top of page

ပြည်သူနိုးကြားပါဝင်မှု - မူဟန်သွယ်သွယ်

ပြည်သူပါမှ ပြည်သာယာမယ် - ၂


Colorful graphic artwork with Myanmar wooden and woven craft umbrellas and orchids

"မူဂန်းဂွား ကိုချီ ပီယော့ဆူမ်နီဒါ"


ရပ်ကွက်ထဲက ၇ နှစ်ဝန်းကျင်အရွယ်ကလေးတွေ ကစားနေတဲ့ဆီက ကြားလိုက်ရတဲ့အသံဟာ နာမည်ကျော် ကိုရီးယားဇာတ်လမ်းတွဲ Squid Game ထဲက အသည်းထိတ်စရာဇာတ်ဝင်ခန်းဆီကပါ။ အဓိပ္ပါယ်က "ခေါင်ရမ်းပန်းလေး ပွင့်လာပြီ" တဲ့။ ရှာကြံဆော့တတ်ကြတဲ့ ကလေးတွေကိုကြည့်ရင်း ကစားပွဲတွေမှာ ပါဝင်ခွင့်မရသေးတဲ့ ကလေးတွေအကြောင်း တွေးမိသွားတယ်။


ကစားပွဲစည်းမျဉ်းတွေကို နားမလည်သေးတဲ့၊ အကြမ်းပတမ်း ဝင်မကစားနိုင်တဲ့ကလေးတွေကိုတောင်မှ တခြားကလေးတွေက "ထမင်းသိုးဟင်းသိုး" အဖြစ် လက်ခံထားကြတယ်။ သူတို့က ဝင်ကစားခွင့်ရပေမယ့် ကစားပွဲရလဒ်အပေါ် သက်ရောက်မှုမရှိဘူးဆိုတဲ့သဘောပေါ့။ မိတ်ဆွေတစ်ယောက်ကတော့ သူတို့အရပ်မှာ အဲသလိုကလေးတွေကို "ငပိရည်ဖျော် ဆားရေခတ်" လို့ခေါ်သတဲ့။ ရပ်ရွာတိုင်းမှာ ခေါ်ဝေါ်တာတွေ ဘယ်လိုကွဲကွဲ၊ ဖန်ခုန်တမ်း၊ ခွေးရူးလိုက်တမ်း၊ အရူးမကြီး မစာဥလုပ်တမ်း စသဖြင့် ကစားနည်းဘယ်လိုစုံစုံ တခြားသူတွေ ကစားရတာကို ထိုင်ကြည့်ရုံနဲ့ မတင်းတိမ်တော့တဲ့အခါ ကိုယ်တိုင်ဝင်ကစားချင်တာ သဘာဝပါ။ လူဟာ ပါဝင်ခွင့်ရတာကို မက်မောတယ်၊ အသိအမှတ်ပြုခံရချင်တယ်၊ အစွမ်းပြချင်တယ် လို့ပဲ ဆိုကြမလား။


အရွယ်ရောက်လာတဲ့အခါ ကိုယ့်ရပ်ရွာတိုင်းပြည်က အရေးတွေမှာ ပါဝင်နိုင်မှုကလည်း အရေးကြီးပါတယ်။ ကိုယ့်အခန်းကဏ္ဍကနေ ကိုယ်ပါဝင်ကြရတာပေါ့။ အုပ်ချုပ်သူအစိုးရတွေကို ရွေးကောက်တင်မြှောက်ဖို့ မဲပေးတာမျိုးဟာလည်း ပါဝင်မှုပဲ။ မကျန်းမာတဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီရအောင် စေတနာ့ဝန်ထမ်း လုပ်တာလည်း ပါဝင်မှုပဲ။ ဒီဆောင်းပါးမှာ နိုင်ငံသားတွေရဲ့ (ပိုတိတိကျကျ ပြောရရင်) နိုးကြားထက်သန်တဲ့ပြည်သူတွေဟာ တစ်ဦးချင်းဖြစ်ဖြစ်၊ အစုအဖွဲ့လေးတွေနဲ့ဖြစ်ဖြစ် ရပ်ရေးရွာရေးကအစ တိုင်းရေးပြည်ရာအထိ အဆင့်ဆင့် ပါဝင်နိုင်ပုံတွေအကြောင်း ဆွေးနွေးပါရစေ။


အခြေခံကျတဲ့၊ ရေရှည်တည်တံ့မယ့် အပြောင်းအလဲတွေ ဖြစ်လာဖို့ ကြိုးစားရတဲ့အခါ အမြဲတမ်းတော့ လွယ်ကူချောမောနေမှာမဟုတ်ဘူး။ ဇွဲနပဲနဲ့ လုပ်ရတာ၊ စိတ်ရှည်ရတာ၊ သိမြင်နားလည်မှု ကျယ်ပြန့်ပြီး ရှုထောင့်ပေါင်းစုံက တွေးတောတတ်တာတွေ လိုအပ်တယ်။

အတွေ့ရများတဲ့ ပြည်သူ့နိုးကြားပါဝင်မှုပုံစံတွေထဲမှာ မဲပေးတာ၊ ရပ်ရေးရွာရေး စုဖွဲ့လုပ်ကိုင်တာ၊ စေတနာ့ဝန်ထမ်း ဆောင်ရွက်တာ၊ ပြည်သူ့ရေးရာ မူဝါဒနဲ့ ဥပဒေတွေ အပြောင်းအလဲဖြစ်စေဖို့ တိုက်တွန်းနှိုးဆော်တာ၊ လူမှုကွန်ရက်ကို အသုံးချတာ စသဖြင့် အမျိုးမျိုး တွေ့ရနိုင်ပါတယ်။ ပုံစံတစ်မျိုးချင်းစီအလိုက် အားသာချက်တွေရှိသလို၊ စိန်ခေါ်မှုတွေ လိုအပ်ချက်တွေလည်း ရှိနေနိုင်တယ်။


မဲပေးခြင်း - ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာ မဲပေးတာဟာ လူသိအများဆုံးနဲ့ လူတိုင်းလိုလို ရွေးချယ်တတ်ကြတဲ့ ပြည့်သူ့နိုးကြားပါဝင်မှုပုံစံပဲ။ ဒီနည်းနဲ့ ကိုယ်သဘောကျတဲ့ ဥပဒေပြုရေးအမတ်တွေ၊ အစိုးရတွေကို ရွေးချယ်နိုင်တယ်။ ဒီမိုကရေစီနိုင်ငံတွေအတွက်တော့ မဲပေးရတာ ဘာမှမခက်ပေမယ့် မဲပေးခွင့်မရတဲ့ ပြည်သူပေါင်းများစွာဟာလည်း ကမ္ဘာပေါ်မှာ ရှိနေကြတယ်။ မဲပေးတယ်ဆိုတာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့၊ တစ်ဦးချင်း လုပ်ကိုင်နိုင်တဲ့ ပြည်သူ့နိုးကြားပါဝင်မှုတစ်မျိုးပဲ။


ရပ်ရေးရွာရေး စုဖွဲ့လုပ်ကိုင်ခြင်း - ရပ်ရေးရွာရေးမှာ ဘုံရည်ရွယ်ချက်တစ်ခု (ဥပမာ- သာရေးနာရေး အထောက်အပံ့ပေးဖို့၊ စာကြည့်တိုက်ဖွင့်ဖို့၊ လျှပ်စစ်မီးသွယ်ဖို့၊ လမ်း‌ဖောက်ဖို့၊ ကန်ဆယ်ဖို့ စသဖြင့်) အတွက် စုပေါင်းလုပ်ဆောင်ကြတာလည်း နိုးကြားပါဝင်မှုတစ်မျိုးပဲ။ ကိုယ့်ရပ်ရွာထဲမှာ ကိုယ်ထူကိုယ်ထလုပ်ဖို့ မပြီးနိုင်တဲ့ကိစ္စတွေအတွက်တော့ အစိုးရရဲ့ မူဝါဒတွေ ပြောင်းလာအောင်၊ ဒေသအစိုးရ ဒါမှမဟုတ် ဗဟိုအစိုးရဆီက ဘဏ္ဍာငွေချထားတဲ့ထဲ ပါလာဖို့ ကြိုးစားရတာတွေ ရှိနိုင်တာပဲ။ ရပ်ရေးရွာရေး ဆောင်ရွက်တဲ့အခါ အပေါင်းအသင်းနယ်ပယ် ကျယ်လာတယ်။ အကျွမ်းတဝင်ဖြစ်လာတယ်။ ရပ်ရွာကောင်းကျိုးကို လုပ်ကိုင်နိုင်လို့ နေပျော်စရာဖြစ်လာတာတွေက လက်တွေ့ အကျိုးကျေးဇူးတွေပဲ။ ဒီနိုးကြားပါဝင်မှုက တစ်ဦးချင်းအဆင့်ထက် ကျော်လွန်တယ်။ စုဖွဲ့လုပ်ကိုင်ရတာဖြစ်တယ်။ နိုင်ငံရေးနဲ့ မဆက်နွယ်ဘဲ ရှိနိုင်သလို၊ နိုင်ငံရေးနဲ့ ဆက်နွယ်တာတွေလည်း ဖြစ်နိုင်တယ်။


စေတနာ့ဝန်ထမ်းဆောင်ရွက်ခြင်း - စေတနာ့ဝန်ထမ်းဆောင်ရွက်တဲ့နည်းနဲ့ နိုးကြားပါဝင်တဲ့အခါမှာ လမ်းသန့်ရှင်းရေး လုပ်အားပေးတာ၊ ‌သွေးလှူတာ၊ စတုဒီသာကျွေးတာတွေကအစ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲစည်းရုံးရေးဆင်းချိန်မှာ ဝင်ပါတာတွေအထိ အမျိုးမျိုး ရွေးချယ်နိုင်တယ်။ ဒါကလည်း ရပ်ရွာကောင်းဖို့ တစ်နည်းနည်းနဲ့ ပါဝင်အားဖြည့်တဲ့သဘောပဲ။ စေတနာ့ဝန်ထမ်း လုပ်ကိုင်ရာကနေ တချို့ အလုပ်အကိုင်တွေကို ကျွမ်းကျင်နားလည်တာ၊ ပညာနဲ့အတွေ့အကြုံတွေလည်း ရနိုင်တယ်။ စေတနာ့ဝန်ထမ်းအလုပ်ဟာ နိုင်ငံရေးနဲ့ဆက်စပ်တာရော၊ မသက်ဆိုင်တာရော ဖြစ်နိုင်တယ်။ စေတနာ့ဝန်ထမ်းအဖြစ် တစ်ဦးချင်းက အချိန်အားသလောက် ပါဝင်လုပ်ကိုင်နိုင်သလို တခြား စိတ်သဘောတူသူတွေနဲ့ ပေါင်းစုပြီး အဖွဲ့အစည်းနဲ့လည်း လုပ်ကိုင်နိုင်တယ်။


ဥပဒေ၊ မူဝါဒ အပြောင်းအလဲတွေဖြစ်ဖို့ တိုက်တွန်းနှိုးဆော်ခြင်း - ကိစ္စတစ်ရပ်၊ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်လို့ ဥပဒေတွေ၊ မူဝါဒတွေ အပြောင်းအလဲဖြစ်လာမှ ရေရှည်အဆင်ပြေမယ့် ကိစ္စတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ ဒီမိုကရေစီ ထွန်းကားချိန်တွေဆိုရင် ကိုယ့်ရပ်ရွာက ရွေးကောက်တင်မြှောက်ထားတဲ့ ဥပဒေပြုအမတ်တွေကို စာရေးသားပေးပို့တာ၊ ဆန္ဒထုတ်ဖော်ပြသရာမှာ ပါဝင်တာ စသဖြင့် နည်းလမ်းတွေ ရှိတယ်။ အခြေခံကျတဲ့၊ ရေရှည်တည်တံ့မယ့် အပြောင်းအလဲတွေ ဖြစ်လာဖို့ ကြိုးစားရတဲ့အခါ အမြဲတမ်းတော့ လွယ်ကူချောမောနေမှာ မဟုတ်ဘူး။ ဇွဲနပဲနဲ့ လုပ်ရတာ၊ စိတ်ရှည်ရတာ၊ သိမြင်နားလည်မှု ကျယ်ပြန့်ပြီး ရှုထောင့်ပေါင်းစုံက တွေးတောတတ်တာတွေ လိုအပ်တယ်။ တစ်ယောက်တည်းလုပ်တာထက် အစုအဖွဲ့နဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ဖို့လိုအပ်လာနိုင်တယ်။ နိုင်ငံရေးနဲ့သက်ဆိုင်တာတွေရော၊ မသက်ဆိုင်တာတွေပါ ရှိနိုင်ပါတယ်။


လူမှုကွန်ရက် - ခုခေတ်မှာတော့ လူမှုကွန်ရက်ဟာ ပြည်သူ့နိုးကြားပါဝင်မှုအတွက် အတော့်ကို တွင်ကျယ်ခေတ်စားတဲ့ နည်းလမ်းတစ်ရပ်၊ ကိရိယာတစ်ခု ဖြစ်နေတော့တာပဲ။ လူတွေအချင်းချင်းကြားမှာ ဘယ်သူက ဘယ်လိုအယူအဆရှိလဲ သိနိုင်တယ်။ သတင်းအချက်အလက်တွေ၊ စိတ်ကူးစိတ်သန်းတွေလည်း ဖလှယ်နိုင်တယ်။ ကိစ္စတစ်ခုနဲ့ပတ်သက်လို့ လူတွေ သိမြင်နားလည်လာအောင်၊ အရေးတယူရှိလာအောင် လူမှုကွန်ရက်ပေါ်မှာ လုပ်နိုင်တယ်။ တစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ အုပ်စုတွေဖွဲ့ပြီးတော့ဖြစ်ဖြစ် လုပ်နိုင်တာပါပဲ။ လူမှုကွန်ရက်ဟာ ပြည်သူ့နိုးကြားပါဝင်မှုအတွက် သုံးတတ်ရင်ဆေးပဲ။ မသုံးတတ်ရင်တော့ အမှားတွေကို အမှန်ထင်တာ၊ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင် ငါတို့ကတော့ ဘယ်အခြမ်းမှာပဲ နေတော့မယ်ဆိုပြီး ‌သွေးခွဲရန်တိုက်တာတွေကတော့ လူမှုကွန်ရက်ကို မသုံးတတ်လို့ ဘေးဖြစ်လာနိုင်တဲ့ ကိစ္စတွေပဲ။


ပြည်သူ့နိုးကြားပါဝင်မှုဆိုတဲ့ထဲမှာ တခြားနည်းလမ်းတွေလည်း အများကြီး ရှိသေးတာပေါ့။ တကယ်တော့ စကားလုံးကသာ စိမ်းနေတာ၊ လုပ်ကိုင်ဆောင်ရွက်ရတဲ့ သဘောတရားကတော့ ဘာမှ မဆန်းပါဘူး။ ကိုယ့်ရဲ့ ပြောဆိုလုပ်ကိုင် နေထိုင်မှုတွေကို ပြည်သူ့နိုးကြားပါဝင်မှုသဘောနဲ့ ချိတ်ဆက်နားလည်ကြည့်လို့ရအောင် ဥပမာတစ်ချို့ကို ဆွေးနွေးလိုက်တာပါ။ ဒီဥပမာတွေကိုကြည့်ရင် ပြည်သူ့နိုးကြားပါဝင်မှုထဲမှာ တစ်ဦးချင်းလုပ်ကိုင်နိုင်တာတွေ ရှိသလို၊ အများနဲ့ စနစ်တကျ စုဖွဲ့လုပ်ကိုင်ရတာတွေကို တွေ့ရပါလိမ့်မယ်။ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်တာတွေ ရှိနိုင်သလို၊ နိုင်ငံရေးနဲ့ ထွေးရောယှက်တင်ရှိနေတာတွေလည်း တွေ့ရနိုင်ပါတယ်။


၁၉၆၀ ပြည့်လွန်နှစ်တွေဝန်းကျင်က ဂေဘရီယယ်လ် အေဘရာဟမ် အာမွန်နဲ့ ဆစ်ဒနီ ဗာဘာဆိုတဲ့ ပညာရှင်နှစ်ဦးက နိုင်ငံငါးခုက ပြည်သူတွေဟာ ပြည်သူ့နိုးကြားပါဝင်မှုနဲ့ပတ်သက်လို့ လေ့လာပြီး ပြည်သူ့ယဉ်ကျေးမှု / နိုင်ငံကြီးသားတို့၏ဓလေ့ (Civic Culture) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ပြုစုခဲ့ကြတယ်။ ဒီဂ္ဂိုလ်နှစ်ဦးက ဒီမိုကရေစီ နိုင်ငံရေး အခင်းအကျင်းတွေမှာ မွေးမြူသင့်တဲ့ အထိရောက်ဆုံး နိုင်ငံရေးယဉ်ကျေးမှုကို ရှာဖွေဖော်ထုတ်ခဲ့ကြတာပါ။ နိုင်ငံရေးယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ယေဘုယျအမျိုးအစားသုံးခုကို သူတို့က ဖော်ထုတ်သတ်မှတ်ခဲ့ကြတယ်။


နိုးကြားပါဝင်သူ နိုင်ငံရေးယဉ်ကျေးမှု (participant) - ဒီအမျိုးအစားထဲမှာ နိုင်ငံသားတွေဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ သေချာဂရုတစိုက် အလေးပေးကြသူတွေဖြစ်ပြီး လူအများရဲ့ နိုင်ငံရေးမှာပါဝင်မှုဟာ လိုလားထိုက်တဲ့တယ်၊ ထိရောက်မှုရှိတယ်လို့ ယူဆကြတယ်။


အပြုခံ နိုင်ငံရေးယဉ်ကျေးမှု (subject) - ဒီအမျိုးအစားထဲမှာတော့ လေးကန်ဖင့်နှေးတဲ့ နိုင်ငံသား အမျိုးအစားတွေ ရှိကြပြီး အစိုးရကိစ္စတွေမှာ ဩဇာလွှမ်းမိုးနိုင်လောက်အောင် အစွမ်းအစမရှိဘူးလို့ သူတို့ကိုယ်သူတို့ ရှုမြင်ကြသူတွေဖြစ်တယ်။


နွားခြေရာခွက် နိုင်ငံရေးယဉ်ကျေးမှု (parochial) - ဒီအမျိုးအစားကတော့ နိုင်ငံသားတစ်ယောက်ရဲ့ သဘောသဘာဝမျိုး ကင်းမဲ့နေတယ်။ နိုင်ငံတစ်ခုလုံးအတိုင်းအတာနဲ့ မမြော်မြင်နိုင်ဘဲ ကိုယ့်အရပ်ဒေသက လူတွေလောက်အထိပဲ ရှုမြင်နိုင်သူတွေဖြစ်တယ်။ နိုင်ငံရေးမှာ ပါဝင်ဖို့ စိတ်ဆန္ဒရော စွမ်းရည်ပါ မရှိကြဘူး။


အဲဒီသုံးမျိုးထဲမှာ နိုးကြားပါဝင်သူ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အပြုခံ နိုင်ငံရေးယဉ်ကျေးမှုနှစ်မျိုးရဲ့ ကောင်းကွက်တွေကို ဟန်ချက်ညီညီ ပေါင်းစပ်နိုင်သရွေ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်တယ်လို့ အာမွန်နဲ့ ဗာဘာတို့ ပညာရှင်နှစ်ဦးက တွေ့ရှိခဲ့ကြတယ်။ (ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အလျဉ်းသင့်တဲ့အခါ သီးသန့် ဆက်ဆွေးနွေးပါဦးမယ်။) ဒီတွေ့ရှိမှုအခြေခံတွေကနေ နှောင်းပညာရှင်တွေဟာ ပြည်သူ့နိုးကြားပါဝင်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်တစား ဆက်လေ့လာခဲ့ကြပါတယ်။ ပြည်သူ့နိုးကြားပါဝင်မှုဟာ ဒီမိုကရေစီရဲ့ နှလုံးသည်းပွတ်ပါပဲ။


ပြည်သူ့နိုးကြားပါဝင်မှုဆိုတာ “ထမင်းသိုးဟင်းသိုး” နိုင်ငံသား၊ “ငပိရည်ဖျော်၊ ဆားရေခတ်” ပြည်သူ မဖြစ်လိုသူတွေအတွက်ပါပဲ။ ‌မကြာခင် ပြည်သူ့နိုးကြားပါဝင်မှုရဲ့ အကျိုးကျေးဇူးတွေအကြောင်း စကားဆက်ကြတာပေါ့။

2,444 views1 comment
bottom of page