top of page

သူသူငါငါ လူတကာပါဝင်ခွင့်ရှိရမယ့် ဒီဂျစ်တယ်ပြုမှု

လူမှုရေး၊ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းအတွက် လူတစ်ဦးချင်းစီက ဒီဂျစ်တယ်ပြုမှုမှာ ပါဝင်ခွင့်ရဖို့ ဘာကြောင့်အရေးကြီးတာလဲ

illustration in which clothing clips protest for something, but a wood puppet replied sorry

မေလ ၁၁ ရက် ၂၀၂၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက Gay နဲ့ Bisexual အမျိုးသားတွေ သွေးလှူဒါန်းနိုင်ခွင့်အတွက် လမ်းဖွင့်ပေးလိုက်ပါတယ်။ အန္တရာယ် အကဲဖြတ်ချက် အသစ်တွေနဲ့ စစ်ဆေးမှုတွေတော့ ရှိနေဦးမှာပါ။ အရင်ကတော့ Gay နဲ့ Bisexual အမျိုးသားတွေဟာ တစ်သက်တာ သွေးလှူဒါန်းခွင့် ပိတ်ပင်ခံခဲ့ရတယ်။ ဒီလိုပိတ်ပင်ခဲ့တာကို ခွဲခြားဆက်ဆံမှုလို့ ဝေဖန်ခံခဲ့ရပါတယ်။ ခုလို လမ်းပွင့်လာတဲ့အခါ သွေးလှူဒါန်းမှုမှာ ပါဝင်နိုင်သူတွေ များပြားလာနိုင်သလို သွေးလိုအပ်သူတွေအတွက်လည်း သွေးရရှိနိုင်မှုအခွင့်အလမ်း ပိုများလာမှာပေါ့။ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေက အများအတွက် အကျိုးပြုနိုင်တဲ့ အခွင့်အလမ်းတွေ ပိုရရှိလာတဲ့သဘောပဲ။


ဒီဂျစ်တယ်မှုပြုခြင်း (Digitilisation) မှာလည်း ဒီလို အများပါဝင်လာနိုင်ဖို့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူတိုင်း ဒီဂျစ်တယ်နည်းလမ်းတွေနဲ့ ချိတ်ဆက်မနေသေးတာကတော့ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒီဂျစ်တယ်မှုပြုခြင်း မှာလည်း ဆွေးနွေးခဲ့ပါသေးတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ဒေသက လူတွေ၊ ဝေးလံခေါင်းပါးတဲ့ ဒေသက လူတွေ၊ စာတတ်မြောက်မှု နည်းပါးတဲ့ ဒေသက လူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဝင်ငွေနည်းပါးသူတွေ၊ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းတွေဟာ ဒီဂျစ်တယ် လူမှုဝန်းကျင်တွေနဲ့ ချိတ်ဆက်နိုင်မှု နည်းပါးနေကြဆဲပါပဲ။


ဒီဂျစ်တယ်နည်းပညာကို အသုံးချနိုင်သူတွေက စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပြီး အကျိုးဖြစ်ထွန်းနေချိန်မှာ နည်းပညာလက်လှမ်းမီမှု နည်းပါးသူတွေကတော့ လူမှုရေး၊ စီးပွားရေးတို့မှာ နောက်ကျကျန်ရစ်နေမှာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီဂျစ်တယ်ပြုမှုမှာပါဝင်ခွင့်ရဖို့ အရေးကြီးသလဲ


ကွန်ပျူတာသုံးစွဲခွင့်ရှိတဲ့ ကျောင်းသားတွေဟာ အထက်တန်းအောင်မြင်ဖို့ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ပိုအခွင့်အလမ်းရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဆွေးနွေးမှု သုတေသနစာတမ်း (IFDP) ရဲ့ အိမ်သုံးကွန်ပျူတာနဲ့ ပညာရေးရလဒ်ဆိုတဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါထက် ပိုကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ လူမှုရေးနဲ့ စီးပွားရေးရလဒ်တွေအပေါ် ကြီးကြီးမားမား သက်ရောက်နိုင်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေသာမက ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်ပါ ဒီဂျစ်တယ်ပြုမှုမှာပါဝင်နိုင်ဖို့ (Digital Inclusion) အရေးကြီးတယ်ဆိုတာ စဉ်းစားလာကြပါပြီ။ လူမှုရေး၊ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းအတွက် လူတစ်ဦးချင်းစီက ဒီဂျစ်တယ် ကျွမ်းကျင်မှုတွေနဲ့ အရင်းအမြစ်တွေကို လက်လှမ်းမီနေရင် ဒီဂျစ်တယ်နည်းလမ်းအရ မျှတမှုရှိကြမှာပါ။


နည်းပညာတိုးတက်မှုက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလေလေ၊ နည်းပညာတတ်ကျွမ်းမှုနဲ့ လက်လှမ်းမီမှု ကွာဟချက်တွေက မြန်မြန်ဆန်ဆန် ကြီးမားကျယ်ပြန့်လာလေပါပဲ။ အဲသလိုသာဆို ဒီဂျစ်တယ်နည်းပညာကို အသုံးချနိုင်သူတွေက စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပြီး အကျိုးဖြစ်ထွန်းနေချိန်မှာ နည်းပညာလက်လှမ်းမီမှု နည်းပါးသူတွေကတော့ လူမှုရေး၊ စီးပွားရေးတို့မှာ နောက်ကျကျန်ရစ်နေမှာ ဖြစ်ပါတယ်။


အခြေခံလိုအပ်ချက်တွေ


ဒီဂျစ်တယ်လုပ်ငန်းစဉ်တွေမှာ သူသူငါငါ လူတကာပါဝင်နိုင်ဖို့ အခြေခံလိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။


(၁) Connectivity (ချိတ်ဆက်နိုင်မှု)

ဒီဂျစ်တယ်ချိတ်ဆက်မှုဟာ ကျယ်ပြန့်၊ စိတ်ချရပြီး မြန်ဆန်ဖို့ လိုအပ်ပါတယ်။ အလှမ်းဝေးကွာတဲ့ ဒေသတွေဟာ ဒီဂျစ်တယ်နည်းလမ်းနဲ့ချိတ်ဆက်မှုတွေကို အားကိုးနိုင်မှ လုပ်ငန်းတွေ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မှာပါ။ ဥပမာ - ဒီဂျစ်တယ် ငွေပေးချေနိုင်မှုက စိတ်ချရပြီး မြန်ဆန်နေတော့မှ လူကိုယ်တိုင် ငွေထုပ်ကြီးတကားကားနဲ့ ဝေးလံတဲ့အရပ်တွေမှာ တကူးတက အချိန်ပေးသွားလာနေဖို့ မလိုတော့မှာပေါ့။


(၂) လက်လှမ်းမီတဲ့ ကုန်ကျစရိတ် (Affordability)

သုံးစွဲသူအများစုလက်လှမ်းမီတဲ့ ကုန်ကျစရိတ်နဲ့ ချိတ်ဆက်နိုင်ဖို့လည်း လိုပါတယ်။ ပုဂ္ဂလိကကဏ္ဍကနေ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုတွေ အပြိုင်အဆိုင်ပေးနိုင်ဖို့ အစိုးရမူဝါဒတွေ သတ်မှတ်ပေးထားနိုင်ဖို့လည်း လိုပါတယ်။


(၃) ရွေးချယ်စရာ ဆက်သွယ်ရေးကိရိယာတွေ (Devices)

အများပြည်သူ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပြီး ဈေးနှုန်းသက်သာတဲ့ စက်ကိရိယာတွေလည်း အလွယ်တကူ လက်လှမ်းမီဖို့ လိုအပ်ပါတယ်။ အများသုံးကွန်ပျူတာတွေ ထားပေးဖို့ လိုမလား၊ ဈေးသက်သာတဲ့ ဖုန်းတွေ ရောင်းချပေးရမလား စသဖြင့် ရွေးချယ်စီစဉ်နိုင်ပါတယ်။


(၄) ဒီဂျစ်တယ်ကျွမ်းကျင်မှု (Digital Skills)

နည်းပညာနဲ့ ဆက်သွယ်ရေးကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင် လုံလုံခြုံခြုံ သုံးတတ်အောင် အသိပညာပေးအစီအစဉ်တွေကိုလည်း တီဗီ၊ သတင်းစာ၊ စာစောင်တွေနဲ့ မီဒီယာမျိုးစုံကနေတဆင့်ဖြန့်ဝေဖို့ လိုအပ်နိုင်ပါတယ်။


(၅) ယုံကြည်စိတ်ချရမှု (Trust)

ပြင်ပလက်တွေ့ဘဝမှာ ရပိုင်ခွင့် (Rights) တွေ ရှိသလို ဒီဂျစ်တယ်လောကမှာလည်း ရပိုင်ခွင့်တွေ သတ်သတ်မှတ်မှတ် ရှိပါတယ်။ ဒီရပိုင်ခွင့်တွေ လုံခြုံစိတ်ချမှုရှိရှိ ဆက်ရနေဖို့ အရေးကြီးပါတယ်။ အများပြည်သူရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံဖို့ အရေးကြီးသလို၊ ဒီဂျစ်တယ်ငွေကြေး အကောင့်တွေထဲက ခိုးယူခံရတာ၊ အလွဲသုံးစား လုပ်ခံရတာတွေ ကင်းဝေးကြဖို့ လိုပါတယ်။ ဒီအတွက် ဥပဒေအကာအကွယ်တွေ၊ စည်းကမ်းသတ်မှတ်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားဖို့ လိုပါတယ်။


အခက်အခဲနဲ့ စိန်ခေါ်မှုတွေ


အထက်မှာဆိုခဲ့သလို ဖွံ့ဖြိုးပြီး နိုင်ငံတွေရော ဖွံ့ဖြိုးဆဲနိုင်ငံတွေပါမကျန် သူသူငါငါ လူတကာပါဝင်နိုင်တဲ့ ဒီဂျစ်တယ်လုပ်ငန်းစဉ်တွေဆိုတာ အရေးပါပါတယ်။ ဒီနေ့အချိန်အထိ ကမ္ဘာကြီးကပြားပါတယ်လို့ ယုံကြည်သူ (flat-earther) တွေ၊ လကမ္ဘာပေါ်ကို လူတွေရောက်တယ်ဆိုတာ NASA ရဲ့ လံကြုပ်ကြေညာချက်လို့ ယုံကြည်သူတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေကို လက်မခံဘဲ ငြင်းပယ်နေသူတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ ရှိနေကြတုန်းပါ။ ကိုယ့်အထင် ခုတင် ရွှေနန်းပေါ့။ ကိုယ့်ပတ်ဝန်းကျင်လေးပဲ ကြည့်ပြီး အပေါ်ယံသုံးသပ်ရင်တော့ ခေတ်မီဆန်းသစ်တဲ့ ရှာဖွေတီထွင်မှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေနဲ့ အလှမ်းဝေးနေမှာပါ။


ကျန်းမာရေးဆိုင်ရာ ကပ်ဆိုးတွေ၊ စစ်မက်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာတော့ ဒီဂျစ်တယ်လုပ်ငန်းစဉ်တွေမှာ အများပြည်သူပါဝင်ဖို့အတွက် အခွင့်အလမ်းမရှိသလောက် နည်းပါးတယ်လို့ မြင်ရနိုင်ပါတယ်။ ဒီဂျစ်တယ်လုပ်ငန်းစဉ်တွေမှာ ပါဝင်လာမယ့် လူမှုအသိုင်းအဝိုင်းတွေအတွက် အကာအကွယ်ပေးမယ့်ဥပဒေတွေ၊ တိကျတဲ့ စံသတ်မှတ်ချက်တွေ၊ ရှင်းလင်းပြီး အများပြည်သူ လက်လှမ်းမီတဲ့ လုပ်ငန်းစဉ်နဲ့ စက်ကိရိယာတွေဟာ အပြောလွယ်နိုင်ပေမယ့် အလုပ်ခက်လို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေနိုင်ပါတယ်။


ဒါပေမယ့် ခေတ်လိုအပ်ချက်အရ မြန်မာနိုင်ငံမှာလည်း ဒီဂျစ်တယ်ငွေကြေးအသစ်တွေ၊ ငွေပေးချေမှု စနစ်သစ်တွေ ပေါ်ထွက်လာပါတယ်။ ဝေးကွာတဲ့ ဒေသတွေ၊ မတူညီတဲ့ အဖွဲ့အစည်းတွေကြား ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့ နည်းပညာကို အားပြုလာရပါတယ်။ အမျိုးမျိုးသောအကြောင်းတွေကြောင့် ဒီဂျစ်တယ်ရေစီးကြောင်းမှာ လိုက်ပါမလာနိုင်ဘဲ ဖယ်ကြဉ်၊ ခွဲခြားခံရတဲ့ လူမှုအသိုင်းအဝိုင်းတွေ မပေါ်ထွက်လာအောင်တော့ ကြံစည်ကြိုးစားကြရမှာ ဖြစ်ပါတယ်။


သွေးလိုသူတွေကို ဖေးကူလိုတဲ့ အမေရိကန်က Gay နဲ့ Bisexual အမျိုးသားတွေအတွက် ပါဝင်နိုင်ခွင့်တွေ လမ်းဖွင့်ပေးလာတဲ့ ခေတ်ကာလမှာ ဒီဂျစ်တယ်လုပ်ငန်းစဉ်တွေ၊ ဆက်သွယ်ရေးစနစ်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး အများအတွက် အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေကို စုံလင်ကွဲပြားတဲ့ လူမှုဝန်းကျင် အသိုင်းအဝိုင်းတွေအတွက် လမ်းဖွင့်ပေးကြဖို့ လိုအပ်နေပါပြီ။ တွေးမိတာရှိရင် ဝင်ရောက်ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ပါရစေ။

662 views3 comments

3 comentarios


Invitado
21 dic 2023

Pls explain about what I have to do&how much Ican got!

Me gusta

Invitado
12 jul 2023

ရေခံမြေခံကောင်းရင် အပင်ဖြစ်သလိုပါပဲ။ကြာတော့လည်း ကျွမ်းဝင်မှာပါ။သို့သော်လည်း အသက်ကြီးသူများ၊တစ်ကိုယ်တည်းနေရတဲ့ အသက်ကြီးသူတွေအဖို့တော့ ဒီဂျစ်တယ်ပြုခံရတာကတော့ပိုအထီးကျန်ဖွယ်၊စိတ်ပျက်ဖွယ်ဖြစ်လာနိုင်ပါတယ်။

Me gusta

Invitado
11 jul 2023

ဒစ်ဂျစ်တယ်ပြုမှုက ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ ဖွံ့ဖြိုးမှုနိမ့် နိုင်ငံအားလုံးမှာ တစ်စတစ်စ နေရာယူလာတာပါပဲ။ ကောင်းကျိုးတွေများပေမယ့် မသုံးတတ်ရင်လည်း ဘေးဖြစ်ရတယ်။ မသုံးရင် အရှင်း၊ သုံးမယ်ဆိုရင်လည်း အခြေခံလောက်တော့ သိနားလည်အောင် လေ့လာထားဖို့လိုအပ်မယ်ထင်ပါတယ်။

Me gusta
bottom of page