှင်အဖွဲ့တွေ၊ တက္ကသိုလ်တွေ၊ လူမှုရေး ဘာသာရေးအစုအဖွဲ့တွေလည်း ပါဝင်ကြတာပဲ။


တချို့အုပ်စုတွေဟာ နိုင်ငံကို ထိန်းသိမ်းချုပ်ကိုင်နိုင်ဖို့ (နိုင်ငံရေးအာဏာရဖို့) ကြိုးစားနေတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ရှေ့တန်းက ပါဝင်လာကြတယ်။ ဒါဆိုရင် အဲဒီအုပ်စုတွေကို အရပ်ဘက် အဖွဲ့အစည်း တွေလို့ မသတ်မှတ်နိုင်တော့ဘူး။ သူတို့အားထုတ်ကြိုးပမ်းနေတာကလည်း ဒီမိုကရေစီ ထူထောင်နိုင်ဖို့ အားဖြည့်ပါဝင်ရာ မရောက်တော့ဘူး။

ဒီလူ့အဖွဲ့အစည်းထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ဖို့ဆိုရင် အဲသလိုအုပ်စုတွေဟာ သတ်မှတ်ချက်တချို့နဲ့ ကိုက်ညီဖို့လိုတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရပ်ဘက်အဖွဲ့အစည်းတွေက တရားဥပဒေစိုးမိုးမှု၊ တစ်ကိုယ်ရည် လွတ်လပ်ခွင့်တွေ၊ ကိုယ့်လိုလားဆန္ဒတွေနဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုကြတဲ့ အုပ်စုတွေရဲ့ အခွင့်အရေးတွေကို လေးစားမှုရှိရမယ်။ အရပ်ဘက် (Civil) ဆိုတဲ့စကားလုံးက (ယဉ်ကျေးမှုမြင့်သော တိုင်းကြီးပြည်ကြီးသားများ ဆိုတဲ့အဓိပ္ပါယ်လည်းရတဲ့အတွက်) သည်းခံနားလည်မှု၊ ကွဲပြားစုံလင်မှုနဲ့ ဗဟုဝါဒကို နေရာပေးမှုဆိုတဲ့ သဘောတရားတွေလည်း ပါနေတယ်။


အရပ်ဘက်အဖွဲ့အစည်းတွေမှာ နိုင်ငံရေးပါတီတွေ၊ အစိုးရတွေနဲ့ မကင်းရာမကင်းကြောင်း ဆက်ဆံရေးတွေ ရှိနေနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုဆက်ဆံရေးတွေပဲရှိရှိ သူတို့ရဲ့ အမှီခိုကင်းမှု၊ လွတ်လပ်စွာရပ်တည်မှုတွေကို ထိန်းသိမ်းထားနိုင်ရမယ်။ ဒါ့အပြင် ကိုယ့်အဖွဲ့အစည်း (အရပ်ဘက်အဖွဲ့အစည်း) က နိုင်ငံရေးအာဏာရဖို့ ဘယ်တော့မှ ကြိုးစားရမှာမဟုတ်ဘူး။


အသွင်ကူးပြောင်းနေတဲ့ကာလတွေမှာ ဖြစ်တတ်တာက အဖွဲ့အစည်းတွေဟာ ကိုယ့်အုပ်စုရဲ့ ဘဝတွေ၊ အသက်တွေ၊ တွေးခေါ်ပုံတွေကို ခြယ်လှယ်အုပ်စိုးဖို့ ကြိုးစားတဲ့အခြေအနေတွေဆီ ရောက်သွားနိုင်တယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ ကိုယ်နဲ့ အမြင်မတူတဲ့သူတွေရဲ့ အခွင့်အရေးတွေကို နားလည်သည်းခံမှု မရှိကြတော့တာ၊ သဘောထားမတိုက်ဆိုင်တဲ့ အုပ်စုတွေကို လေးစားတန်ဖိုးထားမှု မရှိတော့တာတွေ ဖြစ်လာတယ်။ အဲဒီထဲက တချို့အုပ်စုတွေဟာ နိုင်ငံကို ထိန်းသိမ်းချုပ်ကိုင်နိုင်ဖို့ (နိုင်ငံရေးအာဏာရဖို့) ကြိုးစားနေတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ရှေ့တန်းက ပါဝင်လာကြတယ်။ ဒါဆိုရင် အဲဒီအုပ်စုတွေကို အရပ်ဘက် အဖွဲ့အစည်း တွေလို့ မသတ်မှတ်နိုင်တော့ဘူး။ သူတို့အားထုတ် ကြိုးပမ်းနေတာကလည်း ဒီမိုကရေစီ ထူထောင်နိုင်ဖို့ အားဖြည့်ပါဝင်ရာ မရောက်တော့ဘူး။


ဒါဖြင့် အမှီအခိုကင်းလွတ်လပ်တဲ့၊ စေတနာ့ရှေ့ဆောင်ပြီး ဥပဒေလိုက်နာတဲ့၊ နားလည်သည်းခံမှုရှိတဲ့၊ ဗဟုဝါဒရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီမိုကရေစီထူထောင်ဖို့၊ ထိန်းသိမ်းဖို့ ဘာတွေလုပ်ကြရမလဲ။


အစိုးရရဲ့ အာဏာကို ထိန်းချုပ် ကန့်သတ်နိုင်ဖို့


အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပထမဆုံးနဲ့ အခြေခံအကျဆုံး အခန်းကဏ္ဍက နိုင်ငံတော်(အစိုးရ)ရဲ့ အာဏာကို ကန့်သတ်ဖို့ ထိန်းချုပ်ဖို့ပါ။ ဘယ်ဒီမိုကရေစီနိုင်ငံမှာမဆို ကောင်းကောင်းလည်ပတ်နိုင်စွမ်းရှိတဲ့၊ အာဏာစိုးမိုးတဲ့ အစိုးရတစ်ရပ်ရှိရမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုဟာ အာဏာရှင်အုပ်ချုပ်မှု ဆယ်စုနှစ်ပေါင်းများစွာဆီက ရုန်းထွက်နေရချိန်မှာ နိုင်ငံရေးခေါင်းဆောင်တွေ၊ အစိုးရအရာရှိကြီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို စိစစ်နေဖို့၊ စောင့်ကြည့်အကဲခတ်ဖို့နဲ့ ခြေလွန်လက်လွန်မဖြစ်အောင် ထိန်းကွပ်ပေးဖို့ နည်းလမ်းတွေ ရှာကြရမှာပါ။


အကျင့်ပျက်ခြစားမှု ထုတ်ဖော်ဖို့၊ အုပ်ချုပ်စီမံမှု ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့


ဒုတိယအချက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ ဆောင်ရွက်ကြသူတွေဟာ အစိုးရအရာရှိတွေ အာဏာကို ဘယ်လိုသုံးနေကြတယ်ဆိုတာကို စောင့်ကြည့်ကြဖို့ လိုတယ်။ သူတို့အနေနဲ့ သတင်းအချက်အလက် လွတ်လပ်မှု ဥပဒေတွေ အပါအဝင် သတင်းအချက်အလက် ရရှိပိုင်ခွင့်တွေ၊ အကျင့်ပျက်ခြစားမှု ထိန်းချုပ်မယ့် စည်းမျဉ်းသတ်မှတ်ချက်နဲ့ အင်စတီကျူးရှင်းတွေ ရှိလာဖို့ ဆော်ဩစည်းရုံးသင့်ပါတယ်။


ပြည်သူ့အရာရှိတွေရဲ့ အကျင့်ပျက်ခြစားတဲ့ အပြုအမူတွေကို ထုတ်ဖော်ဖို့၊ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံမှု ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ဆော်ဩစည်းရုံးတာဟာ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ဒုတိယအရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ခုပဲ။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အဖွဲ့အစည်းတွေ ရှိတဲ့နေရာတွေမှာတောင်မှ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တက်တက်ကြွကြွ ထောက်ခံမှုနဲ့ ပါဝင်ဆောင်ရွက်မှုတွေ မရှိဘူးဆိုရင် ထိထိရောက်ရောက် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။


နိုင်ငံရေးမှာ ပါဝင်မှု မြှင့်တင်ဖို့


အရပ်ဘက်အဖွဲ့အစည်းတွေလုပ်ရမယ့် တတိယမြောက် လုပ်ငန်းတာဝန်ကတော့ နိုင်ငံရေး နိုးကြားပါဝင်မှုကို မြှင့်တင်တာပါ။ ဒီမိုကရေစီကို လိုလားမြှင့်တင်သူ နိုင်ငံသားတွေအဖြစ် သူတို့အခွင့်အရေးတွေ၊ တာဝန်တွေကို နားလည်လာအောင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပြည်သူတွေကို အသိပညာဖြန့်ဝေပေးနိုင်ပါတယ်။ သူသူကိုယ်ကိုယ် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ပြည်သူတစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ကိုင် တတ်ဖို့၊ ပြည်သူ့ရေးရာကိစ္စရပ်တွေမှာ ငြင်းခုံဆွေးနွေးတတ်ဖို့၊ ကိုယ့်အမြင်ကို ဖော်ထုတ်တင်ပြတတ်ဖို့ သိထားရမယ့် တတ်သိကျွမ်းကျင်မှုတွေရှိလာအောင် ပြည်သူတွေရဲ့အရည်အချင်းကို မြှင့်တင်ပေးနိုင်ပါတယ်။


ဒီမိုကရေစီဆိုင်ရာ တန်ဖိုးနှုန်းစံတွေကို မြှင့်တင်ပေးဖို့


စတုတ္ထအချက်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းကျ ဘဝရှင်သန်မှုမှာ လိုအပ်တဲ့ သည်းခံနားလည်မှု၊ စေ့စပ်ဖျန်ဖြေမှု၊ ညှိနှိုင်းလက်ခံမှု၊ ဆန့်ကျင်ဘက် ထင်မြင်ယူဆချက်တွေကို တန်ဖိုးထားမှု စသဖြင့် တန်ဖိုးထားမှုတွေကို မြှင့်တင်ရာမှာလည်း ပါဝင်ကူညီနိုင်ကြပါတယ်။ လိုက်လျောမှု၊ ညှိနှိုင်း ပြေလည်မှု ဆိုတဲ့ ယဉ်ကျေးမှုတွေ နက်ရှိုင်းမလာရင် ဒီမိုကရေစီနိုင်ငံတွေဟာ တည်ငြိမ်မှုကို မရနိုင်ပါဘူး။ ဒီတန်ဖိုးထားမှုတွေက (စာတွေ့သက်သက်) သင်ပေးလိုက်လို့မရပါဘူး။ (လက်တွေ့)လေ့ကျင့် ပျိုးထောင်ထားတဲ့ အတွေ့အကြုံကပဲ ရရှိနိုင်ပါတယ်။ ဥပမာ တချို့နိုင်ငံတွေမှာ နမူနာယူချင်စရာ ထူးကဲပြောင်မြောက်တဲ့ အစီအစဉ်ပေါင်းများစွာ ရှိခဲ့ပြီးသားပါ။ အဲဒီထဲမှာ အထူးသဖြင့်ကတော့ အမျိုးသမီးအဖွဲ့တွေဟာ လူငယ်လူရွယ်တွေရဲ့ နိုးကြားပါဝင်မှုတွေ၊ ငြင်းခုံဆွေးနွေးမှုတွေကို လေ့ကျင့်ပေးပြီး ဒီတန်ဖိုးထားမှုတွေကို ပျိုးထောင်နိုင်ခဲ့ကြပါတယ်။


စာသင်ကျောင်းတွေမှာ ဒီမိုကရေစီပြည်သူ့နီတိကို ထည့်သွင်းဖို့


ပဉ္စမအချက်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီနည်းကျ ပြည်သူ့နီတိ/ နိုင်ငံသား အသိပညာပေး အစီအစဉ်တွေကို စာသင်ကျောင်းတွေမှာ လုပ်ဆောင်ပေးတဲ့နည်းနဲ့လည်း ကူညီနိုင်ပါတယ်။ အာဏာရှင်စနစ်တွေရဲ့အလွန်မှာ သင်ရိုးတွေကို ပြင်ဆင်ရတယ်။ ပြဋ္ဌာန်းစာအုပ်တွေ ပြန်ရေးရတယ်။ အတိတ်က အမှားတွေအကြောင်း လူငယ်တွေကို ပညာပေးဖို့နဲ့ ဒီမိုကရေစီ အခြေခံသဘောတွေ၊ တန်ဖိုးထားမှုတွေအကြောင်း သင်ကြားပေးဖို့ ဆရာဆရာမတွေ လုံလောက်အောင် ခန့်ထားရပါတယ်။ ဒါတွေ အပါအဝင် ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါတယ်။ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ပညာရေးဝန်ကြီးဌာနအောက်က အရာရှိတွေလက်ထဲ ပစ်ထားလိုက်လို့ မရပါဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အပြုသဘောဆောင်တဲ့ မိတ်ဖက်တွေအဖြစ် ပါဝင်ဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေ့ကျင့်သင်တန်းပေးမှုတွေ ရှိလာ အောင် နှိုးဆော်စည်းရုံးရမှာပါ။


လူ့အသိုက်အဝန်းရဲ့ လိုအင်တွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တောင်းဆိုပေးဖို့


ဆဋ္ဌမအချက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လိုလားဆန္ဒအမျိုးမျိုးကို ထုတ်ဖော်ပြသနိုင်တဲ့ အခင်းအကျင်းဖြစ်ပါတယ်။ အဲဒီထဲကမှ အမျိုးသမီးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ လယ်ယာလုပ်ကိုင်သူ တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ စသဖြင့် ကိုယ့်အဖွဲ့အစည်းက ကိုယ်စားပြုလုပ်ကိုင်သူတွေရဲ့ လိုအပ်ချက်နဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ပြေလည်စေဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းဆွဲဆောင်ကြပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အကျိုးကျေးဇူးတစ်ခုခုအတွက် ရည်မျှော်လုပ်ဆောင်နေကြတဲ့ အုပ်စုတွေကလည်း လွှတ်တော်နဲ့ ဒေသအစိုးရကောင်စီတွေဆီက ပုဂ္ဂိုလ်တစ်ဦးချင်းကို ဆက်သွယ်တာ၊ ကော်မတီရှေ့မှာ ကြားနာတာ စသဖြင့်နည်းတွေနဲ့ သူတို့အမြင်တွေကို တင်ပြနိုင်ကြပါတယ်။ ဒီနည်းနဲ့ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနတွေ၊ ဌာနခွဲတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သက်ဆိုင်ရာ အကျိုးလိုလားမှုတွေ၊ စိုးရိမ်ကြောင့်ကြမှု တွေကို တိုက်တွန်းဆွဲဆောင်နိုင်ပါတယ်။


ဒီလို ‘နားပေါက်’အောင် လုပ်ဆောင်ဖို့ရာ ငွေအားလူအားပြည့်ဝပြီး တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းတွေကမှ လုပ်ခွင့်ရှိတာ မဟုတ်ပါဘူး။ သမိုင်းတလျှောက်မှာ ဖိနှိပ်ကန့်သတ်ခံရ၊ လူ့အဖွဲ့အစည်းထဲမှာ ချောင်ထိုးခံရတဲ့ အဖွဲ့အစည်းတွေတောင်မှ တစ်ချိန်တစ်ခါမှာတော့ သူတို့ရဲ့ အခွင့်အရေးတွေကို တင်ပြဖို့နဲ့ သူတို့ရဲ့ လိုလား ဆန္ဒတွေကို အကာကွယ်ပေးဖို့ စီစဉ်နိုင်ပါတယ်။


အကျိုးစီးပွားနဲ့ ညီညွတ်စုစည်းမှု ပုံစံသစ်တွေကို ဖော်ဆောင်ဖို့


ဒီမိုကရေစီအားကောင်းလာစေဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်ဆောင်နိုင်တဲ့ သတ္တမမြောက် နည်းလမ်းက အရင့်အရင်က မျိုးနွယ်စုအလိုက်၊ ဘာသာစကားအလိုက်၊ ကိုးကွယ်ယုံကြည်မှုနဲ့ တခြား အမှတ်သညာ အသီးသီးကြားမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတာတွေထက် ကျော်လွန်တဲ့ လိုလားဆန္ဒရှိမှု သဏ္ဌာန်သစ်တွေနဲ့ ပုံဖော်ပေးနိုင်ဖို့ပါ။ ကိုယ်နဲ့ ကိုးကွယ်ယုံကြည်ရာတူသူ၊ အမှတ်လက္ခဏာတူသူတွေနဲ့ပဲ ပေါင်းမယ်ဆိုရင် ဒီမိုကရေစီဟာ တည်ငြိမ်မှာမဟုတ်ပါဘူး။ စုံလင်ကွဲပြားတဲ့ ယုံကြည်ကိုးကွယ်မှုတွေ၊ မျိုးနွယ်စုတွေ အားလုံးကြားမှာ အမျိုးသမီး၊ အနုပညာရှင်၊ ဆရာဝန်၊ ကျောင်းသူကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ရှေ့နေ၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူစသဖြင့် ဘုံတူညီတဲ့ လိုလားဆန္ဒတွေပေါ် အခြေခံစုဖွဲ့မိလာမှ နိုင်ငံသားပြည်သူတွေရဲ့ဘဝတွေဟာ ပိုပြီးထူးကဲစုံလင်လာ၊ ဆက်နွယ်ပတ်သက်မှု များပြားလာ၊ နားလည်သည်းခံမှု မြင့်မားလာမှာပါ။


အနာဂတ် နိုင်ငံရေးခေါင်းဆောင်တွေကို ပျိုးထောင်ပေးတဲ့ လေ့ကျင့်ကွင်းကောင်း ဖြစ်စေဖို့


အဋ္ဌမအားဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေဟာ အနာဂတ်နိုင်ငံရေးခေါင်းဆောင်သစ်တွေအတွက် လေ့ကျင့်ကွင်းတစ်ခု ဖော်ဆောင်ပေးနိုင်ရပါမယ်။ ပြည်သူရေးရာကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ပြည်နယ်ဒေသအဆင့်၊ နိုင်ငံ‌တော်အဆင့် အလွှာစုံမှာ နိုင်ငံရေးတာဝန်ထမ်းဆောင်နိုင်ဖို့ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်မယ့် စွမ်းရည်ရှိသူခေါင်းဆောင်သစ်တွေ ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လေ့ကျင့်သင်ကြားပေးရပါမယ်။ တချို့နိုင်ငံတွေဆီက အတွေ့အကြုံ တွေအရ အနာဂတ်အမျိုးသမီးခေါင်းဆောင်တွေကို လေ့ကျင့်ပို့ချပေးရာမှာ၊ မြေတောင်မြှောက်ပေးရာမှာ (အရပ်ဘက်အဖွဲ့အစည်းတွေက) အရေးကြီးတဲ့ အခင်းအကျင်းတွေကနေ ပါဝင်နေကြပါတယ်။


အများပြည်သူအတွက် အရေးကြီးတဲ့ ကိစ္စတွေကို အသိပေးဖို့


နဝမမြောက်ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ အများပြည်သူဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပြည်သူကို အသိပေးအကြောင်းကြားတဲ့အပိုင်းက ပါဝင်ကူညီနိုင်ပါတယ်။ ဒီအပိုင်းဟာ မီဒီယာလုပ်ငန်းတွေ လုပ်ရမယ့်ကိစ္စသာ မကပါဘူး။ ပြည်သူ့ရေးရာမူဝါဒတွေနဲ့ပတ်သက်တဲ့ ဆွေးနွေးငြင်းခုံမှုတွေ ကျယ်ပြန့်လာအောင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက နှီးနှောဖလှယ်ပွဲတွေ စီစဉ်ကျင်းပနိုင်တယ်။ စုံလင်ကွဲပြားတဲ့ အစုအဖွဲ့တွေ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ လိုလားဆန္ဒတွေကို ထိခိုက်လာနိုင်တဲ့ ကိစ္စတွေအပေါ် လွှတ်တော်မှာ ဆွေးနွေးကြတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေပေးနိုင်တယ်။


ဖြန်ဖြေညှိနှိုင်းရာနဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ပါဝင်ဖို့


ဒသမအချက်က အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကြားဝင်ဖျန်ဖြေရေးနဲ့ ပဋိပက္ခပြေငြိမ်းရေးတွေမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍတွေ ပါဝင်နေပါတယ်။ တချို့နိုင်ငံတွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ ပြေလျော့စေမယ့် ဆရာဖြစ်သင်တန်းအစီအစဉ်တွေ စီစဉ်‌ပေးကြပါတယ်။

သဘောထားကွဲလွဲမှုတွေကို အလျှော့အတင်းလုပ် ညှိနှိုင်းပြေလည်မှုတွေကတဆင့် ဖြေရှင်းနိုင်အောင် အစုအဖွဲ့တိုင်းကို သင်ကြားပေးတဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ကြပါတယ်။


ရွေးကောက်ပွဲလုပ်ငန်းတွေကို စောင့်ကြည့်ရာမှာ ပါဝင်ဖို့


ဆယ့်တစ်ချက်မြောက်အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ရွေးကောက်ပွဲတွေ ကျင်းပရာမှာ စောင့်ကြည့်ဖို့ဆိုတဲ့ အသက်တမျှအရေးကြီးတဲ့ အခန်းကဏ္ဍကလည်း ပါဝင်နိုင်ပါတယ်။ ဒီအတွက်ဆို နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဝင်သူတွေနဲ့ ကင်းကင်းရှင်းရှင်းရှိတဲ့ အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မဟာမိတ်သဏ္ဌာန်စုဖွဲ့ပြီး မဲရုံတိုင်းရဲ့ မဲပေးရာမှာရော မဲရေတွက် ရာမှာပါ လုံးဝ လွတ်လွတ်လပ်လပ်၊ မျှမျှတတ၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ပွင့်လင်းမြင်သာမှု ရှိရှိ ပြီးမြောက်စေဖို့ သမာသမတ်ကျတဲ့ စောင့်ကြည့် လေ့လာသူတွေ ခန့်ထားနိုင်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍမပါဝင်ဘဲ အသစ်စက်စက် ဒီမိုကရေစီနိုင်ငံတွေမှာ ယုံကြည်စိတ်ချထိုက်တဲ့၊ မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ခက်ပါတယ်။


နောက်ဆုံးအနေနဲ့ အလေးအနက် ပြောချင်တာက အရပ်ဘက်အဖွဲ့အစည်းဆိုတာ နိုင်ငံတော်(အစိုးရ)နဲ့ အမြဲပဲ ဆက်ဆံရေးတင်းမာနေဖို့ မလိုပါဘူး။ နိုင်ငံတော်(အစိုးရ)နဲ့ လွတ်လွတ်ကင်းကင်း ရှိရမယ်ဆိုတာကလည်း အမြဲဝေဖန်နေ၊ အမြဲဆန့်ကျင်နေရမယ်လို့ မဆိုလိုပါဘူး။ တကယ်တမ်း အစိုးရရဲ့ အဆင့်ဆင့်အလွှာလွှာမှာ တာဝန်ခံမှုရှိဖို့၊ မဆိုင်းမတွ တုံ့ပြန်နိုင်စွမ်းရှိဖို့၊ အားလုံးပါဝင်ဖို့၊ ထိရောက်ဖို့၊ ဒီနည်းတွေနဲ့ အစိုးရရဲ့တရားဝင်မှုကို မြှင့်နိုင်ရင် အားကောင်းမောင်းသန် အရပ်ဘက်အဖွဲ့အစည်းတွေကြောင့် နိုင်ငံတော်(အစိုးရ)ကို ပြည်သူတွေရဲ့ လေးစားတန်ဖိုးထားမှု ပိုလာပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေတောင် ရလာနိုင်ပါသေးတယ်။


ဒီမိုကရေစီအစိုးရတစ်ရပ်ဟာ နိုင်ငံသားပြည်သူတွေရဲ့ လေးစားတန်ဖိုးထားမှုနဲ့ ထောက်ခံမှုနဲ့အတူ ထိရောက်ပြီး တရားဝင်မှုရှိမလာရင် တည်ငြိမ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ စိစစ်နေသူတွေ၊ စောင့်ကြည့်အကဲခတ်နေသူတွေ ဖြစ်တဲ့အပြင် ဒီမိုကရေစီအစိုးရတွေနဲ့ နိုင်ငံသားပြည်သူတွေကြား ဆက်ဆံရေးကောင်းတွေကို တည်ဆောက်လိုတဲ့အခါမှာ မဖြစ်မနေ လက်တွဲ‌ဆောင်ရွက်ရမယ့်သူတွေ ဖြစ်ပါတယ်။


 

အမေရိကန် နိုင်ငံရေး လူမှုဗေဒပညာရှင် လာရီဒိုင်းမွန်းဟာ ဒီမိုကရေစီလေ့လာမှု ဘာသာရပ်မှာ ကျော်ကြားတဲ့ ခေတ်ပြိုင်သုတေသီတစ်ဦးဖြစ်ပြီး လက်ရှိမှာ စတန်းဖို့ဒ်တက္ကသိုလ် နိုင်ငံတကာလေ့လာမှု သုတေသနဌာနတစ်ခုဖြစ်တဲ့ Freeman Spogli Institute ရဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။

1,089 views7 comments
bottom of page