top of page

အထုအထောင်းခံရတဲ့ခေတ်

ကမ္ဘာပေါ်မှာ ပဋိပက္ခ၊ သတင်းမှားနဲ့ ဆန္ဒထုတ်ဖော်မှုတွေအပေါ် ဖိနှိပ်မှုတွေက အရပ်ဘက်အဖွဲ့အစည်းတွေကို ဘယ်လိုလှိုက်စားနေလဲ


birds in cage over the world map background on chalk board

၂၀၂၄ ခုနှစ်ကို ဝင်ရောက်လာချိန်မှာ မကြာသေးတဲ့ နှစ်ကာလတွေအတွင်း ကမ္ဘာအနှံ့က အရပ်ဘက် အဖွဲ့အစည်းတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ပြန်ပြောင်းအောက်မေ့ တွေးတောဆင်ခြင်မိစေဖို့ Civicus က ၂၀၂၂ ခုနှစ် အခင်းအကျင်းတွေကို သုတေသနပြုရေးသားထားတဲ့ အစီရင်ခံစာတစ်ခုကို Nonporfit Quarterly ဝက်ဘ်ဆိုက်မှာ စာရေးသူ ဟေရှာယသွမ်ဆန်က အနှစ်ချုပ်ဆောင်ပါးတစ်ပုဒ် ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးကို CENCS ပရိသတ်တွေ မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆိုမိတ်ဆက်ပေးပါရစေ။


 

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေ၊ ဖိနှိပ်တဲ့ အုပ်ချုပ်သူအစိုးရတွေ၊ ပွန်းပဲ့တိုက်စားခံနေရတဲ့ ဒီမိုကရေစီ အခင်းအကျင်းတွေနဲ့ သတင်းတုသတင်းမှား ကျယ်ပြန့်လာတာတွေကြောင့် ကမ္ဘာတဝန်းမှာ အခြေခံလူတန်းစား တက်ကြွလှုပ်ရှားသူတွေနဲ့ လူထုလှုပ်ရှားမှုတွေကနေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအထိ အရပ်ဘက် အဖွဲ့အစည်းပေါင်းများစွာရဲ့ အခန်းကဏ္ဍဟာ ထိပါးခံနေရပါတယ်။


အမေရိကန်လို ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံတွေမှာတောင် ဒီလို အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ထိပါးခံနေရတဲ့ ရေစီးကြောင်းထဲက ပြေးမလွတ်တဲ့အပြင် ထင်တာထက်ဆိုးတဲ့အခြေအနေတွေကို ရင်ဆိုင်နေကြရပါတယ်။ အမေရိကန်လို နိုင်ငံကြီးတွေမှာပါ ဒီမိုကရေစီအခင်းအကျင်းတွေအပေါ် တရစပ် ထိုးနှက်တိုက်ခိုက်မှုတွေကို ကြုံနေရတဲ့အပြင် လူ့အခွင့်အရေးကို ဆန့်ကျင်ငြင်းဆန်တဲ့ အပြောအဆိုတွေကလည်း တစ်ကမ္ဘာလုံးမှာ ကျယ်ပြန့်လာခဲ့တာ တွေ့ရပါတယ်။


ပဋိပက္ခဒဏ်ခံရတဲ့ နိုင်ငံအသီးသီးက အစိုးရတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေကို အတိုက်အခံလုပ်ဖို့ ဩဇာအာဏာရှိသူတွေ၊ ကန့်လန်တိုက် ပြောဆိုရှုမြင်သူတွေ၊ ငွေကြေးရင်းမြစ်တွေကို အစိုးရတွေနဲ့အပြိုင် ရယူနေသူတွေအဖြစ် ရှုမြင်ကြ‌တာကြောင့် အလျဉ်းသင့်သလို နှိပ်ကွပ်နေကြတာပါ

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နစ္စဘာ့ခ်မြို့‌တော်အခြေစိုက် Civicus အဖွဲ့ရဲ့အစီရင်ခံစာမှာတော့ လက်ရှိ တစ်ကမ္ဘာလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အခြေအနေကို ဖွင့်ဆိုရာမှာ “အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်း မဟာမိတ်နဲ့ ကွန်ရက်တွေ၊ ဆန္ဒပြပွဲတွေနဲ့ လူထုလှုပ်ရှားမှုတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေ၊ အသိပညာပေး အဖွဲ့အစည်းတွေ၊ ကုသိုလ်ဖြစ်အဖွဲ့တွေ၊ ဘာသာရေးအခြေခံ အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ ပရဟိတ ဖောင်ဒေးရှင်းတွေ” ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထည့်ဖော်ပြပါတယ်။


ကြီးမားတဲ့ကမ္ဘာ့ပဋိပက္ခ၊ မြင့်မားလာတဲ့ စီးပွားရေးကဏ္ဍ စိုးရိမ်သောက၊ အာဏာရှင်ဆန် လက်ယာစွန်း ရောက်တဲ့ လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်ရလာမှုနဲ့ အမေရိကန်သာမက တစ်ကမ္ဘာလုံးမှာ သတင်းတု သတင်းမှားတွေ တွင်ကျယ်နေတဲ့ ခေတ်ကြီးထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ထိုးနှက်ခံနေရ၊ တိုက်စားခံနေရပြီလို့ သူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဒီခြိမ်းခြောက်မှုတွေကို အန်တုနိုင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကမ္ဘာမှာ ပိုကြီးကျယ်မြင့်မားတဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ယူနိုင်ဖို့ လိုပါတယ်။ နိုင်ငံတကာ စီမံကွပ်ကဲမှု စနစ်ယန္တရားကြီးရဲ့ ပျက်ကွက်မှုတွေ၊ လစ်ဟာမှုတွေမှာ နေရာဝင်ယူနိုင်စွမ်းရှိဖို့ လိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ပြည်သူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီစနစ်ယန္တရားတွေကို ပြန်လည်ထူထောင်တည့်မတ်ပေးနိုင်ဖို့ နိုင်ငံဖြတ်ကျော် ပူးပေါင်းလှုပ်ရှားမှုကြီးတွေကို ထူထောင်နိုင်ဖို့ လိုပါတယ်။


အဲသလို ပူးပေါင်းလှုပ်ရှားမှုကြီးတွေမှာ သမားရိုးကျမဟုတ်တဲ့၊ ထူထောင်စုဖွဲ့မှုအခြေခံမဟုတ်တဲ့ စွမ်းဆောင်ပါဝင်သူတွေ ရှိဖို့အရေးကြီးကြောင်းကို သူတို့ရဲ့အစီရင်ခံစာထဲမှာ ဒီလို ဖော်ပြထားပါတယ်။ “အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သူမတူတဲ့ အားအင်ဟာ အင်ဂျီအိုလောကရဲ့ အပြင်ဘက်မှာရှိနေတဲ့ အောက်ခြေနင်းပြား အရပ်သားပြည်သူထဲက အမျိုးသမီးတွေ၊ လူငယ်တွေ၊ ဒေသခံ လူနည်းစုဝင်တွေကြားက ရှိသမျှလူနဲ့ ဖြစ်သလိုဖွဲ့ထားရတဲ့ အုပ်စုငယ်လေးတွေဆီက လာတာပါ” တဲ့။


အစီရင်ခံစာပြုစုသူတွေထဲက တစ်ဦးဖြစ်ပြီး၊ Civicus ရဲ့ အကြီးတန်း သုတေသနကျွမ်းကျင်သူ အီနက်စ် အမ် ပိုဆာဒီလာက “နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်ပြီး လူ့အခွင့်အရေးအထိုင်အရ သွေးစည်းညီညွတ်တဲ့ လှုပ်ရှားမှုတစ်ခု လိုအပ်နေပြီ။ ဒီအတွက် ဗွေဆော်ဦးလိုအပ်ချက်က အရပ်ဘက်အဖွဲ့အစည်းအတွက် အရပ်ဘက်အဖွဲ့အစည်းတွေကိုယ်တိုင် ရပ်တည်ကြဖို့ လိုတယ်။ ဒီကိစ္စက ထင်ထားတာထက် ပိုခက်ပါတယ်” လို့ ဆိုပါတယ်။


ပဋိပက္ခတွေနဲ့ ဆန္ဒပြသထုတ်ဖော်မှု


ကမ္ဘာတစ်လွှားက နိုင်ငံအနှံ့အပြား၊ နိုင်ငံစုံဖြန့်ကျက်ပြီး ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေဟာ လူသန်းပေါင်းများစွာကို ဒုက္ခပေးနေသလို အရပ်ဘက်အဖွဲ့အစည်းတွေအပေါ် ထိုးနှက်မှုတွေကိုလည်း အဆင်းဘီးတပ်ပေးရာရောက်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ “ပဋိပက္ခဒဏ်ခံရတဲ့ နိုင်ငံအသီးသီးက အစိုးရတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေကို အတိုက်အခံလုပ်ဖို့ ဩဇာအာဏာရှိသူတွေ၊ ကန့်လန်တိုက် ပြောဆိုရှုမြင်သူတွေ၊ ငွေကြေးရင်းမြစ်တွေကို အစိုးရတွေနဲ့အပြိုင် ရယူနေသူတွေအဖြစ် ရှုမြင်ကြ‌တာကြောင့် အလျဉ်းသင့်သလို နှိပ်ကွပ်နေကြတာပါ” တဲ့။ ဥပမာပေးစရာတစ်ခုကတော့ ပြည်တွင်းစစ် အဆုံးသတ်တာ ပူနွေးနွေးပဲရှိသေးတဲ့ အီသီယိုပီးယားနိုင်ငံရဲ့ အစိုးရက စာနယ်ဇင်း သမားတွေကို ဖမ်းဆီးထိန်းသိမ်းထားတာမျိုး၊ ပင်လယ်ဖြတ်ကျော်ပြီး တိုင်းပြည်ထဲခိုလှုံဝင်ရောက်လာသူ တွေကို ကူညီထောက်ပံ့မှုပေးတဲ့ အုပ်စုတွေကို အီတလီအစိုးရက ပြစ်ဒဏ်တွေ ချမှတ်တာမျိုးတွေ မြင်ခဲ့ရပါတယ်။


“တစ်ကမ္ဘာလုံးက အရပ်ဘက်အဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုကြီးတွေကတော့ သူတို့ရဲ့အရေးပါမှုအပေါ် အသိအမှတ်မပြုကြတာနဲ့ အရိုးစွဲနေတဲ့ရှုမြင်ပုံဟောင်းတွေကြောင့်ပါ။ အနည်းဆုံးတော့ အရပ်ဘက်လူမှုအခင်းအကျင်း (Civic Space) ကို တားဆီးပိတ်ပင်ထားပြီး အသက်တမျှ အရေးကြီးတဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်စွမ်းကို နှောင့်ယှက်နေကြတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ရုရှားရဲ့ဗီတိုအာဏာကြောင့် ခြေလိမ်ချိုးခံထားရသလိုဖြစ်နေတဲ့ လုံခြုံရေးကောင်စီနဲ့အတူ ကုလသမဂ္ဂရဲ့ အရေးယူဖို့ ပျက်ကွက်မှုတွေ၊ မထိရောက်မှုတွေအပါအဝင် “တစ်ကမ္ဘာလုံးအဆင့် စီမံကွပ်ကဲမှုရဲ့ မဟာပျက်ကွက်မှုကြီး” ကြောင့် အရပ်ဘက်အဖွဲ့အစည်းအပေါ် ထိုးနှက်မှုတွေက ပိုပြင်းထန်လာခဲ့ပါတယ်။ သုတေသီ ပိုဆာဒီလာကတော့ အရပ်ဘက်အဖွဲ့အစည်းဟာ ကုလသမဂ္ဂလို တစ်ကမ္ဘာလုံးဆိုင်ရာ စီမံကွပ်ကဲမှု စနစ်ယန္တရားကြီးတွေကို တိုက်ရိုက်ချိတ်ဆက်ထိတွေ့နိုင်မှု ကင်းမဲ့နေတုန်းပဲလို့ ထောက်ပြပါတယ်။ “တကယ်လို့သာ အင်မတန်အရေးကြီးတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ ညီလာခံမှာ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်တာ မြင်ရရင်တောင်မှ ရာသီဥတု ပြောင်းလဲလာမှုကိစ္စတွေ ဆွေးနွေးတဲ့အခါ ရုပ်ကြွင်းလောင်စာဆီကုမ္ပဏီကြီးတွေက အရပ်ဘက်အဖွဲ့အစည်းတွေထက် ပိုအရေးပါနေသေးတာ သတိထားမိဖို့လိုတယ်”


တစ်ချိန်တည်းမှာပဲ “လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်” ဟာလည်း ဒီမိုကရေစီ အဓွန့်ရှည်ပြီးသား နိုင်ငံကြီးတွေမှာတောင် အထိုးအနှက်ခံနေရပြန်တယ်။


နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေအရ လူတိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခွင့်ရှိကြောင်း ဖော်ပြထားကြပေမယ့် ပြီးခဲ့တဲ့တစ်နှစ်တာလုံးမှာ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေထဲမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားတာ ရှားပါတယ်။ နိုင်ငံအစိုးရပေါင်းများစွာဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသတာတွေကို နှိမ်နင်းဖို့ နည်းဗျူဟာမျိုးစုံ ချမှတ်ထားကြပြီး ရံဖန်ရံခါ ရုတ်ရုတ်သဲသဲ အကြမ်းဖက်တဲ့ ဆန္ဒပြပွဲတွေကို ဗန်းပြပြီး ဆန္ဒပြပွဲတိုင်းကို တားဆီးကန့်သတ်ဖို့ ကြိုးစားနေကြတာပါ။


ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကုန်ဈေးနှုန်းကြီးမားလာတာ၊ နေထိုင်စရိတ် မြင့်မားလာတာ၊ အစိုးရတွေက လျစ်လျူရှုထားတာ စတဲ့ ကိစ္စတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ဆန္ဒပြပွဲပေါင်းများစွာ (Civicus ရဲ့ တွက်ချက်မှုအရ ဆန္ဒပြပွဲပေါင်း တစ်သောင်းကျော်) ပေါ်ပေါက်ခဲ့ပါတယ်။ နယ်စည်းမခြား ဒီမိုက‌ရေစီအဖွဲ့ (Democracy Without Borders) ရဲ့ အစီရင်ခံစာမှာလည်း “လောင်စာဆီနဲ့ စားသောက်ကုန်ဈေးနှုန်း မြင့်မားလာမှုတွေကြောင့် ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ကြောင်း” ဖော်ပြထားပါတယ်။


Civicus အစီရင်ခံစာအရ ဆန္ဒထုတ်ဖော်ပြသခွင့်ကို ကာကွယ်ရပ်တည်ပေးရမယ့် အဓိကအခန်းကဏ္ဍမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ရှိနေပေမယ့် ဆန္ဒပြပွဲတွေအထမြောက်နိုင်တဲ့ အခင်းအကျင်းတွေကပါ ကျဉ်းမြောင်းပိတ်ဆို့လာတဲ့အခါ၊ “အထူးသဖြင့် သဘောထားကွဲလွဲမှုကို ထုတ်ဖော်ပြသဖို့အတွက် လမ်းပေါ်ထွက်တာကလွဲလို့ တခြားနည်းလမ်းမရှိတဲ့ အခင်းအကျင်းတွေမှာ” အရပ်ဘက်အဖွဲ့အစည်းတွေဟာ အားနည်းလာရပါတယ်။


သုတေသီ ပိုဆာဒီလာက “ဆန္ဒပြသထုတ်ဖော်ခွင့်ဟာ တခြားအခွင့်အရေးတွေရဖို့ အခြေခံကျတဲ့ အခွင့်အရေး ဖြစ်နေတာပါ။ လူတွေခံစားရရှိနေတဲ့ အခွင့်အရေးအများစုဟာ ဆန္ဒပြပြီးမှ ရလာကြတာပါ။ ကိုယ်က ဘာမှ စောဒကမတက်ဘူး၊ ဘာကိစ္စကိုမှ မလှုံ့ဆော်ဘူး၊ မတောင်းဆိုဘူးဆိုရင် ဘာမှ ရလာမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။


“ပြဿနာက ဆန္ဒပြသထုတ်ဖော်ခွင့်ကိုတောင်မှ ထိုးနှက်တိုက်ခိုက်ခံနေရတာပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာပါ အဲဒီကိစ္စကို တွေ့နေရတယ်။ နယ်သာလန်တို့၊ ဂျာမနီတို့လို ရာသီဥတုပြောင်းလဲလာမှု ကာကွယ်ရေးအတွက် ထိပ်တန်းကခေါင်းဆောင်နေတဲ့ ဥရောပနိုင်ငံတွေလို ဒီမိုကရေစီတိုင်းပြည်တွေမှာပါ ရာသီဥတု ပြောင်းလဲမှုကိစ္စ ဆန္ဒပြသူတွေကို နှိပ်ကွပ်နေကြတာ။ ဒါဟာ ဆန္ဒပြသထုတ်ဖော်ခွင့်ကို ဖျက်လိုဖျက်ဆီး လုပ်နေတာပဲ” လို့ သူကပြောပါတယ်။


သတင်းတုသတင်းမှား၊ အစွန်းရောက်ဝါဒနဲ့ ဒီမိုကရေစီ ပွန်းပဲ့တိုက်စားခံနေရခြင်း


ဒီမိုကရေစီစနစ်ယန္တရားတွေက တစ်ကမ္ဘာလုံးမှာ ပွန်းပဲ့တိုက်စားခံနေရပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားချက်တစ်ခုက “စီးပွားရေးကျပ်တည်းမှုနဲ့ မလုံခြုံမှုတွေဟာ သူမှား-ကိုယ်မှန် အစွန်းရောက်မှုတွေ၊ လူ့အခွင့်အရေးတွေကို ထိုးနှက်တိုက်ခိုက်ပြီး အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့ ရေခံမြေခံ ဖြစ်နေတယ်။ ရွေးကောက်ပွဲတွေကို စစ်စစ်မှန်မှန် ကျင်းပနိုင်ခဲ့တဲ့ နိုင်ငံတွေမှာတောင် လက်ယာစွန်းရောက်ဝါဒကို ကြိုဆိုပွေ့ဖက်လာတဲ့ ရေစီးကြောင်းတစ်ခုကို ထင်းထင်းကြီး မြင်လာရပြီ။”


ပိုဆာဒီလာက “ပြီးခဲ့တဲ့ နှစ်နှစ်လောက်အတွင်း အမေရိကန်မှာ ဖြစ်ပျက်ခဲ့တာတွေဟာ အမေရိကန်မှာ တစ်ခါမှ မြင်ရလိမ့်မယ်လို့ မထင်ခဲ့ဖူးတာတွေ ဖြစ်နေတယ်။ ဥပမာ - အာဏာသိမ်းဖို့ ကြိုးစားကြံစည်သလို ကိစ္စမျိုးပေါ့” လို့ မှတ်ချက်ပေးပါတယ်။


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်လွှတ်တော်ကို ဝင်စီးတဲ့ကိစ္စမျိုးအပြင် LGBTQI+ ဆန့်ကျင်ရေးနဲ့ တခြားအခွင့်အရေးတွေအပေါ် ဆန့်ကျင်ဖို့ ဝါဒဖြန့်နေတဲ့ လုပ်ဆောင်ချက်တွေဟာ အမေရိကန်မှာပဲ အခြေစိုက်နေတာပါ။


“အမေရိကန်ဟာ ဒီမိုကရေစီအတွက် အင်အားတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အင်အားတစ်ခုလည်း ဖြစ်သွားနိုင်တာပဲ။ အမေရိကန် ပြည်တွင်းမှာသာမကပါဘူး။ အာဖရိကတိုက်မှာ LGBTQ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ခေတ်နောက်ပြန်ဆွဲနေတာတွေကို အမေရိကန်က ရန်ပုံငွေပံ့ပိုးနေတာတွေက သက်ရောက်မှု အကြီးကြီးရှိပါတယ်။ ဒီငွေတွေကို အမေရိကန်အစိုးရက ပေးနေတာတော့ မဟုတ်ပါဘူး။ အင်မတန် အရှိန်အဝါကြီးပြီး ရှေးရိုးစွဲတဲ့ ဖောင်ဒေးရှင်းတစ်ခုက ငွေပေးရုံသာမက ကျွမ်းကျင်ပညာရှင်တွေပါ ပို့လွှတ်နေတာပါ။ ပုံစံကျရေးထားတဲ့ ဥပဒေတွေကို တစ်နိုင်ငံပြီး တစ်နိုင်ငံ နမူနာယူ ပြဋ္ဌာန်းဖို့ သူတို့က လုပ်နေကြတာပါ။”


ဒီအခြေအနေတွေကို ပိုပြီးရှုပ်ထွေးသွားစေတာက သတင်းတုသတင်းမှားတွေပါပဲ။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်က ရွေးကောက်ပွဲတွေမှာ သတင်းတု သတင်းမှားတွေရဲ့ အခန်းကဏ္ဍက အင်မတန်ကြီးမားတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သမိုင်းကြောင်းတလျှောက် ဖယ်ကြဉ်ခွဲခြားခံရသူ လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ သတင်းတုသတင်းမှားတွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေကို တိုက်စားဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ အစီရင်ခံစာက မှတ်ချက်ပေးထားပါတယ်။


အစီရင်ခံစာပါ ဖော်ပြချက်ကတော့ “အထူးသဖြင့် တက်ကြွလှုပ်ရှားသူတွေဟာ ဖယ်ကြဉ်ခံထားရတဲ့ အုပ်စုတစ်ခုခုက ပေါ်လာတာ၊ ဒါမှမဟုတ် ဖယ်ကြဉ်ခံထားရတဲ့ အုပ်စုတစ်ခုခုအတွက် ရပ်တည်ပေးရတဲ့အခါမျိုးမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ သတင်းတု၊ သတင်းမှားတွေရဲ့ ပစ်မှတ်ထားခြင်းကိုလည်း မကြာခဏ ခံကြရပါတယ်။ ... အမျိုးသမီးတွေနဲ့ LGBTQI+ တွေရဲ့ အခွင့်အရေးတွေကို ဆန့်ကျင်ချေဖျက်တဲ့ သတင်းတုသတင်းမှားတွေကလည်း နေရာတိုင်းမှာ ပျံ့နှံ့နေတယ်။ ငွေကြေးနဲ့လူအင်အား ရင်းမြစ်တောင့်တင်းပြီး တစ်ကမ္ဘာလုံး ဩဇာလွှမ်းမိုးမှုရှိတဲ့ ရှေးရိုးဆန်လွန်းသူတွေ၊ အမျိုးသားရေးဝါဒီတွေ၊ လူဖြူကြီးစိုးရေး အုပ်စုတွေကနေ အဲသလို သတင်းတုသတင်းမှားတွေလွှင့်ပြီး ယဉ်ကျေးမှုစစ်ပွဲ ဆင်နွှဲနေကြလေရဲ့။ အဲဒီထဲမှာမှ သန္ဓေဖျက်ချခွင့်ကို အကြောင်းပြပြီး အမျိုးသမီးအခွင့်အရေးတွေကို ထိုးနှက်တိုက်ခိုက်တာ၊ အမျိုးသမီးအခွင့်အရေးကို အကြောင်းပြပြီး လိင်ပြောင်းလဲခံယူသူတွေရဲ့ အခွင့်အရေးတွေကို ထိုးနှက်တိုက်ခိုက်တာတွေအထိ ပါဝင်နေတယ်။”


အစီရင်ခံစာထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကမ္ဘာတစ်ဝန်းက သတင်းတုသတင်းမှားတွေကို တိုက်ဖျက်ရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။


သတင်းတုသတင်းမှားတွေကို တန်ပြန်တိုက်ခိုက်ရာမှာ တစ်ကမ္ဘာလုံးလက်တွဲပြီး ကဏ္ဍစုံ ပူးပေါင်းလုပ်ကိုင်ဖို့ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်။ ဒီအတွက် လူမှုကွန်ရက်နဲ့ နည်းပညာကဏ္ဍမှာ ပိုကောင်းမွန်တဲ့ စည်းမျဉ်းကြပ်မတ်မှုတွေ ရှိဖို့လိုပါတယ်။ ပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကာကွယ်ထားတာနဲ့ တစ်ချိန်တည်းမှာ အားလုံးပါဝင်ဆောင်ရွက်ရာကနေ အဆင့်ဆင့် အကောင်အထည်ဖော်ဖို့ လိုနေတာပါ။


လူမျိုးရေးအရ ဖိနှိပ်မှု၊ စီးပွားရေး ဖိနှိပ်မှုနဲ့ ကျား-မ တန်းတူရေး ဖိနှိပ်မှုတွေကို တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေ ချည့်နဲ့ပျက်စီးသွားအောင် ကမ္ဘာတစ်ဝန်းက သတင်းတုသတင်းမှားတွေ ဘယ်လိုပေါ်ပေါက်နေတယ်ဆိုတာ မကြာမီက ကျင်းပခဲ့တဲ့ နှီးနှောဖလှယ်ပွဲတစ်ခုမှာ NPQ က ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနှီးနှောဖလှယ်ပွဲကို တက်ရောက်သူ ဧည့်သည်တော်တွေက “မီဒီယာမှာရော နေ့စဉ်ဘဝမှာပါ ကြုံနေရတဲ့ ဇာတ်လမ်းဆင် ပြောဆိုမှုတွေ၊ ဝါဒဖြန့်ချိမှုတွေ၊ သတင်းတု သတင်းမှားတွေကို လူထုလှုပ်ရှားမှုတွေနဲ့ ဘယ်လိုအောင်မြင် ကျော်လွှားနိုင်မလဲ” ဆိုတဲ့မေးခွန်းကို အခြေခံပြီး ဖြေရှင်းနိုင်ဖို့ ဆွေးနွေးခဲ့တာပါ။


လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်ကူးတချို့


အစီရင်ခံစာမှာ “အကောင်အထည်ဖော်ဖို့ စိတ်ကူး” ၁၀ ခုကို စာရင်းပြုစုဖော်ပြထားပါတယ်။ အဲဒီထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ နိုးကြားမှုကို မြှင့်တင်ဖို့ဆိုတဲ့ ယေဘုယျကျတဲ့ တိုက်တွန်းမှုအပြင် ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်းတွေထဲ ခေတ်နောက်ပြန်ဆွဲတဲ့ ရေစီးကြောင်းတွေကို တွန်းလှန်နိုင်ဖို့ မဟာဗျူဟာကိုယ်စီ ရေးဆွဲထားကြဖို့ တိုက်တွန်းချက်တွေအထိ ပါဝင်ပါတယ်။ အဲဒီထဲကမှ အရေးကြီးတာ တချို့ကတော့ ...


  • ဆန္ဒပြသထုတ်ဖော်ခွင့် - အကာကွယ်ပေးနိုင်တဲ့ အစီအမံဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့၊ တရားဥပဒေစိုးမိုးရေးအပိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် တိုက်တွန်းနှိုးဆော်နေဖို့၊ ဆန္ဒပြသူတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်သူတွေ အရေးယူခံရစေဖို့ အပါအဝင် ငြိမ်းချမ်းစွာ စုဝေးစည်းရုံးခွင့်ကို ကာကွယ်ဖို့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လိုလားဆန္ဒရှိတဲ့ နိုင်ငံအစိုးရတွေရဲ့ အရေးကြီးကိစ္စဖြစ်ပါတယ်။

  • တန်းတူညီမျှမရှိမှုကို အလွှာအလိုက် ဖြေရှင်းခြင်း - လူလက်တစ်ဆုပ်လောက်ကပဲ အကျိုးစီးပွားတွေ ဖြစ်ထွန်းနေပြီး လူများစုက မျက်ဖြူဆိုက်နေတဲ့ လက်ရှိ ကမ္ဘာ့စီးပွားရေးပုံစံခွက်ထဲမှာ ရှိနေတဲ့ စနစ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ပိုင်းခြား ဖော်ထုတ်ပေးနိုင်ဖို့ လိုပါတယ်။ အချီကြီး ပွပေါက်တိုးတာ၊ ဓနဥစ္စာပိုင်ဆိုင်မှု၊ အခြေခံ လူမှုသက်သာချောင်ချိရေး အစီအမံ၊ အခြေခံဝင်ငွေနှုန်းထား၊ အလုပ်သမားသမဂ္ဂ အသိအမှတ်ပြုမှု၊ တခြား လုပ်ငန်းထိရောက်စေရေး စည်းကမ်းကြပ်မတ်မှုတွေကို ထည့်စဉ်းစားပြီး လူမှုဘဝတိုးတက်မြင့်မားရေးကို အခြေခံတဲ့ အခွန်ကောက်ခံမှုတွေ ဖြစ်လာအောင် တိုက်တွန်းနှိုးဆော်ကြဖို့ လိုပါတယ်။

  • သတင်းတုသတင်းမှား - အရပ်ဘက်အဖွဲ့အစည်းတွေဟာ အချက်အလက်မှန်ကန်မှု စိစစ်ဖို့၊ မီဒီယာကျွမ်းဝင်မှု မြှင့်တင်ဖို့နဲ့ (အရေးအကြီးဆုံးဖြစ်တဲ့) လူမှုကွန်ရက်ကုမ္ပဏီကြီးတွေအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို တန်ဖိုးထားတဲ့တစ်ချိန်တည်းမှာ စည်းကမ်းကြပ်မတ်မှု စံနှုန်းတွေမြင့်မားလာအောင် တိုက်တွန်းနှိုးဆော်ဖို့ အပါအဝင် သတင်းတုသတင်းမှား တိုက်ဖျက်ရေး မဟာဗျူဟာတွေ ချမှတ်ရာမှာ ဦးဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်။

  • ဒီမိုက‌ရေစီကို ကာကွယ်ခြင်း - လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြော အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေဟာ မဲဆန္ဒရှင်တွေရဲ့ဆန္ဒတွေ ရွေးကောက်ပွဲမှာ တိတိကျကျ ထင်ဟပ်မှုရှိစေဖို့ နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့၊ မှားယွင်းချွတ်ချော်မှုတွေကို ထောက်ပြဖော်ထုတ်ဖို့ အတူလုပ်ဆောင်ကြရပါမယ်။ နိုင်ငံ‌ရေးအပြောင်းအလဲတွေ ရှေ့ဆက်ပေါ်ပေါက်လာတဲ့အခါမှာလည်း နိုင်ငံရေးခေါင်းဆောင်တွေက သူတို့ကတိကဝတ်တွေအတိုင်း တာဝန်ခံမှုရှိဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက နှိုးဆော်ရမှာဖြစ်သလို နောက်ကြောင်းပြန်မလှည့်ရေးအတွက် အာမခံချက်ရှိအောင် သတိထားကြရမှာပါ။

  • ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေ ဖော်ဆောင်ခြင်း - ခေတ်နောက်ပြန်ဆွဲတာတွေကို ရင်ဆိုင်အန်တုနိုင်ဖို့ ကြိုးစားကြရာမှာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်ဖြတ်သန်းတဲ့ သွေးစည်းညီညွတ်မှုမျိုးရှိဖို့ အသက်တမျှ အရေးကြီးပါတယ်။ နိုင်ငံဖြတ်ကျော် အရပ်ဘက်လူ့အဖွဲ့အစည်းကွန်ရက်တွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့နဲ့ ထိုးဖောက်ပျံ့နှံ့ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေက အားပိုကောင်းဖို့ လိုပါတယ်။ လူ့အခွင့်အရေးတွေ ထိပါးခံလာရတဲ့အခါမှာလည်း ခြေမြန်လက်မြန်နဲ့ စည်းလုံးညီညွတ်မှုရှိရှိ အားပေးထောက်ကူမှုတွေ လုပ်နိုင်ဖို့ လိုပါတယ်။

  • မီဒီယာတွေနဲ့ မိတ်ဖက်ဆက်ဆံမှု - ရာသီဥတု ပြောင်းလဲလာမှု၊ ကျား-မ တန်းတူညီမျှမှုနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကူညီအားဖြည့်မှုတွေ ရရှိဖို့အတွက် လူအများ သတိထားမိဖို့ဆိုရင် မီဒီယာနဲ့ ထိတွေ့ဆက်ဆံရေးဟာ အခရာကျပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ တိုက်တွန်းနှိုးဆော်မှုတွေ၊ အသိပညာပေးမှုတွေအတွက် မီဒီယာတွေနဲ့ မိတ်ဖက်ဆက်ဆံရေးတွေ ထူထောင်ထားရှိသင့်ပါတယ်။



 

စာရေးသူ ဟေရှာယသွမ်ဆန်ဟာ Nonprofit Quarterly ရဲ့ တိုက်ပိုင်စာရေးသူတစ်ဦးဖြစ်ပြီး ထင်ရှားတဲ့ စာနယ်ဇင်းဌာနတွေမှာ ဖော်ပြခံရဖူးသူ၊ စာနယ်ဇင်းဆုတွေ ရရှိဖူးသူဖြစ်ပါတယ်။

1,322 views5 comments
bottom of page