top of page

ပြည်သူနိုးကြားပါဝင်မှု - နိဒါန်း

ပြည်သူပါမှ ပြည်သာယာမယ် - ၁



၂၀၁၉ ခုနှစ်ဝန်းကျင်လောက်က မြန်မာနိုင်ငံအလယ်ပိုင်း၊ ညောင်ဦး‌မြို့မှာ ကျင်းပတဲ့ သင်တန်းလေးတစ်ခုမှာ ဒေသခံ မသန်စွမ်းပုဂ္ဂိုလ်တွေအများစုပါဝင်တက်ရောက်ခဲ့ကြတယ်။ လူသုံးဆယ်ဝန်းကျင်လောက်ဟာ သုံးရက်တိုင်တိုင် သူတို့ နားလည်ကျွမ်းဝင်ခွင့်မသာခဲ့ကြတဲ့ အကြောင်းအရာတွေကို အင်မတန်ပူပြင်းတဲ့ရာသီဥတုမှာ ခပ်ကျဉ်းကျဉ်းအခန်းလေးထဲ အားတက်သရော ဆွေးနွေးကြတယ်။ ဆွေးနွေးပို့ချချိန်တွေကြား ကော်ဖီသောက်၊ ခြေညောင်းလက်ဆန့်နေဖို့ ‌နားနေချိန်တစ်ခုမှာ သင်တန်းမှာ တက်ရောက်လာသူတစ်ယောက်က သင်တန်းစီစဉ်သူတွေကို စကားဆိုပါတယ်။


"ကျွန်တော် ဒီသင်တန်းကို ဒီလောက်အကျိုးရှိမယ်မထင်ခဲ့ဘူး၊ ကျွန်တော် ငယ်ငယ်က ထန်းပင်ပေါ်က လိမ့်ကျပြီး ခြေနှစ်ဖက်ဖြတ်ခဲ့ရတာပါ။ ကျွန်တော့်ကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ‌‌ဘီးတပ်ကုလားထိုင် လာလှူဖူးတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မသန်စွမ်းဖြစ်လို့ဆိုပြီး ရပ်ရွာကိစ္စ၊ နိုင်ငံကိစ္စ တတ်နိုင်သမျှ ပါဝင်ဖို့ ခုသင်တန်းက လာပြီး အားပေးတာကိုတော့ ကျွန်တော် ကျေးဇူးပိုတင်တယ်" တဲ့။


လူ့အဖွဲ့အစည်းတစ်ရပ်၊ ရပ်ရွာနိုင်ငံတစ်ခု ပိုကောင်းလာဖို့ အားတက်သရောရှိကြတဲ့ မြင်ကွင်းတွေဟာ ‌အပူပိုင်းဒေသမှာ တိုက်ခတ်သွားတဲ့ ‌လေညင်းလေးတစ်ချက်လိုပါပဲ။ အဲဒီလို စိတ်ဆန္ဒတွေဟာ အကောင်အထည်ပေါ်လာပြီဆိုရင်တော့ "ပြည်သူ့နိုးကြားပါဝင်မှု" လို့ ဆိုရမှာပါ။ လူတစ်ဦးချင်း၊ အစုအဖွဲ့တစ်ခုချင်းစီက ကိုယ့်ရပ်ရွာလူ့အဖွဲ့အစည်း ပိုကောင်းအောင်၊ တိုးတက်မှုတွေရှိလာအောင် အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြတာဟာ ပြည်သူ့နိုးကြားပါဝင်မှုပဲပေါ့။ အင်္ဂလိပ်လိုတော့ Civic Participation ဒါမှမဟုတ် Civic Engagement ပေါ့။


လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အဖွဲ့တော်သား


သာမန်အားဖြင့် ရပ်ထဲရွာထဲမှာ ကိုယ့်ဝမ်းရေး၊ ကြီးပွားတိုးတက်ရေးအတွက် အဓိကအချိန်ပေး လုပ်ကိုင်နေကြသူတွေရှိသလို ရပ်ရေးရွာရေးမှာ လက်မနှေးသူတွေ၊ မဖြစ်မနေ အချိန်ပေး အားတက်သရော လုပ်ကိုင်သူတွေလည်း ရှိကြပါတယ်။ ရပ်သူရွာသားတွေရဲ့ သာရေးနာရေးမှာ ငွေကြေးအကျိုးစီးပွား မမျှော်ကိုးဘဲ ကူညီတာ၊ စေတနာ့ဝန်ထမ်း လုပ်တာတွေဟာ နိုးကြားပါဝင်မှုပါပဲ။ ရပ်ရွာလူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် အဖွဲ့အစည်းတွေ စနစ်တကျ ထူထောင်ပါဝင်တာ၊ ရပ်ရွာပါဝင်နိုင်မယ့် အစီအစဉ်တွေ ချမှတ်တာ၊ အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ရှိသူတွေကို ပြည်သူ့လိုအပ်ချက်တွေအကြောင်း အသိပေးတိုက်တွန်းတာ၊ လှုံ့ဆော်စည်းရုံးတာတွေက ပြည်သူ့နိုးကြားပါဝင်မှုပါပဲ။ ရပ်မှုရွာမှုအဆင့်ကို ကျော်လွန်လို့ နိုင်ငံရေးဘက်နွယ်တဲ့ နိုးကြားပါဝင်မှုတွေထဲမှာ မဲဆန္ဒရှင်တွေရဲ့ ရပိုင်ခွင့်ကို အပြည့်အဝ အသုံးချတာ၊ နိုင်ငံရေးပါတီတွေ၊ လှုပ်ရှားမှုတွေမှာ ပါဝင်တာ စသဖြင့် ရှိပါသေးတယ်။


ပြည်သူ့စကား နာခံမှုရှိရှိလုပ်ရင်၊ တိုင်ပင်နှီးနှောပြီးလုပ်ရင် ကမ္ဘာကြီး ပူနွေးလာတာကအစ၊ ကူးစက်ရောဂါ‌ပျံ့နှံ့မှု အလယ်၊ ‌သီးနှံစိုက်ပျိုးမှုအဆုံး တိုးတက်မှုတွေ ရလာမှာပဲ။

ဒီလိုလုပ်ရုံနဲ့ ဘာတွေများ ပိုကောင်းလာမှာလဲ။ ပြည်သူတွေရဲ့ နိုးကြားပါဝင်မှုက လူ့အဖွဲ့အစည်းတစ်ရပ်၊ ရပ်ရွာနိုင်ငံတစ်ခုကို အကောင်းဘက် ပြောင်းလဲပေးနိုင်ပါ့မလားလို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ တကယ်တော့ ပြည်သူသည်သာ အခရာပါ။ ပြည်သူ့နိုးကြားပါဝင်မှုက အင်မတန် အ‌ရေးကြီးပါတယ်။


ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်ကတည်းက ပြောခဲ့တဲ့သူက ဂရိတွေးခေါ်ရှင် အရစ္စတိုတယ်ပဲ။ သူက “နိုင်ငံသားဆိုတာ သူဘယ်နေရာမှာ နေထိုင်တယ်ဆိုတာ ကြည့်ရုံနဲ့ နိုင်ငံသားဖြစ်တာမဟုတ်ဘူး။ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အဖွဲ့တော်သားအဖြစ် ရှိနေမှ နိုင်ငံသားပီသမယ်" တဲ့။


အဲဒီခေတ်က နိုင်ငံသားတွေဟာ မြို့ပြနိုင်ငံရဲ့ အစည်းအဝေးမှာ နိုင်ငံသားတွေအားလုံး ပါဝင်ကြရတယ်။ ပေါလစ် (Polis) လို့ခေါ်တဲ့ အေသင်တိုင်းရေးပြည်ရာ အစည်းအဝေးတွေက ဒီနေ့ခေတ်မှာတော့ မြို့ကောင်စီအစည်းအဝေးတို့၊ တရားစီရင်ရေးဌာနတို့လို လုပ်ငန်းသဘာဝ ရှိတာပေါ့။ ပေါလစ်တွေမှာ အေသင်နိုင်ငံသားတိုင်းက သတ်မှတ်ကာလတစ်ခုစီ အလှည့်ကျ ပါဝင်ကြရတယ်။ ဒီလို ပါဝင်ခွင့်ပြုတာဟာ နိုင်ငံသားတစ်ယောက်က ကိုယ့်အခန်းကဏ္ဍကနေ ထည့်ဝင်မျှဝေနိုင်ဖို့ အခင်းအကျင်းပဲ။ နိုင်ငံသားဆိုတာ တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်ရေးနဲ့ တရားမျှတမှုတို့အတွက် သူ့ဘက်က စွမ်းနိုင်သမျှ ဝေမျှပါဝင်သင့်တာပဲ။ ဒါတင်မကသေးဘူး။ "အကောင်းတကာ့ အကောင်းဆုံးကတော့ တိုင်းသူပြည်သားတွေရဲ့ ပါဝင်နိုင်ဖို့ အကြိုးစားဆုံး အစိုးရတွေကသာ အကောင်းဆုံးအစိုးရတွေပါ" လို့ အရစ္စတိုတယ်က ထပ်ပြောခဲ့သေးတယ်။


ဆက်ဆွေးနွေးမယ့် အကြောင်းအရာတွေ


သူက ပြောခဲ့ပေမယ့် ဒီနေ့ခေတ်ကမ္ဘာကြီးမှာ အစိုးရတွေ၊ တတ်သိပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သူတို့လက်ထဲမှာ ကမ္ဘာကြီးရှိတယ်၊ နိုင်ငံတွေဟာ သူတို့ဆုံးဖြတ်ချက်အတိုင်း ထားရာနေ စေရာသွားရတယ်လို့ အထင်ရောက်နေကြတာလည်း မြင်နေရတာပဲ။ တကယ့်တကယ် သူတို့ဆုံးဖြတ်ချင်ရာ ဆုံးဖြတ်ဦးတော့ သူတို့ဆုံးဖြတ်ချက်တွေ မြောင်းထဲရောက်သွားအောင် လုပ်နိုင်တာက ပြည်သူတွေပဲ။ သူတို့ရဲ့ လေတစ်လုံး မိုးတစ်လုံးစကားတွေ သဲထဲရေသွန် ဖြစ်သွားအောင် လုပ်နိုင်တာလည်း ပြည်သူတွေပဲ။ သူတို့က ပြည်သူတွေရဲ့ နိုးကြားပါဝင်မှုကို တန်ဖိုးထား၊ လမ်းဖွင့်ပြီး ပြည်သူ့စကား နာခံမှုရှိရှိလုပ်ရင်၊ တိုင်ပင်နှီးနှောပြီးလုပ်ရင် ကမ္ဘာကြီး ပူနွေးလာတာကအစ၊ ကူးစက်ရောဂါ‌ပျံ့နှံ့မှု အလယ်၊ ‌သီးနှံစိုက်ပျိုးမှုအဆုံး တိုးတက်မှုတွေ ရလာမှာပဲ။ ပြည်သူတွေ မပါဝင်ရင် ဘာဆိုဘာမှ ဖြစ်လာစရာမရှိဘူး။


နောက်တစ်ချက်က ပြည်သူ့နိုးကြားပါဝင်မှု ကောင်းတာနဲ့အမျှ ပြည်သူတွေကြားမှာ အချင်းချင်း အပြန်အလှန် နားလည်မှုတွေ၊ ညီညွတ်မှုတွေ၊ သဟဇာတဖြစ်မှုတွေ တိုးပွားလာပြီး ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံကို ပိုခင်တွယ်စရာ၊ ဂုဏ်ယူစရာ ဖြစ်လာနိုင်သေးတယ်။ (တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွဲပြားကြတဲ့ ပြည်သူ့ဓလေ့၊ နိုင်ငံသားယဉ်ကျေးမှု (Civic Culture) တွေအကြောင်း သီးသန့် ဆွေးနွေးပါဦးမယ်။)


ဒါကြောင့်လည်း "ပြည်သူပါမှ ပြည်သာယာမယ်" ဆိုပြီး အခန်းဆက်ဆောင်းပါးတွေ ဆက်လက်တင်ဆက်ဖို့ ရှိပါတယ်။ ဒီဆောင်းပါးတွေမှာ ပြည်သူ့နိုးကြားပါဝင်မှုမှာ ဘယ်လိုပုံစံအမျိုးမျိုး ရှိတတ်သလဲ၊ ဘာကြောင့် ဒီကိစ္စက အရေးကြီးရတာလဲဆိုတာတွေအပြင် ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အဟန့်အတားတွေအကြောင်းလည်း မချွင်းမချန် ထည့်သွင်း‌ဆွေးနွေးမှာပါ။ နောက်ဆုံး ပြည်သူနိုးကြားပါဝင်မှု‌ဆီကနေ သီးပွင့်လာတဲ့ လူမှုအပြောင်းအလဲတွေနဲ့ ပြည်သာယာတစ်ခု ဘယ်လိုဖန်တီးနိုင်ကြမလဲ ဆိုတာလည်း ပါမယ်။


ဒါကြောင့် အတွေ့အကြုံရင့်ကျက်ပြီးသား၊ ပြည်သူ့နိုးကြားပါဝင်မှုအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေသူတွေကလည်း ပါဝင်ဆွေးနွေး မှတ်ချက်ပေးစေချင်ပါတယ်။ အလားတူပဲ ခုမှစပြီး စူး‌စမ်း လေ့လာမယ့်သူတွေအတွက်လည်း ‌ခက်ခဲရှုပ်ထွေးခြင်းမရှိအောင် ကြိုးစားတင်ဆက်ပါမယ်။


မြန်မာပြည်အလယ်ပိုင်းက ‌‌လေညှင်းလေးဟာ တကယ်တော့ လူအများရင်ထဲမှာ တိတ်တခိုး တိုးဝှေ့နေခဲ့တာပါ။ လေညှင်းကလေးကို တံခါးပိတ် သော့ခတ်မထားမိဖို့တော့ သတိထားရမှာပေါ့။

1,782 views2 comments
bottom of page