ဘာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဖွံ့ဖြိုးရေးအတွက် အခရာကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာလဲ။
မျှော်မှန်းချက်ကင်းမဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ အချိန်ဖြုန်းခြင်းသက်သက်ပဲ။
လုပ်ဆောင်ချက်ကင်းမဲ့တဲ့ မျှော်မှန်းချက်တွေဟာလည်း စိတ်ကူးယဉ်ခြင်းသက်သက်ပဲ။
မျှော်မှန်းချက်နဲ့ လုပ်ဆောင်ချက် တွဲဖက်လိုက်ရင် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်။
ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး နယ်လ်ဆင်မန်ဒဲလားရဲ့ ပညာပြည့်ဝတဲ့ အထက်ပါစကားက ရှုပ်ထွေးပွေလီတဲ့ ဒီနေ့ခေတ် ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုပြဿနာတွေကို ဖြေရှင်းရေးအတွက် လိုအပ်ချက်ကို ထောက်ပြနေပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ကမ္ဘာ့ခေါင်းဆောင်တွေဟာ အစစအရာရာမှာ ခံဘက်ကချည်းဖြစ်နေကြသူ လူသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့၊ တရားမျှတပြီး အားလုံးပါဝင်နိုင်ခွင့်ရှိတဲ့ ကမ္ဘာကြီးတစ်ခုဖြစ်လာဖို့ မျှော်မှန်းချက်ထားရှိဖို့ ကတိကဝတ် ပြုခဲ့ကြတယ်။ အဲဒီ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝိုင်းဝန်းလုပ်ကိုင်ကြရမယ့် နှိုးဆော်ချက်ကို အာဂျင်ဒါ ၂၀၃၀ (Agenda 2030) လို့ နာမည်ပေးထားပါတယ်။ ဒီထဲမှာ ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ ဆင်းရဲမွဲတေမှု ပပျောက်ဖို့၊ ကမ္ဘာမြေကြီးကို ကာကွယ်ဖို့၊ လူတိုင်း ငြိမ်းချမ်းပြီးသာယာဝပြောတဲ့ ကမ္ဘာကြီးမှာ နေထိုင်ခွင့်ရဖို့ စသဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (Sustainable Development Goals - SDG) ၁၇ ရပ် ပါတယ်။ တဖြည်းဖြည်းနဲ့ ၂၀၃၀ ပြည့်နှစ်က နီးကပ်လာပါပြီ။ လူခပ်သိမ်းရဲ့ အကျိုးအတွက် ဒီမျှော်မှန်းချက်တွေနဲ့ လက်တွေ့လုပ်ရပ်တွေ ပေါင်းစည်းတွဲဖက်မိဖို့ အရေးကြီးတဲ့ကာလကို ရောက်နေပါပြီ။
ရေခံမြေခံကောင်း ဖြစ်စေရေးနဲ့ ဖွံ့ဖြိုးမှု ထိရောက်ရေး သန္နိဋ္ဌာန်နှစ်ချက်လုံးရှိနေမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (SDG) တွေကို အောင်မြင်တဲ့ထိ အကောင်အထည်ဖော်နိုင်မှာပါ။
အရပ်ဘက်အဖွဲ့အစည်းတွေ
ကမ္ဘာပေါ်မှာ အမြဲနောက်ချန်ရစ်ခံရသူ လူသားတွေနဲ့ နီးနီးကပ်ကပ်ရှိပြီး အကျိုးပြုနေသူတွေကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေပါပဲ။ Civil Society Organisations (စီအက်စ်အို) လို့လည်း ခေါ်ကြပါတယ်။ ဒီလို အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ အစိုးရဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ လုံးဝကွာခြားပါတယ်။ သူတို့က အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေမှာ ရည်ရွယ်ချက်တူသူတွေ ပူးပေါင်းလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ အဲသလို အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ ရပ်ရွာအခြေပြု အဖွဲ့တွေ၊ အမျိုးသမီးအခွင့်အရေးအဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေ၊ အကျိုးအမြတ်မရှာတဲ့ မီဒီယာလုပ်ငန်းတွေစသဖြင့် အမျိုးမျိုး ပါဝင်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဟာ ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးတို့လို ဝန်ဆောင်မှုတွေ ပေးရာမှာ၊ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေရာမှာ၊ သုတေသနလုပ်ပြီး မူဝါဒကောင်းတွေ ပေါ်ပေါက်လာဖို့၊ အစိုးရနဲ့ တခြားသက်ဆိုင်ရာအစုအဖွဲ့တွေက တာဝန်ခံမှုရှိဖို့ တိုက်တွန်းရာမှာ အခန်းကဏ္ဍပေါင်းစုံကနေ လုပ်ကိုင်ကြပါတယ်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေကို ကမ္ဘာပေါ်မှာ ရှိသမျှလူတိုင်း အမှန်တကယ် ခံစားရရှိဖို့ ဝိုင်းဝန်းဖြည့်စွမ်းရာမှာရော တိုးတက်ဖြစ်ထွန်းမှုတွေကို စောင့်ကြည့် အကဲဖြတ်ရာမှာပါ အရပ်ဘက်အဖွဲ့အစည်းတွေက အရေးပါ,ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်မှု ရှိဖို့ဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ ထက်ထက်သန်သန်နဲ့ ထိထိရောက်ရောက် ပါဝင်နိုင်မှ ဖြစ်မှာပါ။
သန္နိဋ္ဌာန်နှစ်ချက် - ရေခံမြေခံကောင်း ဖြစ်စေရေးနဲ့ ဖွံ့ဖြိုးမှု ထိရောက်ရေး
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံတကာက ချမှတ်ထားတဲ့ သန္နိဋ္ဌာန်တွေထဲမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အစွမ်းကုန် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ဆိုတဲ့တစ်ချက်လည်း ပါတယ်။ ဥပမာတစ်ခုလောက် ပေးရမယ်ဆိုရင် အစိုးရတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ အခြေအနေပေးတဲ့ အခင်းအကျင်းတွေကို ဖန်တီးပေးရမယ်ဆိုပြီး သန္နိဋ္ဌာန်ချမှတ် သဘောတူထားကြပါတယ်။ ဒီလို ဖန်တီးပေးရတာကို အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ရေခံမြေခံကောင်း ဖြစ်စေရေး (CSO enabling environment) လို့ ခေါ်ပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက တစ်ကိုယ်တော် လုပ်နိုင်ကြတာမဟုတ်ဘဲ တခြားသက်ဆိုင်ရာကဏ္ဍတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ကိုင်ရတာဖြစ်လို့ သူတို့ကို ကန့်သတ်ထိန်းချုပ်ရာရောက်တဲ့ အခြေအနေတွေမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ သူတို့ကိုယ်စားပြုရာ ရပ်ရွာ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အချိန်နဲ့အမျှ ဖြည့်ဆည်းပေးနိုင်ဖို့ ရန်ပုံငွေရှိဖို့လည်း လိုပါသေးတယ်။ ရေခံမြေခံကောင်း ရှိတော့မှသာ အရပ်ဘက်အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်၊ လုပ်ကိုင်နိုင်တဲ့အပြင် သူတို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အထောက်အပံ့ဖြစ်လာမှာပါ။ ရေခံမြေခံကောင်းဖြစ်ဖို့ နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ၊ ဥပဒေကြောင်းအရနဲ့ မူဝါဒတွေအရ အရပ်ဘက်အဖွဲ့အစည်းတွေ အလုပ်ကောင်းကောင်း လုပ်လို့ရမယ့် အယူအဆပိုင်းတွေက အများကြီး ကျယ်ပြန့်ပါတယ်။
ရေခံမြေခံကောင်းတွေ ဖြစ်လာတဲ့တစ်ချိန်တည်းမှာပဲ အရပ်ဘက်အဖွဲ့အစည်းတွေကိုယ်တိုင်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထိထိမိမိ ပါဝင်ဆောင်ရွက်နိုင်ဖို့ ထိထိရောက်ရောက်၊ ပွင့်ပွင့်လင်းလင်း၊ တာဝန်ခံမှုရှိရှိ လုပ်ပါ့မယ်လို့ သန္နိဋ္ဌာန်ချထားဖို့ လိုသေးတယ်။ ဒီအပိုင်းကို အရပ်ဘက်အဖွဲ့အစည်းများ ဖွံ့ဖြိုးမှု ထိရောက်ရေး (CSO development effectiveness) သန္နိဋ္ဌာန်လို့ ခေါ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေက ဖွံ့ဖြိုးရေးကို ထိထိရောက်ရောက် လုပ်ကိုင်နိုင်မှ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာပါ။ ထိရောက်မှု ရှိဖို့ဆိုရင်တော့ လူ့အဖွဲ့အစည်းမှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကို ရင်းမြစ်ကနေ ရှင်းထုတ်ဖယ်ရှားပြီး ဆင့်ပွားဖြစ်ပေါ်နေတဲ့ ဆင်းရဲမွဲတေမှု၊ တန်းတူညီမျှ မရှိမှု၊ ခွဲခြားဖယ်ချန်မှုတွေကို ရပ်တန့်နိုင်ဖို့ တစိုက်မတ်မတ် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။
ဒီအတွက် အစ္စတန်ဘူလ်မူဘောင် (Istanbul Principles) ဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်တစ်ခု ရှိပါတယ်။ ဒီသဘောတူညီချက်မှာ ဘယ်နိုင်ငံ ဘယ်လိုအခြေအနေမှာမဆို အရပ်ဘက်အဖွဲ့အစည်းတွေ ကျင့်သုံးရမယ့် ဘုံတန်ဖိုးထားမှု စံနှုန်းတွေ၊ ချဉ်းကပ်ပုံတွေကို ဖော်ပြထားပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ လူ့အဖွဲ့အစည်းအတွက် သူတို့ဘက်က အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာတွေကိုချည်း ထိုင်ပြောနေလို့မရဘူး။ ကိုယ့်အားနည်းချက်နဲ့ စိန်ခေါ်မှုတွေကိုပါ ဝန်ခံရမယ်။ လုပ်ဆောင်ချက်တွေ ကောင်းသထက်ကောင်းလာအောင် တာဝန်ခံမှုရှိရှိ ဆောင်ရွက်ရမယ် စသဖြင့် ပါဝင်ပါတယ်။
ခေါင်းနဲ့ပန်း
အရပ်ဘက်အဖွဲ့အစည်းတွေအတွက် ရေခံမြေခံကောင်း ဖြစ်စေရေး (CSO enabling environment) နဲ့ အရပ်ဘက်အဖွဲ့အစည်းများ ဖွံ့ဖြိုးမှု ထိရောက်ရေး (CSO development effectiveness) သန္နိဋ္ဌာန်နှစ်ချက်ဟာ ခေါင်းနဲ့ပန်းလိုပဲ ဖြစ်ပါတယ်။ ဒီနှစ်ခုလုံးရှိနေမှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် (Sustainable Development Goals - SDG) ကို အောင်မြင်တဲ့ထိ အကောင်အထည်ဖော်နိုင်မှာပါ။ ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ၊ လုပ်ငန်းတွေကို ဆောင်ရွက်နေရင်း တစ်ချိန်တည်းမှာပဲ အကောင်အထည်ဖော်ရာမှာ ပါဝင်တဲ့ တခြား အကောင်အထည်ဖော်သူတွေ (အစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်း စသဖြင့်) တာဝန်ခံမှုရှိမရှိ စောင့်ကြည့်ပြီး ၁၇ ခုမြောက် SDG နဲ့အညီ ညှိနှိုင်းတာ၊ ပူးပေါင်းဆောင်ရွက်တာတွေ လိုအပ်ပါတယ်။ ထက်သန်နိုးကြားတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ရှိနေဖို့က ၁၆ ခုမြောက် SDG ဖြစ်တဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်သော လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးဆိုတဲ့ ရည်မှန်းချက်ထဲမှာ အကျုံးဝင်ပါတယ်။
ရေခံမြေခံကောင်း ဖြစ်စေရေးနဲ့ ဖွံ့ဖြိုးမှု ထိရောက်ရေး ခေါင်းနဲ့ပန်းကို ပေါင်းစပ်နိုင်မှ အာဂျင်ဒါ ၂၀၃၀ မှာ တိုက်တွန်းနှိုးဆော်ထားတဲ့အတိုင်း လူ့အခွင့်အရေးနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရှင်သန်ခြင်းတွေကို လူသားမှန်သမျှ ခံစားနိုင်တဲ့ ပိုကောင်းတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်လာမယ့် အပြောင်းအလဲကြီးတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ကြက်ဥဘယ်က ဖြစ်လဲ ကြက်မ ကြက်မဘယ်ကဖြစ်လဲ ကြက်ဥ။တချို့ကိစ္စတွေက အစရှာမရပါဘူး။ဒါပေမယ့်အဲဒီမှာ ရွေ့လျာခြင်းခြင်း ပြောင်းလဲခြင်းဖြစ်စဉ်တွေရှိပါတယ်။ကြက်ပေါက်လေးဘ၀မှာ ကြက်မလိုနေလို့မရပါဘူး။ ကြက်မဘ၀မှာလည်း ကြက်ပေါက်လေးလိုနေလိုမရပါဘူး။အရပ်ဘက်အဖွဲ့အစည်းတွေလည်း ဒီအတိုင်းထင်ပါတယ်။ကိုယ်ရပ်မယ့်နေရာမှာကိုယ်ရှိနေဖို့လိုပါတယ်။ခေါင်းကအရပ်ဘက်ရောက်ပြီး ကိုယ်က နိုင်ငံရေးသမားဘက်ရောက်နေတာမျိုး ခေါင်းတခြားကိုယ်တခြားအလုပ်မဖြစ်ပါဘူး။
အရပ်ဘက်အဖွဲ့တွေဟာ နိုင်ငံရေးမှာ ပါဝင်သင့်သလား၊ ဘယ်လို ပါဝင်သင့်သလဲ၊ ဘယ်လောက်အထိ ပါဝင်သင့်သလဲဆိုတာလေးလည်း ဖော်ပြပါဦး။