top of page
အထွန်း

ပြည်သူနိုးကြားပါဝင်မှု - လမ်းတိုင်းကို ရွှေခင်းမထား

ပြည်သူပါမှ ပြည်သာယာမယ် - ၆ (နောက်ဆုံးအပိုင်း)


Burmese oxen carts in a celebration cross a creek

၂၀၂၀ ရွေးကောက်ပွဲကို စာဖတ်သူများ သတိရနေဦးမလား။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲမှာ မဲပေးတာက ထင်သာမြင်သာရှိတဲ့ ပြည်သူ့နိုးကြားပါဝင်မှု ဥပမာတစ်ခုပါ။ စာဖတ်သူဟာ ရွေးကောက်ပွဲမှာ စိတ်အားထက်သန်စွာနဲ့ မဲပေးခဲ့တဲ့သူတစ်ယောက် ဖြစ်နေမယ်ထင်ပါရဲ့။ ကိုဗစ်အန္တရာယ်ကြားက ကိုယ့်ဆန္ဒမဲတစ်ပြား အလဟဿမဖြစ်စေဖို့ မဲပေးခဲ့သူပေါင်းများစွာမှာ အမှတ်တရဖြစ်စရာ အဖြစ်အပျက်တွေ ရှိနေဦးမှာပဲ။ ဒါပေမဲ့ “ပျော်ရွှင်စွာနဲ့ အသက်ထက်ဆုံး နေထိုင်သွားကြလေသတည်း” ဆိုတဲ့ ဇာတ်သိမ်းကို မရခဲ့ဘူးလေ။


ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခံရပြီး အာဏာသိမ်းခံရတဲ့နောက်မှာ လမ်းမတွေပေါ်ထွက်၊ အိမ်ပေါ်ကနေ အိုးခွက်၊ သံပုံးတွေတီးခတ်ပြီး ဆန္ဒဖော်ထုတ်ပြသခဲ့တာတွေဟာလည်း မနေ့တစ်နေ့တုန်းကလို စိတ်ထဲ ပေါ်လာနိုင်သေးရဲ့။ ဒါဟာလည်း နောက်ထပ်ပြည်သူ့နိုးကြားပါဝင်မှု ဥပမာတစ်ခုပေါ့။ အဲဒီနောက်ကွယ်မှာ နိုးကြားတက်ကြွတဲ့ လူကြီး၊ လူငယ်၊ လူရွယ်ပေါင်းများစွာဟာ လိုလားဆန္ဒရှိတဲ့ တရားမျှတမှု၊ လွတ်လပ်မှုတွေ၊ မျှော်လင့်တောင့်တမှုတွေကိုအစား အိပ်မပျော်သောညများကိုသာ ရခဲ့ကြပါတယ်။ ဒီလို အခြေအနေတွေကို ကြုံရဖန်များတဲ့အခါ “ပြည်သူပါမှ ပြည်သာယာမယ်” ဆိုတာ ဟုတ်ရောဟုတ်ရဲ့လားလို့ သံသယတွေ ဝင်လာနိုင်ပါတယ်။


နိုင်ငံရေးဆိုင်ဆိုင် မဆိုင်ဆိုင်၊ တစ်ဦးချင်း ဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ဖြစ်ဖြစ် ပြည်သူနိုးကြားပါဝင်အောင် လုပ်ရတာ လွယ်ပါတယ်လို့ တစ်ယောက်ယောက်က ပြောရင်ဖြင့် ပြောတဲ့သူဟာ သိကြားမင်းတို့၊ စူပါမန်းတို့ ဖြစ်ချင်ဖြစ်၊ မဟုတ်ရင်တော့ ဖြီးနေတာပဲ ဖြစ်ပါလိမ့်မယ်။ နေ့ရှိသရွေ့ တစ်ဝမ်းဝ, တစ်ခါးလှဖို့ ရုန်းကန်ကြိုးစားနေရတဲ့ ပြည်သူတွေဖို့ “ပြည်သာယာဖို့ ပြည်သူပါမှရမယ်” ဆိုတဲ့အသံကြားရင် စိုင်းခမ်းလိတ်ရေးခဲ့တဲ့ စိတ်ညှို့ရှင် သီချင်းထဲကလို “ပြောတော့ဖြင့် အလွယ်ကလေး လိုက်လုပ်ဖို့ခက်သေး” ဆိုတဲ့သီချင်း ပြန်ဆိုပြရမလိုပဲ။


မြန်မာ့လူ့အဖွဲ့အစည်းမှာ လူသိများတဲ့ စာရေးဆရာတစ်ဦးက “နိုင်ငံရေးဆိုတာ အသည်းကွဲရပါတယ်ဗျာ” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ... ရှေ့မျိုးဆက်တွေမှာ ဘာကြောင့် အသည်းကွဲရတာလဲဆိုတဲ့ စိန်ခေါ်မှုတွေကို ဖော်ထုတ်ပြီး ဖြေရှင်းမှုတွေကို လုပ်ဆောင်နိုင်ရင် “ရပ်ရေးရွာရေးကနေ တိုင်းရေးပြည်ရာအထိမှာ အသည်းမကွဲစေတဲ့ ဆေး”ကို ဖော်စပ်ကုသနိုင်မှာ အမှန်ပါ။

ဆူးပြွမ်းသော ချုံနွယ်ပိတ်ပေါင်း


ပန်းခင်းသောလမ်းမတိုင်ခင် ဆူးချုံတွေဖြတ်ရတဲ့အပိုင်းလည်း ရှိတာပေါ့။ ယခင် “ပြည်သူပါမှ ပြည်သာယာမယ်” ဆောင်းပါးတွေမှာ ဆွေးနွေးခဲ့သလို ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရာတွေမှာ နိုးကြားပါဝင်လိုစိတ် နည်းပါးသူတွေကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတွေအထိ အဆင့်တိုင်းမှာ ပြည်သူ့နိုးကြားပါဝင်မှုကို ပိတ်ဆို့နေတဲ့ ဆူးချုံတွေက ဘာတွေလဲ။ ပြည်သူပါမှ ပြည်သာယာကြောင်းကို သိလျက်သားနဲ့ လက်တွေ့ မကျင့်ကြံနိုင်တာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလို့လဲ၊ ဘယ်လို ကျော်လွှားကြမလဲ ဆိုတာတွေ ဆက်ဆွေးနွေးကြပါစို့။


ဖော်ပြခဲ့တဲ့ ဆောင်းပါးများ


အမြင်လွဲမှားခြင်း

အာဏာပိုင်တွေ၊ နိုင်ငံတစ်ခုရဲ့ စနစ်ယန္တရားတွေဟာ ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပြီး ပြဿနာအခက်အခဲတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ မယုံရေးချမယုံတဲ့ နိုင်ငံသားပြည်သူတွေ အများအပြား ရှိကြပါတယ်။ အဲသလို နိုင်ငံသားပြည်သူတွေဟာ သူတို့ထင်မြင်ယူဆချက်တွေကို ဘယ်သူမှ တန်ဖိုးမထားဘူး၊ ဘယ်သူမှ နားထောင်မှာလည်းမဟုတ်ဘူးလို့ မြင်ကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးစနစ်တွေ၊ လုပ်ကိုင် ဆောင်ရွက်ပုံတွေကို အကျွမ်းတဝင် သိနားလည်မထားလေ ပြည်သူ့နိုးကြားပါဝင်မှုက အားနည်းလေပါပဲ။ အဲသလို သိနားလည်မှု၊ ကျွမ်းဝင်မှုမရှိတဲ့အခါ “နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူး” ဆိုတဲ့ အတွေးအခေါ်တွေ၊ အမူအကျင့်တွေကို မွေးမြူလိုက်ပြီး တိုင်းရေးပြည်ရာကိစ္စတွေမှာ ကိုယ်နဲ့မဆိုင်သလို သဘောထားကြပါတယ်။


အတားအဆီးများခြင်း

ပြည်သူနိုးကြားပါဝင်မှုဆိုတဲ့ လမ်းမကြီးက အမြဲဖြောင့်ဖြူးနေတာ မဟုတ်ပါဘူး။ တိုင်းရေးပြည်ရာကိစ္စတွေမှာ ဘယ်သူတွေ ဘယ်လိုပါဝင်ခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်တွေက သိုသိပ်၊ ရှုပ်ထွေး၊ တင်းကျပ်၊ နားလည်ရခက်နေရင် ဝင်ခဲ့ပါပြောပြီး တံခါးဖွင့်မရအောင် ကန့်လန့်ထိုးထားတာ၊ သော့ခတ်ထားတာနဲ့ တူနေပါလိမ့်မယ်။ နိုင်ငံတစ်ခုရဲ့ စနစ်ယန္တရားတွေက ပြည်သူ့နိုးကြားပါဝင်မှုကို စည်းအထပ်ထပ် တားထားတာဖြစ်နိုင်သလို နိုင်ငံသားပြည်သူတွေရဲ့ အရည်အချင်း၊ အစွမ်းအစနဲ့ ကျွမ်းကျင်မှု နည်းပါးတာကြောင့်လည်း အဟန့်အတားတွေကို ကြုံရနိုင်ပါတယ်။ ပြည်သူတွေမှာ ထိုးထွင်း‌ဝေဖန် တွေးခေါ်နိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ တိုက်တွန်းလှုံ့ဆော်နိုင်စွမ်း၊ ခေါင်းဆောင်နိုင်စွမ်းတွေ အားနည်းနေတာဟာလည်း အဟန့်အတားတစ်မျိုးပါပဲ။ ဒီလို အဟန့်အတားတွေရှိနေရင် လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုလူတွေကိုတော့ အလွယ်တကူ ပါဝင်ခွင့်ပေးထားပြီး ဘယ်သူတွေကိုတော့ မပါနိုင်အောင် ကန့်သတ်ထားတယ်ဆိုတဲ့ ခွဲခြားမှု၊ ဖယ်ကြဉ််မှု၊ သွေးခွဲမှုတွေဆီ ဦးတည်သွားမှာ ဖြစ်ပါတယ်။


အုပ်စုဖွဲ့ ရန်တိုက်ပေးခြင်း

ပြည်သူ့နိုးကြားပါဝင်မှုကို မှန်မှန်ကန်ကန် မကျင့်သုံးရင်တော့ လူ့အဖွဲ့အစည်းထဲမှာ အိမ်ကြက်ချင်း အိုးမည်းသုတ်ပြီး ခွပ်ခိုင်းတဲ့အခြေအနေတွေဆီ ရောက်သွားနိုင်ပါတယ်။ လွယ်လွယ်မြင်နိုင်တာကတော့ လူမှုကွန်ရက်ပေါ်က အငြင်းအခုံတွေလို အမြင်တစ်ခု၊ ရပ်တည်ချက်တစ်ရပ်အတွက် “ကြည်ကြည်သာသာ” ငြင်းခုံကြတာမဟုတ်တော့ဘဲ “ငါနဲ့မတူ ငါ့ရန်သူ” အဖြစ် သတ်မှတ်ကြတတ်ကြပါတယ်။ အဲဒီလိုသာ ဖြစ်သွားရင် သူနဲ့ကိုယ်နဲ့ကြားမှာ ဘဝချင်းတူနေတာတွေ၊ ရည်မှန်းချက်ချင်း တူညီနေတာတွေကိုတောင် မမြင်နိုင်ကြတော့ဘဲ တူးတူးခါးခါး ဖြစ်ကုန်ကြပါတယ်။ ရေရှည်မှာ အကျိုးရှိတဲ့ ဆွေးနွေးငြင်းခုံမှုတွေဆီ ဦးမတည်နိုင်တော့ဘဲ ပြည်သူ့နိုးကြားပါဝင်မှုကပဲ မကောင်းသလိုလို၊ အကျိုးမရှိသလိုလို မြင်ယောင်ယူဆသွားနိုင်ပါတယ်။


မနိုင်ဝန်ထမ်းရခြင်း

တက်ကြွနိုးကြားတဲ့ နိုင်ငံသားတွေ၊ ပြည်သူတွေမှာ မနိုင်ဝန်ထမ်းဖြစ်ကုန်တာဟာလည်း ပြည်သူ့နိုးကြားပါဝင်မှုရဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ လူ့အဖွဲ့အစည်းတိုင်းမှာ ပြဿနာပေါင်း သောင်းခြောက်‌ထောင် ရှိကြစမြဲပါ။ အဲဒီပြဿနာတွေဟာ တစ်ခုနဲ့တစ်ခုလည်း ဆက်စပ်နေတတ်ကြသေးတယ်။ ဥပမာ - စစ်ဘေးရှောင်တွေအတွက်၊ ရေဘေးဒုက္ခသည်တွေအတွက်၊ လူကုန်ကူးခံရသူတွေအတွက်၊ မိဘမဲ့ကလေးတွေအတွက်၊ သဘာဝပတ်ဝန်းကျင်အတွက်၊ အမျိုးသမီးအခွင့်အရေးအတွက် စသဖြင့် ခေါင်းစဉ်ပေါင်းများစွာ၊ ကိစ္စရပ်ပေါင်းများစွာကို ဖြေရှင်းနိုင်ဖို့ကြိုးစားရင်း အလုပ်တွေများ၊ ပြောင်းလဲတိုးတက်မှုက နှေးနှေးနဲ့ နည်းနည်း၊ စိတ်ပင်ပန်းမှုတွေ သောကတွေက ဖိစီးနဲ့ ကြာလေလေ နာလန်မထူနိုင်လေ ဖြစ်ကြတတ်ပါတယ်။ တစ်ကိုယ်ရေ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းမှုကတစ်ဖက်၊ တက်ကြွနိုးကြားသူတစ်ဦးဖြစ်ဖို့ အားထုတ်ရတာကတစ်ဖက် ဟန်ချက်ညီအောင်ထိန်းထားနိုင်ဖို့ဟာ စိန်ခေါ်မှုကြီး ဖြစ်လာပါလေရော။ သာမန်ပြည်သူတစ်ယောက်ဟာ အဲသလို မနိုင်ဝန်ထမ်းနေရသူ ထက်သန်နိုးကြားတဲ့ နိုင်ငံသားတွေကိုကြည့်ရင်း ရင်မောပြီး ကိုယ်တိုင်နိုးကြားပါဝင်ဖို့ တွန့်ဆုတ်သွားနိုင်ပါသေးတယ်။


မလိုလားအပ်သော အကျိုးဆက်များကို ကြောက်ရခြင်း

ကိုယ့်လူ့အဖွဲ့အစည်းက ပြည်သူ့နိုးကြားပါဝင်မှုကို ကြိုဆိုတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် တော်သေးရဲ့။ တချို့လူ့အဖွဲ့အစည်းတွေမှာ နိုးကြားထက်သန်တဲ့ နိုင်ငံသားတွေအတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာတာတွေ ကြုံရတတ်ပါတယ်။ မတရားမှုတစ်ခုကို ဖော်ထုတ် ထောက်ပြတဲ့အခါ အာဏာပိုင်တွေ၊ ငွေကြေးနဲ့ နောက်လိုက်နောက်ပါများသူတွေနဲ့ သက်ဆိုင်နေရင် ခြိမ်းခြောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုတွေ ကြုံရမှာကြောက်ကြတာကတော့ လူ့သဘာဝပါပဲ။ ဒါကြောင့်လည်း လူတွေဟာ ကိုယ်ထုတ်ပြောချင်တာတွေကို မျိုသိပ်ထားရလွန်းလို့ ဒီမိုကရေစီဟာ အလွယ်တကူ မသီးမပွင့် ဖြစ်လာရတာပါ။


ထင်သာမြင်သာ သက်ရောက်မှုမဲ့ခြင်း

ရပ်ရေးရွာရေးကနေ တိုင်းရေးပြည်ရာအထိ ကိစ္စတွေမှာ နိုင်ငံသားပြည်သူတွေက နိုးနိုးကြားကြား ပါဝင်ကြတဲ့ကြားက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးသက်ရောက်မှု မတွေ့မမြင်ရတဲ့ကိစ္စမျိုးတွေလည်း ရှိပါတယ်။ မြေပြင်မှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ မူဝါဒတွေကို ပြုပြင်ပြောင်းလဲယူရ၊ ဆုံးဖြတ်ချက်တွေ ပြောင်းလဲချမှတ်လိုက်ပေမယ့် အသီးအပွင့်တွေ ချက်ချင်းခံစားရတာမဟုတ်ဘဲ အချိန်ယူရတာတွေ ရှိပါတယ်။ တစ်ဆင့်ချင်းပြောင်းလဲတာတွေကြောင့် အကျိုးသက်ရောက်မှုတွေက ထင်သာမြင်သာမပေါ်တာလည်း ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အပြောင်းအလဲတွေ လုပ်နေပေမယ့် ပြည်သူတွေအကြားမှာ တိုးတက်ဖြစ်ထွန်းမှုတွေကို မသိလိုက်၊ မကြားလိုက်၊ သတိမထားမိလိုက်တာတွေလည်း ဖြစ်နိုင်တယ်။ ဒီအခါမှာ နိုးကြားပါဝင်သူ နိုင်ငံသားပြည်သူတွေက စိတ်ပျက်လက်ပျက်ဖြစ်၊ ခြေကုန်လက်ပန်းကျသွားတဲ့နောက် သူတို့ ပါဝင်အားထုတ်မှုက ဘာအကျိုးရှိလို့လဲဆိုပြီး သံသယဝင်လာကြပါတယ်။ ဒီအခြေအနေဟာလည်း ပြည်သူ့နိုးကြားပါဝင်မှုရဲ့ စိန်ခေါ်မှုတစ်မျိုးပါပဲ။


အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး


တင်ပြခဲ့တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ အခြေခံကျကျ ဖြေရှင်းရမယ့်အချက်တချို့ကို ဆက်ဖော်ပြပါဦးမယ်။ အဲဒါတွေကတော့ ...


အသိပညာပေး စွမ်းရည်မြှင့်တင်ခြင်း

နိုင်ငံသားပြည်သူတွေကို သူတို့ရရှိခံစားထိုက်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ ပြည်သူနိုးကြားပါဝင်မှု အရေးကြီးပုံအကြောင်းတွေကို အသိပညာပေးတဲ့ အစီအစဉ်တွေမှာ ငွေအားလူအား စိုက်ထုတ်သုံးစွဲဖို့ လိုပါတယ်။ ဒီလိုပညာပေးမှုတွေဟာ အရွယ်ရောက်ပြီး နိုင်ငံသားတွေအတွက် ရှိသင့်သလို မျိုးဆက်သစ်တွေ သိရှိနားလည်နိုင်ဖို့ စာသင်ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ခန်းစာတွေ၊ လှုပ်ရှားမှုတွေအဖြစ် အရွယ်အလိုက် အခြေခံကျကျ လေ့လာနားလည်နိုင်အောင် လုပ်ဆောင်ရမှာပါ။ ဒါ့အပြင် ပြည်သူတွေ မှန်ကန်တဲ့ ဆုံးဖြတ်ရွေးချယ်မှုတွေ လုပ်နိုင်ဖို့အတွက် သတင်းအချက်အလက်တွေ ရရှိနိုင်အောင် လုပ်ပေးရမယ်။ ပြည်သူ့ရေးရာ မူဝါဒတွေကို လွယ်လွယ်ကူကူ နားလည်နိုင်အောင် လုပ်ပေးရမယ်။ အာဏာရနေသူတွေ၊ ရွေးကောက်ပွဲဝင်သူတွေ၊ နိုင်ငံရေးသမားတွေ မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်ရဲ့လားဆိုတာ ဘက်မလိုက်တဲ့ သတင်းတွေကို ရရှိနိုင်ရမယ်။


ပြည်သူ့နိုးကြားပါဝင်မှုကို ရိုးရှင်းလွယ်ကူစေခြင်း

ပြည်သူတွေရဲ့ နိုးကြားပါဝင်မှု လွယ်ကူဖြောင့်ဖြူးစေမယ့် လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်။ ဥပမာ - ရွေးကောက်ပွဲမှာ မဲပေးခွင့်ရစေဖို့ လိုအပ်တဲ့ စာရွက်စာတမ်း အချက်အလက်နဲ့ လုပ်ကိုင်ပုံအဆင့်ဆင့်ဟာ ဘယ်သူ့အတွက်မဆို အပန်းမကြီးတဲ့၊ ခက်ခက်ခဲခဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်စရာမလိုဖို့ သတ်မှတ်ပေးရမယ်။ ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရမယ့် အုပ်ချုပ်ရေးဆိုင်ရာ ဗျူရိုကရေစီ ယန္တရားတွေမှာ ဘော်လီဘောကစားတာတွေကို ရပ်ပစ်ရမယ်။ နိုင်ငံရေးနဲ့ အစိုးရယန္တရားမှာ ပါဝင်နေသူတွေရဲ့ ရာထူးအာဏာ အလွဲသုံးစားလုပ်တာတွေ၊ မထိရောက်တာတွေကို ကာကွယ်နိုင်ဖို့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိစေမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတာ၊ ပြည်သူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က ထောက်ပြဖော်ထုတ်၊ ဝေဖန် အကြံပေးတာတွေကို ကာကွယ်ပေးတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိကြောင်း ပြည်သူတွေသိလေ ရဲရဲဝံ့ဝံ့ နိုးကြားပါဝင်နိုင်လေ ဖြစ်လာမှာပါ။ ခုခေတ်မှာဆိုရင် နည်းပညာကို အသုံးပြုပြီး ပြည်သူတွေ တန်းတူညီညာ ပါဝင်နိုင်တဲ့၊ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်နိုင်တဲ့ နည်းလမ်းတွေကိုပါ ချဲ့ထွင်အသုံးပြုရမှာပေါ့။


တိုင်းကြီးပြည်ကြီးသားပီသတဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို အားပေးခြင်း

အများနဲ့သက်ဆိုင်တဲ့ အကြောင်းကိစ္စကြီးငယ်ကို ဆွေးနွေးငြင်းခုံကြရာမှာ အပြင်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် ငါ့စကားနွားရ၊ ဗိုလ်ကျအနိုင်ယူ ပြောဆိုငြင်းခုံတာထက် တစ်ဖက်ကပြောဆိုတဲ့အချက်တွေကို ဂရုတစိုက် အလေးအနက်ထား ထည့်စဉ်းစားတဲ့ အလေ့အထရှိဖို့ ပျိုးထောင်ပေးရပါမယ်။ ဒီတော့မှသာ ကိစ္စရပ်တစ်ခုကို အတ္တတွေဘေးချိတ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ၊ ထောင့်စေ့စေ့သုံးသပ်အဖြေရှာနိုင်မှာပါ။ လူ့အဖွဲ့အစည်းတိုင်းမှာ နိုးကြားပါဝင်တဲ့ ပြည်သူတွေဖြစ်ဖို့ အခွင့်မသာသူတွေ ရှိကြစမြဲပါ။ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ၊ လူနည်းစုဝင်တွေ၊ ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်သူတွေ စသဖြင့် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတွေဟာ သူတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ထုတ်ဖော်ပြောဆိုခွင့် မသာကြပါဘူး။ ဒါကြောင့် သူတို့ပါဝင်နိုးကြားမှုအတွက် တန်းတူညီမျှအခြေအနေတွေဖြစ်လာအောင် ဖန်တီးပေးတာ၊ လေ့ကျင့်ပေးတ၊ ပံ့ပိုးပေးတာတွေ လိုအပ်ပါတယ်။ စုံလင်ကွဲပြားတဲ့ လူ့အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေ၊ ကိုယ်ချင်းစာမှုတွေ ရရှိလာဖို့ရှေးရှုပြီး စုစည်းပေးတဲ့ အားထုတ်ဆောင်ရွက်မှုတွေကိုလည်း အားပေးရမှာပါ။


ဖော်ပြခဲ့တဲ့ အခြေခံကျတဲ့ ဖြေရှင်းမှုသုံးရပ်အပြင် ပဋိပက္ခတွေ၊ မလုံခြုံမှုတွေကို နေ့စဉ်ဘဝမှာ ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်းတွေမှာ ပြည်သူနိုးကြားပါဝင်မှုတွေ ရပ်တန့်မသွားဖို့လည်း ထည့်သွင်းစဉ်းစားရပါမယ်။ ထက်သန်နိုးကြားတဲ့ နိုင်ငံသားပြည်သူတွေဟာ ပြဿနာအရပ်ရပ်၊ စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်နေကြရသူတွေဖြစ်လို့ သူတို့တွေရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနေဖို့ လိုပါတယ်။ သူတို့ရင်ဆိုင်နေရတဲ့ စိတ်မွန်းကျပ်မှု၊ ဖိအားတွေနဲ့ စိုးရိမ်သောကတွေ သက်သာလေ ပိုပြီး အများအကျိုးကိုဆောင်နိုင်လေဖြစ်တာကြောင့် နှစ်သိမ့်ဆွေးနွေးတာတွေ၊ စိတ်ကျန်းမာရွှင်လန်းမှုရှိစေတဲ့ အစီအစဉ်တွေ၊ အချင်းချင်းရင်ဖွင့်ပြီး လိုအပ်တာတွေ ကူညီပံ့ပိုးပေးနိုင်တဲ့ ချိတ်ဆက်မှုတွေ ဖန်တီးပေးပြီး ကျော်လွှားကြရမှာ ဖြစ်ပါတယ်။


မြန်မာ့လူ့အဖွဲ့အစည်းမှာ လူသိများတဲ့ စာရေးဆရာတစ်ဦးက “နိုင်ငံရေးဆိုတာ အသည်းကွဲရပါတယ်ဗျာ” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ပြည်သူ့နိုးကြားပါဝင်မှုကနေ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ဟာ ခေတ်အဆက်ဆက် မျိုးဆက်အသီးသီးရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ အခက်အခဲတွေ ရှိနေတာကြောင့်ပဲ ပန်းတိုင်ဟာလည်း ပိုပြီး အဓိပ္ပါယ်လေးနက်လာရတာပါ။ ဒီအတွက် ရှေ့မျိုးဆက်တွေမှာ ဘာကြောင့် အသည်းကွဲရတာလဲဆိုတဲ့ စိန်ခေါ်မှုတွေကို ဖော်ထုတ်ပြီး ဖြေရှင်းမှုတွေကို ကိုယ်ထိလက်ရောက် လုပ်ဆောင်နိုင်ရင် “ရပ်ရေးရွာရေးကနေ တိုင်းရေးပြည်ရာအထိမှာ အသည်းမကွဲစေတဲ့ ဆေး”ကို ဖော်စပ်ကုသနိုင်မှာ အမှန်ပါ။


ရှေးတချိန်က ရေဒီယိုအစီအစဉ်တစ်ခု အသံလွှင့်တင်ဆက်ခဲ့သူ ဆရာကြီး ဦးဂုဏ်ဘန်ရဲ့ စကားနဲ့ပဲ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။


“သုမင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်ထိလက်ရောက် တိုင်းကျိုးပြည်ကျိုး သယ်ပိုးဆောင်ရွက် အမြဲအောင်မြင်တော်မူကြပါစေ...”

879 views5 comments

5 Comments


Guest
Nov 12, 2023

အောင်ပါစေ သပြေနုရွက်ဝေ ...

Like

Guest
Oct 19, 2023

နိုင်ငံရေးဟာ အသည်းကွဲရုံတင်မက အသက်ပါ ပေးနေကြရတုန်းပါ။

Like

Guest
Oct 19, 2023

အင်း ...ပြည်သူ့နိုးကြားမှုကတော့ သံပုံးတီးသံတွေကိုကြည့်ရင်မြင်မှာပါ။ ပြည်သူက နိုးကြားပါတယ်။ ဒါဆို ...

Like

Guest
Oct 19, 2023

ရှင်းပါတယ် လမ်းချင်းတူရင် လူချင်းတွေ့မှာပါ

Like

Guest
Oct 18, 2023

အားဖြစ်ရပါတယ်။ အရာမထင်တာ မရှိ။ ရေမှုန်လေးတွေမှာလည်း အင်အားရှိပေါ့။

Like
bottom of page