top of page

ပြည်သူနိုးကြားပါဝင်မှု - တစ်ကိုယ်တည်း‌ပေမယ့်

ပြည်သူပါမှ ပြည်သာယာမယ် - ၄

a man brings his kid on bike on a wooden bridge under cloudy purple sky

၁၉၈၉ ခုနှစ်၊ ဇွန်လ ၅ ရက်၊ မွန်းတည့်ပြီးစ၊ တရုတ်နိုင်ငံ၊ ထျန်းအန်းမင်ရင်ပြင်။ တန်းစီမောင်းနှင်လာတဲ့ တင့်ကားတန်းရှေ့မှာ ရှပ်အင်္ကျီအဖြူ၊ ဘောင်းဘီရှည်အနက်၊ လက်ထဲမှာ ကြွပ်ကြွပ်အိတ်နှစ်ထုပ်နဲ့ လူတစ်ယောက် ထီးထီးကြီးရပ်လို့။ ဒီလူဘယ်သူလဲဆိုတာ ဘယ်လိုမှ လိုက်ရှာမတွေ့ခဲ့ကြဘူး။ ဒါပေမဲ့ သူ့ကြောင့် တရုတ်ပြည်က အရေးအခင်းကြီးကို ကမ္ဘာက ပိုသတိပြုမိသွားတယ်။ ရင်ပြင်မှာဆန္ဒပြသူတွေကို နှိမ်နင်းချေမှုန်းဖို့ ‌ချီတက်မောင်းနှင်လာတဲ့ တင့်ကားတန်းကြီးကို သူလိုငါလို သာမန်အရပ်သားတစ်ယောက်က ရင်ဆိုင်တားဆီးခဲ့တာကို ကမ္ဘာတစ်ဝန်းမှာ အံ့ဩမင်တက်ခဲ့ကြတယ်။ ဒီမိုကရေစီလိုလားသူတွေကြားမှာ သူ့သတ္တိကို လေးစားပြီး အားတက်စရာဖြစ်ခဲ့တယ်။


၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်၊ မွန်းတည့်ပြီးစ၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒဲလက်စ်မြို့။ သမ္မတ ကနေဒီလိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းကို သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရတယ်။ ပစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့် နာရီဝက်အတွင်းမှာ သမ္မတ ကနေဒီ ကွယ်လွန်သွားတယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ အသက်ကို သွေးရူးသွေးတမ်းနဲ့ ခြွေခဲ့သူက အသက် ၂၄ နှစ်အရွယ် လီဟာဗေးအော့စ်ဝဲလ်။ ဒီလုပ်ကြံမှုဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း အထင်ကရလုပ်ကြံမှုကြီးလေးခုထဲမှာ ဗွေဆော်ဦး။ ၁၉၆၅ ခုနှစ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ မဲလ်ကွမ်းအိက်စ်၊ ၁၉၆၈ ခုနှစ်မှာ လူမည်းအခွင့်အရေး လှုပ်ရှားသူ မာတင်လူသာကင်း ဂျူနီယာနဲ့ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ရောဘတ်ကနေဒီ (သမ္မတကနေဒီရဲ့ ညီ) တို့ လုပ်ကြံခံရမှုတွေ ဆက်ဖြစ်ခဲ့တယ်။


တစ်ဦးချင်းရဲ့ ရွေးချယ် လုပ်ဆောင်မှုတွေဟာ အများနဲ့အချိန်ကိုက်ဖြစ်လာရင်တော့ ပိုအဓိပ္ပါယ်ရှိ၊ ပိုသက်ရောက်မှုကြီးတယ်။

နှမ်းတစ်လုံးလည်း ဆီဖြစ်တယ်


လူတစ်ဦးချင်းရဲ့ လုပ်ဆောင်ချက်တွေက သမိုင်းနဲ့ချီလို့ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းနဲ့ယှဉ်လို့ပဲဖြစ်ဖြစ်‌ အကောင်းအဆိုး သက်ရောက်နိုင်တာကြောင့် လျှော့တွက်လို့မရတာကတော့ အမှန်ပဲ။ တကယ်တော့ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ရဲရဲရင့်ရင့် ရပ်တည်ရင်ဆိုင်ခဲ့ကြတဲ့ တစ်ကိုယ်တော်သမားတွေ ရှိသလို ရူးရူးမိုက်မိုက်နဲ့ နိုင်ငံနဲ့လူ့အဖွဲ့အစည်းကို ချောက်ထဲတွန်းချခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အကောက်ကြံမှုတွေကို ပြုစုတင်ပြရရင် ‌စာအုပ်တွဲပေါင်းများစွာ ဖြစ်လာလေမလားပဲ။


မကြာသေးတဲ့နှစ်တွေမှာလည်း ကျောင်းဆရာ/ဆရာမတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ တစ်ဦးချင်း ပါဝင်ခဲ့ကြတဲ့ “စီဒီအမ်” (Civil Disobedience Movement - အာဏာဖီဆန်ရေး လှုပ်ရှားမှု) က လူ့အဖွဲ့အစည်းမှာရော နိုင်ငံရေးအခင်းအကျင်းပေါ်မှာပါ သက်ရောက်ခဲ့တာ မျက်မြင်ကိုယ်တွေ့။ ခေတ်ပြိုင်ကမ္ဘာကလည်း အသိအမှတ်ပြုခဲ့ရတယ်။ ကမ္ဘာ့အကြမ်းမဖက်လှုပ်ရှားမှုသမိုင်းမှာ ဒီလောက် ကျယ်ပြန့်ကြာရှည်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမျိုးဟာ ဒါပထမဆုံးပဲလေ။


တစ်ဦးချင်းရဲ့ ရွေးချယ် လုပ်ဆောင်မှုတွေဟာ အများနဲ့အချိန်ကိုက်ဖြစ်လာရင်တော့ ပိုအဓိပ္ပါယ်ရှိ၊ ပိုသက်ရောက်မှုကြီးတယ်။ လူတစ်ဦးချင်းရဲ့ လုပ်ဆောင်မှုတွေကို “နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူး” ဆိုပြီး သဘောထားလို့ မရဘူး။ မနုဿဗေဒပညာရှင် ဆရာမကြီး မားဂရတ်မိဒ်က “တွေး‌တွေးဆဆရှိတဲ့၊ စိတ်ခိုင်မာပြတ်သားတဲ့ လူအနည်းအကျဉ်းလောက်နဲ့ ကမ္ဘာကြီးကို ပြောင်းပစ်လို့ရတယ်ဆိုတာ သံသယဝင်စရာမလိုဘူး။ ဒီလိုပဲ အပြောင်းအလဲတွေ ဖြစ်ခဲ့တာပဲ” လို့ ပြောခဲ့ဖူးတယ်။


ပြည်သူ့နိုးကြားပါဝင်မှုရဲ့ အရေးပါပုံအကြောင်း “‌ပြည်သူပါမှ ပြည်သာယာမယ်” ဆောင်းပါးအခန်း‌ဆက် တင်ပြရင်းက ဒီတစ်ပိုင်းမှာ တစ်ဦးချင်းပါဝင်လုပ်ဆောင်မှုတွေအကြောင်း အကျယ်နည်းနည်းချဲ့ပါရစေ။ တစ်ဦးချင်း နိုးကြားပါဝင်မှုတွေမှာ နိုင်ငံရေးသဘာဝကဲတာရှိသလို နိုင်ငံရေးနဲ့ စပ်လျဉ်းတယ်လို့ မထင်ရတာတွေလည်း ရှိတာပေါ့။



ပါဝင်မှုများလေ ကောင်းလေ


သားရိုင်းအဖြစ် တစ်ကောင်တည်း သွားလာကျက်စားနိုင်တဲ့ ခွန်အားနဲ့ ကိုယ်စွမ်းကိုယ်စနည်းပါးတာကြောင့် အုပ်စုနဲ့မှ ‌ရှင်သန်ရပ်တည်နိုင်တဲ့ သတ္တဝါတွေကို သိပ္ပံပညာရှင်တွေက “ပေါင်းသင်းနေထိုင်သော သတ္တဝါ (social animal)” လို့ အမျိုးအစားသတ်မှတ်ကြတယ်။ လူဟာ ဒီအမျိုးအစားထဲ ပါတာပေါ့။ social animal ကို တိုက်ရိုက်ဘာသာပြန်ရင် လူမှုရေးသတ္တဝါပေါ့။ မီးတွင်းထဲကနေ ‌မရဏာညောင်စောင်းပေါ်ထိ တခြားသူတွေမပါဘဲ ကိစ္စမပြီးတဲ့ လူသတ္တဝါတွေဟာ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးမကျယ်ခင် သမိုင်းခေတ်တွေကတည်းက ကိုယ့်အစုအဖွဲ့၊ ကိုယ့်ရပ်ရွာမှာ ပါဝင်တဲ့နည်းတွေကို ကျင့်သုံးခဲ့ကြတယ်။ ခေတ်ကာလအလျောက် ပြုပြင်ပြောင်းလဲခဲ့ကြတယ်။


အဲသလို ထူထောင်ကျင့်သုံးလာခဲ့တဲ့ ရပ်ရွာလူ့အဖွဲ့အစည်းမှာ ပါဝင်ပုံတွေကို တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါစို့။ ဒီအောက်က စာရင်းထဲမှာ ဘယ်နှမျိုးလောက်များ လုပ်ဖူးသလဲပေါ့။


  • စာသင်ကျောင်း၊ ဆေးရုံ၊ ‌ဂေဟာ စတာတွေမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးဖူးတယ်။ ရပ်ရွာ သန့်ရှင်းသာယာလှပရေးမှာ ပါဝင်ဖူးတယ်။

  • ပွဲလမ်းသဘင်၊ ပျော်ပွဲရွှင်ပွဲ၊ ရှင်လောင်းလှည့်တွေမှာ ဝင်နွှဲဖူးတယ်။ အသုဘပို့သွားဖူးတယ်။

  • ရပ်ရွာက ဖွဲ့စည်းထားတဲ့ ဆွမ်းလောင်းအသင်း၊ သာရေးနာရေးအသင်း၊ လူမှုရေး အသင်းအဖွဲ့တွေမှာ အားတက်သရော ပါဝင်ဖူးတယ်။ လှူဒါန်းထောက်ပံ့ဖူးတယ်။

  • ဒေသထွက်လုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူ‌ရေးတွေဆီက အမြဲတမ်း အားပေးဝယ်ယူတယ်။

  • ရပ်ရွာထဲက ကလေးသူငယ်နဲ့ လူငယ်တွေ လမ်းမှားမရောက်အောင် ထိန်းကျောင်းလမ်းညွှန်ပေးဖူးတယ်။

  • ရပ်ရွာမှာကျင်းပတဲ့ အားကစားပြိုင်ပွဲ၊ ‌ကျန်းမာရေးလမ်းလျှောက်ပွဲတွေမှာ ပါဝင်ဖူးတယ်။

  • ရပ်ရွာမှာ ဘာပြဿနာတွေ ရင်ဆိုင်နေရလဲဆိုတာ မျက်ခြည်မပြတ်စေဖို့ စုဝေးတိုင်ပင်နှီးနှောတဲ့ စကားဝိုင်းတွေ စီစဉ်ကျင်းပဖူးတယ်၊ ဒါမှမဟုတ် ပါဝင်ဆွေးနွေး၊ နားထောင်ဖူးတယ်။

  • ရပ်ရွာမှာ နေထိုင်ကြသူတွေ၊ အိမ်နီးချင်းတွေ သိသင့်သိထိုက်တာတွေ သိရဖို့ ကိုယ်သိထားတဲ့အချက်အလက်တွေ၊ စာအုပ်စာစောင်တွေ လက်ဆင့်ကမ်းဖူးတယ်။ အွန်လိုင်းပေါ်မှာ၊ လူမှုကွန်ရက်ပေါ်မှာ ဝေမျှတယ်။


စာဖတ်သူမှာ ဒီလိုနည်းတွေထဲက တစ်နည်းမက နည်းမျိုးစုံနဲ့ ရပ်ရွာလူ့အဖွဲ့အစည်းမှာ ပါဝင်ဖူးမှာပါ။ တစ်နေ့တာဘဝမှာ ကိုယ်ချင်းစာနာမှုနဲ့ အကြင်နာတရားတွေကို ပြသပြီး နမူနာစာရင်းချထားတဲ့ထဲ မပါသေးတဲ့နည်းတွေနဲ့ ပါဝင်လေ ရပ်ရွာလူ့အဖွဲ့အစည်းဟာ သာတောင့်သာယာဖြစ်လေလို့ ဆိုရမှာပဲ။


နိုင်ငံရေးပါတော့ စားဝင်အိပ်ပျော်တာပေါ့


ဒီလိုနဲ့ လူတွေရဲ့ ယဉ်ကျေးမှုမြင့်မားရှုပ်ထွေးလာတာနဲ့အမျှ နိုင်ငံရေးဟာ နေ့စဉ်ဘဝထဲကို ရောက်လာတယ်။ ဘယ်လောက် ဖွံ့ဖြိုးတဲ့၊ တည်ငြိမ်အေးချမ်းတဲ့ ရပ်ရွာလူ့အဖွဲ့အစည်းဖြစ်ဖြစ် နိုင်ငံရေးပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ မကင်းကြဘူး။ ဂရုတစိုက်ကိုင်တွယ်ဖြေရှင်းမှု မလုပ်သရွေ့ ကင်ဆာဆဲလ်တွေလို ပြန့်ပွားလှိုက်စားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ၊ စိန်ခေါ်မှုတွေ သိပ်ပြင်းထန်လာရင်တော့ ဖွံ့ဖြိုးမှုတွေ ပျက်ပြား၊ တည်ငြိမ်အေးချမ်းမှုတွေ ပျောက်ဆုံးတဲ့ဆီ ဦးတည်သွားရော။ ဒီလိုဆို စားမဝင်၊ အိပ်မပျော် စိုးရိမ်သောကတွေနဲ့ ရှင်သန်ရဖို့သာ ရှိတော့တာပေါ့။ ဒီပြဿနာတွေကို လူတစ်ဦးချင်းစီအနေနဲ့ နိုးကြားပါဝင်ပြီး ဖြေရှင်းရာမှာ နိုင်ငံရေးသိပ္ပံပါမောက္ခ လက်စတာ မီလ်ဘရတ်သ်က နိုင်ငံရေး ပါဝင်မှုပုံစံ ၇ ဆင့်ကို ဖော်ထုတ်သတ်မှတ်ခဲ့တယ်။

၁။ ဘာမှမသိ ဘာမှမလုပ်အဆင့် (Apathetic Inactives)

နိုင်ငံရေးနဲ့ပတ်သက်ရင် မစားကောင်းတဲ့အသီးလိုပဲ သိလည်းမသိချင်ဘူး။ ပါဝင်မှုလည်း လုံးဝမလုပ်ဘူး။ မဲတောင် သွားမထည့်ဘူး။

၂။ လက်ညှိုးထောင်ခေါင်းညိတ် ထောက်ခံသူအဆင့် (Passive Supporters)
၃။ တိုင်တန်းစာ ကျွမ်းကျင်အဆင့် (Contact Specialist)
၄။ ပြောဆိုဆက်သွယ်သူအဆင့် (Communicator)
၅။ ပါတီဝင် စည်းရုံးရေးသမားအဆင့် (Party and Campaign Workers)
၆။ ရပ်ရွာ နိုးကြားတက်ကြွသူအဆင့် (Community Activist)
၇။ ဆန္ဒပြသူအဆင့် (Protester)

ဒါတွေက ယေဘုယျသတ်မှတ်ထားတာပါ။ စာဖတ်သူက အဆင့် ၄ ကနေ ၇ အထိမှာ ပါဝင်ရင်တော့ တက်ကြွနိုးကြားတဲ့ နိုင်ငံသားဖြစ်တာ သေချာတယ်။ ဘယ်ပါဝင်မှုအဆင့်တွေ ပိုအတွေ့ရများသလဲ ဆိုတာကတော့ နိုင်ငံနဲ့လူ့အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ မတူညီတဲ့ ဓလေ့စရိုက်တွေကြောင့် ကွဲပြားနေတတ်တယ်။


လဲနေသူကို ထူပေးပါ၊ အားငယ်သူကို အားပေးပါ


ဆူညံပွက်လောရိုက်နေတဲ့ကမ္ဘာ၊ စားမဝင်အိပ်မပျော်ဖြစ်နေရတဲ့ လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်ကို ကိုယ်လိုလားသလို ဖန်တီးနိုင်ဖို့ဆိုရင် ထိုင်ကြည့်နေရုံနဲ့ ဘာမှဖြစ်မလာပါဘူး။ တခြားဘယ်သူဘယ်ဝါတွေ ဘာလုပ်မလဲလို့ ထိုင်စောင့်နေတာထက် အနာဂတ်ခရီးမှာ ကိုယ်က ခြေတစ်လှမ်းရှေ့ရောက်နေဖို့လိုတယ်။ အပြောင်းအလဲတွေ မြန်ဆန်သွားအောင် ကိုယ်က ဂီယာသွင်း၊ လီဗာနင်းမှ ဖြစ်မယ်။


ရပ်ရွာလူ့အသိုင်းအဝိုင်းမှာ ကိုယ်ပါဝင်နိုင်တဲ့အခန်းကဏ္ဍနဲ့ ကိုယ်ပါဝင်လိုက်ရင် ရလာမယ့်အကျိုးကျေးဇူးတွေကို သိနေပြီးသားဆိုရင် ဘေးကရပ်ကြည့်နေလို့ မဖြစ်တော့ဘူး။ တစ်ခုခု လုပ်ရမယ်။ တစ်နည်းနည်းနဲ့ ပါဝင်ရမယ်။ နိုးကြားပါဝင်မှုရှိတဲ့ ရပ်ရွာလူ့အသိုင်းအဝိုင်းဟာ လိုလားအပ်တဲ့အပြောင်းအလဲတွေကို ဖန်တီးနိုင်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တာ၊ စေတနာ့ဝန်ထမ်းဝင်လုပ်တာ၊ မဲပေးတာ၊ ကိုယ့်သိမြင်နားလည်မှုကို ကျယ်ပြန့်နေအောင်လုပ်တာနဲ့ တခြားသူတွေကိုပါ မျက်စိဖွင့်ပေးတာဟာ အနည်းဆုံး အနီးအနားက လူတွေ၊ ရပ်ရွာဝန်းကျင်ကနေ လူ့အဖွဲ့အစည်းကိုပါ တိုးတက်မှု၊ ဝေဆာမှု၊ နွေးထွေးမှုတွေ ရှိလာအောင် လုပ်ပေးတာပဲ။


နိုင်ငံရေးတွေထိ ခြေလှမ်းမကျဲနိုင်သေးဘူးဆိုရင်လည်း ငယ်ငယ်တုန်းက ဖတ်စာထဲမှာပါသလို “လဲနေသူကို ထူပေးပါ၊ အားငယ်သူကို အားပေးပါ” လုပ်လို့ရပါတယ်။ ဒီတော့မှ ရပ်ရွာလူ့အသိုင်းအဝိုင်းက နေပျော်စရာ အသက်ရှုချောင်စရာ ဖြစ်လာမှာပါ။ တစ်ဦးချင်းပါဝင်မှုတွေရဲ့ ခရီးဟာ ဘယ်တော့မှ အဆုံးသတ်တယ်လို့မရှိပါဘူး။ ပါဝင်မှုကနေ လေ့လာစူးစမ်းရင်း၊ နယ်ပယ်ချဲ့ထွင်ရင်း၊ တခြားသူတွေပါ ပါဝင်လာရင်း၊ တိုးတက်ကောင်းမွန်မှုတွေဆီ ဦးတည်လာမှာ အမှန်ဧကန်ပါ။


စာဖတ်သူရဲ့ ကြင်နာမှု၊ ကိုယ်ချင်းစာမှု၊ နားလည်မှုတွေနဲ့ ထုံမွှမ်းထားတဲ့ နိုးကြားပါဝင်မှုကို စောင့်တဲ့သူတွေက စောင့်နေကြပြီ။ နေ့တိုင်း နေရာတိုင်းမှာ ကူညီဖေးမမှုတွေ၊ အသိဉာဏ်ဝေမျှမှုတွေ၊ နိုးကြားမှုတွေ၊ လက်ချင်းချိတ်ဆက်မှုတွေနဲ့ ရှေ့ခြေတစ်လှမ်းတိုးကြပါစို့။

3,291 views5 comments
bottom of page