top of page

ပြည်သူနိုးကြားပါဝင်မှု - အများပေါင်းစည်းအား

ပြည်သူပါမှ ပြည်သာယာမယ် - ၅


hanging cotton bags once widely used by young students in Myanmar

“ရန်ရန်ချမ်း တစ်ခုခုသာဖြစ် ငါတို့ရမှာက အပြစ်၊ အားလုံးစုစည်းနေရင် ဘာမှမဖြစ်”

အခန်း ၇ သင်ခန်းစာ၊ အက်ဆစ်အဖွဲ့


ကိုယ်နဲ့ တန်ဖိုးထားမှုတွေ၊ တွေးခေါ်လုပ်ကိုင်ပုံ မတူသူတွေ၊ အန္တရာယ်ပေးနိုင်သူတွေရဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေကြောင့် မကြားချင်တာတွေ ကြားရ၊ မမြင်ချင်တာတွေ မြင်ရ ဘာကြောင့်ဖြစ်နေပါလိမ့်လို့များ တွေးမိပါသလား။ ဒါတွေကို ဘယ်တော့များမှ ကျော်လွှားနိုင်ပါ့မလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိလား။ အဖြေရှိပါတယ်။ အဲဒီအဖြေက ကိုယ့်ဆီမှာပဲ ရှိနေတာပါ။ နိုင်ငံရေးနဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ မဆိုင်တာတွေပဲဖြစ်ဖြစ် ပြည်သူတစ်ဦးချင်းရဲ့ နိုးကြားပါဝင်မှုဟာ ဘယ်နည်းဘယ်ပုံ သက်ရောက်တယ် ဆိုတာ အရင်တစ်ပုဒ်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်တော့ တစ်ဦးချင်းအားထက် ပေါင်းရုံးစုစည်းမှု နည်းလမ်းတွေနဲ့ နိုးကြားပါဝင်မှုကို ဘယ်လိုဖော်ဆောင်နိုင်ကြတယ်ဆိုတာ ဆွေးနွေးပါရစေ။


မာတင်လူသာကင်း ဂျူနီယာက “နောက်ဆုံးမှာ ငါတို့ရန်သူတွေက ဘာ‌ပြောခဲ့သလဲဆိုတာ မှတ်မိတော့မှာ မဟုတ်ပေမယ့် ငါတို့မိတ်ဆွေတွေက ‌ရေငုံနှုတ်ပိတ်နေခဲ့ကြတာကိုတော့ သတိရနေမှာပဲ” လို့ ပြောဖူးတယ်။

လှုပ်ရှားမှုနဲ့ ပါတီ


ပြည်သူ့နိုးကြားပါဝင်မှုလို့ ဆိုလိုက်တာနဲ့ တိုင်းရေးပြည်ရေး နိုင်ငံရေးကိစ္စတွေကို အရင်ဆုံးပြေးမြင်မိကြမှာ သေချာပါတယ်။ တစ်ဦးချင်းစီ နိုးကြားပါဝင်ဆောင်ရွက်ရတဲ့အခါ ဘေးအန္တရာယ်တွေ၊ စိန်ခေါ်မှုကို ရင်ဆိုင်ရနိုင်တာ မဆန်းလှပါဘူး။ ဒါပေမဲ့ အများနဲ့ စုပေါင်းဆောင်ရွက်တဲ့အခါ စနစ်တကျ ပြင်ဆင်ထားနိုင်တဲ့အတွက် ဖြစ်လာနိုင်တာတွေကို ကြိုတင်တွက်ဆ ရှောင်ရှားနိုင်သလို အကျိုးသက်ရောက်မှုလည်း ပိုကြီးမားပါတယ်။ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်အတွင်းက ၁၉၂၀ ပြည့်နှစ် အမျိုးသားသပိတ်အပြီးမှာ အမျိုးသားကျောင်းတွေ၊ အမျိုးသားကောလိပ်တွေ ထူထောင်ခဲ့ကြတာဟာ စုပေါင်းပါဝင်နိုးကြားမှု ဥပမာကောင်းတစ်ခုပါပဲ။ ဒီလို စုပေါင်းလုပ်ကိုင်မှုကြောင့် သပိတ်မှောက် ကျောင်းသားတစ်ဦးချင်းအတွက် ပညာရေးအခွင့်အလမ်းတွေ မဆုံးရှုံးရစေဖို့ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝံသာနုလှုပ်ရှားမှုဆိုပြီး အင်္ဂလိပ်ထုတ်ကုန်တွေ အသုံးမပြုဘဲ ပြည်တွင်းဖြစ်တွေကို ဝယ်ယူ အားပေး သုံးစွဲခဲ့တဲ့ လှုပ်ရှားမှု၊ ဗြိတိသျှကိုလိုနီလက်အောက် အိန္ဒိယမှာ မဟတ္တမဂန္ဓီရဲ့ ဆားချီတက်ပွဲတွေဟာ ထင်ရှားတဲ့ စုပေါင်းနိုးကြားပါဝင်မှု ဥပမာတွေပါပဲ။


ဒီလို အချိန်အခါ အခြေအနေအရ နိုင်ငံရေးမှာ စုပေါင်းပါဝင်နိုးကြားမှုတွေရှိသလို ဒီမိုကရေစီထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ နိုင်ငံရေးပါတီတွေဟာ စုပေါင်းပါဝင်နိုးကြားမှုကို ‌ကျင့်သုံးနိုင်တဲ့ ပလက်ဖောင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ မူဝါဒတွေဟာ အဲဒီပါတီ ‌ရွေးကောက်ပွဲ အောင်မြင်ချိန်မှာ နိုင်ငံရဲ့ မူဝါဒတွေအဖြစ် ‌အသက်ဝင်လာတာပါ။ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ ပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ နယ်ပယ်ကဏ္ဍအသီးသီးကအခက်အခဲတွေ၊ လိုအပ်ချက်တွေကို ပါတီ မူဝါဒထဲ ထည့်သွင်းပြီး ရွေးကောက်ပွဲမှာ ဘယ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်လို့ ပါတီတွေက စည်းရုံးနိုင်ကြပါတယ်။ နိုင်ငံရေးပါတီတွေဟာ ခိုင်မာအားကောင်းလေ၊ နိုင်ငံ့ပြဿနာတိုင်းကို မူဝါဒတွေနဲ့ ရပ်တည်ချက်တွေနဲ့အညီ ကိုင်တွယ်နိုင်လေဖြစ်လို့ သာမန် (တစ်သီးပုဂ္ဂလ) နိုင်ငံရေးသမားတွေထက် မူဝါဒတွေကို ကျယ်ပြန့်ထိရောက်အောင် ကိုင်တွယ်နိုင်ကြပါတယ်။


အများအကျိုးဆောင် ကိုယ့်အကျိုးအောင်


အဲသလောက်ထိ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ နိုင်ငံရေးကိစ္စတွေကို အချိန်မပေးနိုင်ကြရင်ရော။ လူတစ်ဦးချင်းစီက ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အကိုင်၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ၊ သမဂ္ဂတွေ ဖွဲ့စည်းနိုင်ကြပါတယ်။ ငါးသားမွေးမြူထုတ်လုပ်သူများအသင်း၊ ‌ဆန်စပါးကုန်သည်များအသင်း၊ လယ်သမားသမဂ္ဂ၊ ကာတွန်းပညာရှင်များ အသင်း၊ ကွန်ပျူတာပညာရှင်များအသင်း၊ ဆရာဝန်များအသင်း၊ အထည်ချုပ်စက်ရုံ အလုပ်သမားများသမဂ္ဂ၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ စသဖြင့် အဖွဲ့အစည်းတွေ မျိုးစုံရှိတာ ကြားဖူးကြမှာပါ။ ဒီလို လုပ်ငန်းတူသူတွေ ပူးပေါင်းမိတဲ့အခါ အားလုံးကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လိုရှောင်ရှားရမလဲ၊ ပိုကောင်းလာဖို့ ဘယ်သူတွေနဲ့ ပြောဆိုညှိနှိုင်းရမလဲ၊ အားလုံးအကျိုးရှိမယ့် ကိစ္စတွေကို ဘယ်လိုလုပ်ကိုင်ကြမလဲ စသဖြင့် နည်းလမ်းရှာနိုင်ပါတယ်။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်စေတဲ့အပြင် ဂုဏ်သိက္ခာအားဖြင့်လည်း ပိုကြီးမားခန့်ညားလာပါတယ်။


ဒါ့အပြင် အရပ်ဘက်အဖွဲ့အစည်းတွေဟာလည်း ဒီနေ့ခေတ်ကမ္ဘာကြီးမှာ ပိုတွင်ကျယ်လာတဲ့ အများစုပေါင်း နိုးကြားပါဝင်မှု ပလက်ဖောင်းတစ်ခုပါပဲ။ အထူးသဖြင့် ပဋိပက္ခဖြစ်ပေါ်နေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ‘ကျားမ, မဟူ လူမှန်သမျှ’ ခွဲခြားဆက်ဆံမှုမပြုဘဲ လူသားချင်းစာနာကူညီမှုပေးဖို့၊ ဆင်းရဲတွင်းထဲက နိုင်ငံတွေ အတွက် လူ့အခွင့်အရေးနဲ့အညီ ဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ လိုအပ်လာပါတယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကစလို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ ကြီးမားလာခဲ့ပါတယ်။


လက်ရှိမြန်မာ့လူ့အဖွဲ့အစည်းမှာတော့ လူမှုကယ်ဆယ်ရေး အသင်းတွေ၊ သာရေးနာရေး အသင်းတွေ၊ ကုသိုလ်ဖြစ် ဆေးပေးခန်း၊ ပညာရေးဖောင်ဒေးရှင်း၊ စာကြည့်တိုက်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ လိင်ပေါ်အခြေခံတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ စသဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေကို ဥပမာအဖြစ် မြင်နိုင်ပါတယ်။ ဒီအဖွဲ့တွေဟာ သူတို့ဦးတည်ချက်၊ ရည်ရွယ်ချက် တွေအတိုင်း ရပ်ရွာလူ့အသိုင်းအဝိုင်းက လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ပါဝင်နေကြတာပါ။ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို တစ်ခုချင်းဖြေရှင်းလို့ မကုန်နိုင်အောင် များပြားတဲ့အခါ အစိုးရပိုင်းကနေ ကြီးမားတဲ့ဖြေရှင်းမှုတွေ လုပ်ဖို့အတွက် မူဝါဒအပြောင်းအလဲတွေ ဖြစ်လာအောင် တိုက်တွန်းနှိုးဆော်တဲ့ အလုပ်တွေကိုလည်း လုပ်ဖို့လိုအပ်လာပါတယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ စိတ်အား ထက်သန်သူတွေ၊ ကျွမ်းကျင်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ ပါဝင်ပြီး ရပ်ရွာ ဒါမှမဟုတ် နိုင်ငံတကာ အလှူငွေတွေကို လက်ခံရယူပြီး လုပ်ငန်းတွေ အကောင်အထည် ဖော်ကြပါတယ်။ (အဲသလို အရပ်ဘက် အဖွဲ့အစည်းတွေကို ဘယ်လိုထူထောင်ပြီး ဘာတွေလိုက်နာလုပ်ဆောင်သင့်တယ်ဆိုတာ လက်ရှိ “ပြည်သူပါမှ ပြည်သာယာမယ်” ဆောင်းပါးတွေ ပြီးစီးတဲ့အခါ ဆက်လက် ဖော်ပြပါဦးမယ်။)



အကျိုးကျေးဇူးနဲ့ စိန်ခေါ်မှု


အများစုပေါင်းပြီး လုပ်ကိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အဲဒီထဲက တချို့ကတော့ ...

  • အသံကျယ်လာမယ် - ရပ်ရွာအသိုင်းအဝိုင်းမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အရေးကိစ္စတွေကို လူတွေပိုပြီး ဂရုစိုက်မိလာမယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်အဖွဲ့အစည်းတွေက အရေးတယူ ဖြေရှင်းဖို့ အာရုံစိုက်လာမယ်။

  • ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေ ပေါ်လွင်လာမယ် - အများစုပေါင်းလုပ်ကိုင်တဲ့အခါ လူအား၊ ငွေအားနဲ့ လိုအပ်တဲ့အခန်းကဏ္ဍတွေကို အားဖြည့်လုပ်ကိုင်ပေးမယ့်သူတွေကို တွေ့ရနိုင်ပါတယ်။ အဲဒီလူတွေနဲ့ ပူးပေါင်းချိတ်ဆက်ပြီးလုပ်နိုင်စွမ်းတွေ တိုးတက်ပေါ်လွင်လာပါလိမ့်မယ်။

  • အစွမ်းအစသစ်တွေ ပေါ်လာမယ် - အများနဲ့ပူးပေါင်းဆောင်ရွက်တော့မှ မူလက ကိုယ့်မှာငုပ်နေတဲ့ အစွမ်းအစတွေ ပေါ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် - ခေါင်းဆောင်မှု၊ ဖျန်ဖြေညှိနှိုင်းမှု၊ ဆက်သွယ်ပြောဆိုမှု၊ စီမံခန့်ခွဲမှုစသဖြင့် အစွမ်းအစတွေဟာ အများအတွက်သာမက ကိုယ့်ပုဂ္ဂလိကဘဝတိုးတက်မှုအတွက်ပါ အရေးပါပြီး ဆက်အသုံးချသွားနိုင်ပါတယ်။

  • တူရာတူရာ စုမိလာမယ် - အများနဲ့ပေါင်းစည်းလုပ်ကိုင်ရင်း စိတ်တူကိုယ်တူရှိတဲ့သူတွေကို တွေ့လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဆက်ဆံမိဖို့မသေချာတဲ့သူတွေနဲ့ ပေါင်းသင်းမိပြီး စိတ်အားငယ်တာတွေ လွင့်စင်၊ စိတ်ခွန်အားတွေ တိုးပွားလာစေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန် ဖေးမထောက်ကူ ပေးနိုင်ကြမှာလည်း ဖြစ်ပါတယ်။


အများစုပေါင်းထားတဲ့ နိုးကြားပါဝင်မှုတွေဟာ အမြဲတမ်းတော့ ပန်းခင်းသောလမ်း မဟုတ်ပါဘူး။ စိန်ခေါ်မှုတွေ ရှိပါတယ်။

  • တစ်ယောက်တစ်ပေါက် - အစုအဖွဲ့ကြီးလာလေ ဘာကိုဦးစားပေးလုပ်မယ်၊ ဘယ်လိုမဟာဗျူဟာ နည်းဗျူဟာတွေ ကျင့်သုံးမယ်ဆိုတဲ့အပေါ် သဘောထားကွဲလွဲလေဖြစ်ရာက အတွင်းပိုင်းအားပြိုင်မှုတွေ အစိတ်စိတ်အမြွှာမြွှာကွဲတာတွေ ဖြစ်လာနိုင်တာ သတိထားရပါမယ်။

  • ဗျုရိုကရေစီ - အစုအဖွဲ့ကြီးလာတဲ့အခါ ရုံးကန္နားဆန်ဆန်လုပ်ကိုင်ရ၊ လုပ်ငန်းစဉ်တွေအတိုင်း လိုက်နာရတာတွေ များလွန်းပြီး ခရီးမတွင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗျူရိုကရေစီ ယန္တရားကို လိုအပ်သလောက် ချိန်ညှိလုပ်ကိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။

  • အချိန်နဲ့အာမခံချက် - အလုပ်တိုင်းမှာ အချိန်ပေးရတာ၊ တာဝန်ယူမှု တာဝန်ခံမှုတွေအတွက် အာမခံချက် ပေးရတာတွေ လိုအပ်ပါတယ်။ အစုအဖွဲ့တွေမှာ လူတစ်ဦးချင်းက တက်တက်ကြွကြွပါဝင်နိုင်ဖို့ဆိုရင် သူအားတော့ ကိုယ်မအား ဖြစ်တာမျိုးတွေ မကြာခဏ ကြုံရနိုင်ပါတယ်။ ဒါကြောင့် အချိန်ကိုစီမံခန့်ခွဲနိုင်ဖို့နဲ့ ဝန်နဲ့အားမျှဖို့ကို အမြဲသတိပြု ကြပ်မတ်သင့်ပါတယ်။

  • အစုအဖွဲ့ထဲ နစ်မွမ်းခြင်း - အများနဲ့စုဖွဲ့လုပ်ကိုင်ရာမှာ ကိုယ့်အမြင်၊ ကိုယ့်ယူဆချက်တွေကို ချိုးနှိမ် မျိုသိပ်မိတတ်ပါတယ်။ ကြာလာတာနဲ့အမျှ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ အယူအဆတွေကို ဝေဝါးပွန်းပဲ့ပြီး ဝေဖန်ပိုင်းခြားနိုင်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေ ပျောက်ဆုံးသွားနိုင်တာ သတိထားရပါမယ်။

  • အကျိုးစီးပွားပဋိပက္ခ - လူတိုင်းမှာ ကိုယ့်အကျိုးစီးပွားကို မဆုံးရှုံးချင်စိတ် ရှိကြတာပါပဲ။ ဒါပေမဲ အများနဲ့လုပ်ကိုင်တဲ့အခါ အများအကျိုးလိုလိုနဲ့ ကိုယ့်အကျိုးကိုယ် လုပ်မိတာတွေ ရှိလာတတ်တယ်။ ဒါဆိုရင် ရေရှည်မှာ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုတွေကို ထိခိုက်လာနိုင်ပါတယ်။ ဒီအတွက် ကိုယ်ရေးကိုယ်တာ ခံယူချက်တွေနဲ့ အားလုံးရဲ့ ရည်ရွယ်ချက်ကိုဖော်ဆောင်မှုတွေမှာ ချိန်ခွင်လျှာညှိပြီး လုပ်ကိုင်ကြဖို့ စဉ်းစားရပါမယ်။


ကြုံရနိုင်တဲ့ စိန်ခေါ်မှုတွေကို ကြိုသိထားမှ ဖြေရှင်းရမယ့်နည်းလမ်းတွေကို ကြိုပြင်ဆင်ထားနိုင်မှာပါ။


တကယ်လုပ်ရင် အဟုတ်ဖြစ်ပါ့မလား


အများပူးပေါင်းပြီး နိုးကြားပါဝင်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေက စိန်ခေါ်မှုတွေလည်း ရှိနေတာဆိုတော့ လက်တွေ့မှာ တကယ်လုပ်ရင် အဟုတ်ဖြစ်နိုင်ပါ့မလား။ ကိုယ့်အစွမ်းအစနဲ့ လုပ်လို့မှ ဖြစ်ပါ့မလား။ အများနဲ့ညှိရနှိုင်းရတာ ပိုပြီးအချိန်ကုန်လူပန်း မဖြစ်နိုင်ဘူးလား။ ဒီလိုမေးခွန်းပေါင်းများစွာ ခေါင်းထဲမှာ ဝင်လာပြီဆိုပါတော့။ ဒါဆိုရင် စာဖတ်သူဟာ နိုးကြားပါဝင်သူတစ်ဦးရဲ့ အရည်အချင်းတွေနဲ့ ပြည့်မီသူပါပဲ။ အများနဲ့ပေါင်းစည်းလုပ်ကိုင်လိုသူတွေ မဖြစ်မနေအကောင်အထည်ဖော်ရမယ့် အဆင့်တွေကို ဝေမျှပါရစေ။ ဒီအဆင့်တွေအတိုင်း လျှောက်လှမ်းရင်လူများပြီး ပွဲမစည်တာတွေကို ရှောင်ရှားပြီး ထိရောက်လာမှာ ဖြစ်ပါတယ်။


ခါးတောင်းကျိုက်မလွဲဖို့ သုတေသနလုပ် - အစုအဖွဲ့နဲ့ လုပ်ကိုင်တာတွေ မစခင်မှာ ဘယ်လို အဖွဲ့မျိုးဖြစ်သင့်လဲ၊ ဘာတွေကိုတန်ဖိုးထားရမလဲ၊ ဘယ်လိုရည်ရွယ်ချက်ပန်းတိုင်တွေ သတ်မှတ်မလဲ၊ ပန်းတိုင်ဆီရောက်အောင် ဘယ်နည်းလမ်းတွေအတိုင်း လုပ်ဆောင် အကောင်အထည်ဖော်ရမလဲ ဆိုတာ လေ့လာရှာဖွေ သုတေသနပြုပြီး သတ်မှတ်ထားမှဖြစ်မယ်။ ဒီလို မသတ်မှတ်ထားရင် ရည်ရွယ်ချက်က တစ်ခု၊ လုပ်ကိုင်မှုက တခြားဖြစ်ပြီး ခါးတောင်းကျိုက်တခြား ဟိုဒင်းတခြား ဖြစ်သွားနိုင်ပါတယ်။ ရေးသားသတ်မှတ်ထားတာတွေက ဆိုင်းဘုတ်တင်၊ နံရံပေါ်ကပ်၊ ချောင်ထိုး၊ ဖုန်တက်ခံဖို့မဟုတ်ပါဘူး။ လုပ်ဆောင်ချက်တိုင်းမှာ ပြန်စိစစ်ဖို့၊ လိုအပ်ရင် ပြောင်းလဲလာတဲ့ အခြေအနေတွေမှာ ပြင်ဆင်သတ်မှတ်ဖို့ ထည့်စဉ်းစားရမှာပါ။


ခြေလှမ်းမကျဲနဲ့ - ရည်ရွယ်ချက်ကြီးမားလွန်းရင် ပြင်ဆင်ရမှာ၊ စည်းရုံးရမှာ၊ အကောင်အထည် ဖော်ရမှာတွေ များလွန်းပြီး မနိုင်မနင်းဖြစ်တတ်တာ သတိထားရပါမယ်။ ဒါကြောင့်အလှမ်းကျယ် အလယ်မလပ်အောင် လက်တွေ့ကျကျလုပ်ကိုင်နိုင်တဲ့ ကိစ္စတစ်ခုခုကို အကောင်အထည် စဖော်ရမှာပါ။ ပထမဆုံးခြေလှမ်းမှာ အဆင်မပြေတာတွေကို သင်ခန်းစာယူပြင်ဆင်ပြီး အောင်မြင်တာတွေကို အသိအမှတ်ပြုရပါမယ်။ စုရုံးလုပ်‌‌ကိုင်မှုရဲ့အောင်မြင်ပုံတွေက လူအများကြား သိသာပေါ်လွင်ရင် ရှေ့ဆက်လုပ်ကိုင်ဖို့ စိတ်ဝင်စားလာကြမှာပါ။


ပါဝင်သူတိုင်း ကြားစေ၊ သိစေ - အစုအဖွဲ့လိုက် လုပ်ကိုင်တဲ့အခါမှ ပါဝင်လာသူတွေဟာ အစုအဖွဲ့ရဲ့ အင်အားဖြစ်ပါတယ်။ ဒါကြောင့် သူတို့အားလုံးဟာ အစုအဖွဲ့မှာ ဘာတွေရှေ့ဆက်လုပ်ဖို့ရှိတယ်၊ ဘယ်လိုတိုးတက်မှုတွေ၊ အဟန့်အတားတွေရှိတယ်၊ ဘာအခွင့်အရေးတွေရှိတယ် စသဖြင့် ပေးသိဖို့ လိုပါတယ်။ ပွင့်လင်းမြင်သာမှုရှိမှသာ ပါဝင်သူတိုင်းရဲ့ယုံကြည်မှုကိုရပြီး စုဖွဲ့မှုအားကောင်း ကျယ်ပြန့်လာမှာပါ။


မျိုသိပ်မထားပါနဲ့ - အများနဲ့လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အမြင်မတူတာတွေ ကြုံရမှာ သေချာပါတယ်။ ထင်မြင်ယူဆပုံနဲ့ အကြံဉာဏ်တွေ ဘယ်လောက်ပဲကွဲပြားပါစေ။ ထုတ်ပြောဖို့ ဝန်မလေးပါနဲ့။ မျိုသိပ်မထားပါနဲ့။ ပြောစရာရှိတာကို အကျိုးသင့်အကြောင်းသင့် ပြောနိုင်ပါမှ အားလုံး ဝိုင်းဝန်းစဉ်းစားပြီး အဖြေရှာနိုင်မှာပါ။ ဒီအတွက် တခြားသူတွေက အမြင်မတူတာတွေရှိရင် ပြောဖို့အားပေးရမှာဖြစ်သလို ကိုယ့်ဘက်က ပြောစရာရှိရင်လည်း အပြုသဘောဆောင်ပြီး ဆွေးနွေး တိုင်ပင်လိုက်ရင် ရလဒ်ကောင်းတွေ ဖြစ်လာမှာပါ။


လောကွတ်မချော်ပါနဲ့ - အများလုပ်ကိုင်ရပြီဆိုရင် ညှိနှိုင်းဆွေးနွေးစရာတွေ၊ တစ်တပ်တစ်အား ဝင်လုပ်ပေးရမှာတွေ ရှိလာပါပြီ။ ဒီအတွက်အချိန်ပေးရမှာပါ။ ဒါပေမဲ့ ကိုယ့်နေ့စဉ်ဘဝမှာ အလုပ်အကိုင်၊ ဝင်ငွေရှာဖွေမှု၊ မိသားစု၊ သာရေးနာရေး လူမှုရေးကိစ္စတွေအတွက်လည်း ဆက်အချိန်ပေးရမှာ ရှိပါသေးတယ်။ တစ်ဖက်မှာ အများပါဝင်ဆောင်ရွက်ဖို့ အချိန်ပေးလိုက်ရလို့ ကျန်တာတွေ ပျက်ကွက်သွားရင် ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အချိန်ပေးနိုင်တာ၊ ကိုယ်တာဝန်ယူနိုင်တာထက်ပိုပြီး လောကွတ်မချော်မိဖို့၊ အားမနာမိဖို့ သတိထားရမှာပါ။ ဒီတော့မှသာ အောင်မြင်တဲ့ အစုအဖွဲ့တစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းအားဖြည့်ရာ ရောက်နိုင်မှာပါ။


ဒါတွေဟာ နိုင်ငံရေးပါတီ၊ လူထုလှုပ်ရှားမှု၊ သက်မွေးဝမ်းကျောင်းအသင်းအဖွဲ့နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ထူထောင်လိုသူ၊ နိုးနိုးကြားကြားပါဝင်လိုသူတိုင်းအတွက် သတိချပ်ရမယ့် အခြေခံအဆင့်တွေပဲဖြစ်ပါတယ်။ မတူညီတဲ့ အခြေအနေနဲ့ စုဖွဲ့ပုံသဘာဝတွေအရ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နိုင်ပါတယ်။


နေစိမ့်တဲ့ မိတ်ဆွေတွေ


သူလိုကိုယ်လို ပြည်သူတွေအချင်းချင်းကို ပိုပြီးအားကိုးနေကြရမယ့်အခြေအနေတွေ လူ့အဖွဲ့အစည်းတစ်ခုမှာ ကြုံနေရပြီဆိုရင် ဘယ်သူလာ ကယ်လာနိုးနိုး မျှော်နေလို့ မပြီးပါဘူး။ ဒါနဲ့ပတ်သက်လို့ မာတင်လူသာကင်း ဂျူနီယာက “နောက်ဆုံးမှာ ငါတို့ရန်သူတွေက ဘာ‌ပြောခဲ့သလဲဆိုတာ မှတ်မိတော့မှာ မဟုတ်ပေမယ့် ငါတို့ မိတ်ဆွေတွေက ‌ရေငုံနှုတ်ပိတ်နေခဲ့ကြတာကိုတော့ သတိရနေမှာပဲ” လို့ ပြောဖူးတယ်။ နိုင်ငံရေးကနေ ရပ်ထဲရွာထဲမှာ ကိုယ့်ရဲ့နွေးထွေးပျူငှာတဲ့ လုပ်ဆောင်မှုတွေအထိ ပြည်သူတစ်ဦးချင်းစီက လျစ်လျူရှုမနေမိဖို့ လိုပါတယ်။ လျစ်လျူရှုနေရင်တော့ “နေစိမ့်တဲ့ မိတ်ဆွေတစ်ယောက်၊ ရေငုံနှုတ်ပိတ်နေတဲ့ လူတစ်ယောက်” အဖြစ် တစ်ချိန်မှာ တခြားသူတွေက ကိုယ့်ကို မြင်လာကြမှာပါ။


အပြောင်းအလဲအတွက် ပေါင်းစည်းအင်အားနဲ့ နိုးကြားပါဝင်မှုတွေကို လုပ်ဖြစ်အောင် လုပ်ကြပါစို့။ အက်ဆစ်အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ထဲက စာသားအတိုင်းပါပဲ။ “အားလုံးစုစည်းနေရင် ဘာမှမဖြစ်...” ပေါ့။

763 views4 comments
bottom of page