top of page

ပြည်သူနိုးကြားပါဝင်မှု - အရသာနဲ့အာဟာရ

ပြည်သူပါမှ ပြည်သာယာမယ် - ၃


fruits and spices on a palatte

လူရယ်လို့ဖြစ်နေသရွေ့ အစာအာဟာရနဲ့ ပြတ်လပ်လို့မဖြစ်ဘူးတော့ စားဖို့အတွက် ချက်ပြုတ်ပြင်ဆင်ရပြန်ရော။ တချို့အစားအစာတွေက ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင် မကျွမ်းကျင်ရင် လုပ်တတ်ကိုင်တတ်တဲ့သူကို မေးရတာပဲ။ အနားမှာ အားကိုးတကြီးမေးရမယ့်သူမရှိရင်တော့ အွန်လိုင်းပေါ် တက်ရှာရပြန်တာပေါ့။ အဲသလို ရှာတဲ့အခါ အကြံဉာဏ်ကောင်းတွေပေးတတ်တဲ့ လူမှုကွန်ရက်စုဖွဲ့မှုတစ်ခုရှိတယ်။ အဖွဲ့ဝင် ၁၁ သိန်းလောက်ရှိတဲ့အုပ်စုကြီးဆိုတော့ မမြင်ဖူးတာ၊ မတွေ့ဖူးတာ၊ မကြားဖူးတာတွေလည်း စုံလို့။ သိချင်တဲ့သူတွေက မေးကြ၊ သိသူတွေက မျှဝေကြ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။


အစားအသောက်၊ အချက်ပြုတ်နဲ့ပတ်သက်တဲ့ ကိစ္စမျိုးမှာတောင် လူမှုကွန်ရက်ပေါ်မှာ ပါဝင်နေရုံနဲ့ ဗဟုသုတရတယ်။ အရသာတွေ့တာ၊ အာဟာရရှိတာတွေ ပြင်ဆင်ချက်ပြုတ်နိုင်လာတာဆိုတဲ့ အကျိုးကျေးဇူးတွေရှိတာပဲ။ လူ့အဖွဲ့အစည်းကြီးမှာလည်း ကိုယ့်ရဲ့ နိုးကြားပါဝင်မှုကြောင့် အကျိုး‌ကျေးဇူးရှိတဲ့အကြောင်း ဆွေးနွေးချင်လို့ စကားဦးသန်းနေတာပါ။


ပြည်သူတွေ နိုးကြားပါဝင်နေသရွေ့ ဆုံးဖြတ်ချက်ချမှတ်သူတွေဟာ ပြည်သူ့လိုအပ်ချက်တွေကို မျက်နှာလွဲခဲပစ်လုပ်လို့ မရတော့ဘူး။


၁။ ပြည်သူ့နိုးကြားပါဝင်မှုနဲ့သာ ပြဿနာတွေကို ဖော်ထုတ်နိုင်မယ်။ (Identifying Issues)


စားစရာတစ်ခုကို ချက်ပြုတ်ပြင်ဆင်ရာမှာ ပြဿနာရှိနေတာလေးတွေကနေ၊ မီးပျက်တဲ့ ပြဿနာ၊ ကုန်ဈေးနှုန်းမြင့်တဲ့ ပြဿနာ၊ အလုပ်လက်မဲ့ဖြစ်တဲ့ ပြဿနာတွေ၊ ‌ရာသီဥတုပြောင်းလဲလာလို့ သီးနှံစိုက်ပျိုးမှု၊ မွေးမြူရေးစတာတွေမှာ အခက်အခဲကြုံရတာတွေ အများကြီးမှ အများကြီး။ ဒါတွေကို တကယ့် တိုက်ရိုက်သက်ဆိုင်သူတွေကသာ သိနိုင်တာ။ ဒါကြောင့်လည်း အင်္ဂလိပ်ကဗျာဆရာကြီးတစ်ယောက်က ‌ဆိုခဲ့ဖူးတယ်။ ဖိနပ်စီးနေသူကသာ ဖိနပ်ဘယ်နားကပေါက်နေတယ်ဆိုတာ သိနိုင်သတဲ့။ မြန်မာစကားမှာတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိသတဲ့။ လူ့အဖွဲ့အစည်းထဲမှာ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသူ ပြည်သူတွေဟာ ပြဿနာတွေအကြောင်း နားအလည်ဆုံးပါ။ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ပြည်သူတွေက ပြောမပြဘဲနဲ့ ဘယ်မဟာပညာရှိကြီး၊ ဘယ်ကော်မတီကြီးကမှ နားလည်နိုင်မှာ မဟုတ်ဘူး။


ပြဿနာရင်ဆိုင်နေရသူချင်း ဆွေးနွေးနှီးနှောနိုင်ကြတဲ့ အစုအဝေး၊ အဖွဲ့အစည်းတွေ လိုတယ်။ ဒီတော့မှ ပြဿနာဖြေရှင်းနိုင်ဖို့အတွက် ဘာက တကယ့်ပြဿနာလဲဆိုတာ ဖော်ထုတ်နိုင်မှာ။ ဒီအတွက် လူ့အဖွဲ့အစည်းမှာ ပါဝင်မှဖြစ်မယ်။ ချောင်ထဲမှာ ခေါင်းကုတ်နေလို့ ပြဿနာက ပြီးမသွားဘူး။


၂။ ပြည်သူ့နိုးကြားပါဝင်မှုနဲ့သာ မှန်ကန်တဲ့ ပူးပေါင်းဖြေရှင်းမှုတွေကို အားပေးရာရောက်မယ်။ (Encouraging Coordination)


မီးဖိုချောင်ပြဿနာတောင် အရပ်ကူပါ၊ လူဝိုင်းပါနဲ့ အဖြေရှာကြရသေးတာ။ ပိုရှုပ်ထွေးလာတဲ့ ပြဿနာတွေဆိုရင် တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်သင်းတစ်ဖွဲ့တည်းက မဖြေရှင်းနိုင်တော့ဘူး။ ပူးပေါင်းဖြေရှင်းမှသာ ပြဿနာတွေကို မှန်မှန်နဲ့ မြန်မြန် ဖြေရှင်းနိုင်မှာ။ ဒါဖြင့် ပူးပေါင်းကြစို့ဆိုပြီး မဆီမဆိုင်တဲ့လူတွေ၊ အဖွဲ့အစည်းတွေကိုပါ ဆွဲထည့်လာပြန်ရင်လည်း အချိန်တွေကြာ၊ ပိုက်ဆံတွေကုန်ပြီး ဆရာများ သားသေဖြစ်သွားမှာပဲ။ ဒီအတွက် ဘယ်သူတွေ ပူးပေါင်းဖြေရှင်းရင် ပြဿနာတွေဟာ ထိထိရောက်ရောက်၊ အဓိပ္ပါယ်ရှိရှိ ပြေလည်သွားပြီး နောင်ရေးစိတ်အေးရမယ်ဆိုတာ ပြည်သူတွေက သိကြပါတယ်။ ပြည်သူတွေက ပါဝင်ထိုက်သူတွေ ပါဝင်ဖို့ ရွေးချယ်တိုက်တွန်းနိုင်တယ်။ အားပေးနိုင်တယ်။


အထူးသဖြင့် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေတွေမှာဆို ဘယ်သူက ဘယ်အပိုင်းကို ဖြေရှင်းကိုင်တွယ်နိုင်ရင်၊ ဘယ်သူတွေ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကောင်းမွန်တဲ့အခြေအနေတွေ ရောက်မယ်ဆိုတာ ပြည်သူတွေကသာ အသိဆုံးပါပဲ။ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ နိုးကြားပါဝင်မှုမရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဝတ်ကျေတမ်း‌ကျေ ဘော်လီဘော‌ပုတ်တဲ့ အစီရင်ခံစာတွေသာ ထွက်လာမှာပါ။


၃။ ပြည်သူကို မလိမ့်တစ်ပတ်လုပ်လို့မရဘူး။ (Transparency and Accountability)


နိုင်ငံ၊ ရပ်ရွာတစ်ခုရဲ့ အရေးကိစ္စပေါင်းများစွာမှာ ဘယ်သူတွေက ဘယ်လိုဆုံးဖြတ်နေတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် နိုးနိုးကြားကြား ပတ်သက်သိရှိနေမှ၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ ဖြစ်စဉ်တွေမှာလည်း ပြည်သူတွေ ပါဝင်နိုင်ရင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုကိုလည်း အားကောင်းစေပါတယ်။ ရပ်ရွာအဆင့်မှာ ပြည်သူတွေ ပါဝင်လာရင် ရပ်ရွာကိုယ်စား တာဝန်ခံဆောင်ရွက်သူတွေဟာ မလိမ့်တပတ်လုပ်လို့မရတော့ဘူး။ နိုင်ငံတော် အဆင့်မှာလည်း အတူတူပါပဲ။


ပြည်သူတွေ နိုးကြားပါဝင်နေသရွေ့ ဆုံးဖြတ်ချက်ချမှတ်သူတွေဟာ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို မျက်နှာလွဲခဲပစ်လုပ်လို့ မရတော့ဘူး။ အစိုးရတွေက ချမှတ်ရတဲ့ မူဝါဒတွေ၊ ဥပဒေတွေဟာလည်း ပြည်သူ့တွေ ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘဝအခြေအနေ၊ လိုအပ်ချက် စတာတွေကို ထည့်မတွက်ဘဲ မချမှတ်ရဲတော့ဘူး။ ပြည်သူတွေက ဒီလိုလုပ်သင့်တယ်၊ ဟိုလိုမလုပ်သင့်ဘူးလို့ သတိပေးထားပါလျက်နဲ့ သူတို့ဆုံးဖြတ်ချင်တိုင်းဆုံးဖြတ်လို့ ပြည်သူတွေက သူတို့ဘက်မှာ မရပ်တည်တော့မှာကို သူတို့က ထည့်တွက်ရပါတယ်။ ဒါကြောင့် ပြည်သူ နိုးကြားပါဝင်နေရင် တာဝန်ရှိသူတွေက တစ်ပတ်ရိုက်လို့မရဘူးလို့ ဆိုချင်တာပါ။


၄။ ပြည်သူဝန်းရံမှ ကြံ့ကြံ့ကြံ့ကြံခံနိုင်စွမ်းရှိမယ်။ (Resilience)


ပုံမှန်အခြေအနေတွေကို သာသာယာယာ ဖြတ်သန်းနေချိန်မှာ လူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပြည်သူတစ်ရပ်၊ လူ့အဖွဲ့အစည်းတစ်ခုဟာ ဘယ်လောက်ကြံ့ကြံ့ခံနိုင်စွမ်းရှိလဲဆိုတာ စစ်ဆေးတိုင်းတာဖို့ ကမ္ဘာကြီးမှာ ပြဿနာပေါင်းများစွာ ရှိနေတာပေါ့။ စစ်မက်၊ စားနပ်ရိက္ခာပြတ်လပ်မှု၊ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝဘေး စတာတွေကို ကြုံလာရချိန်မှာ တချို့လူ့အဖွဲ့အစည်းတွေဟာ နာလန်မထူနိုင်အောင်၊ အဖတ်ဆယ်မရအောင် ပြိုလဲပျက်စီးသွားကြတယ်။


ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးဟေ့ဆိုရင် ပြည်သူတွေကိုယ်တိုင်က နိုးကြားထက်သန်နေမှ၊ ယုံကြည်မှုတွဲလက်တွေ ခိုင်မြဲပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်မှ၊ အပြန်အလှန် ကူညီရိုင်းပင်းကြ၊ ရုန်းရင်းကန်ရင်း ရှင်သန်နိုင်ရေးအတွက် နည်းလမ်းရှာ၊ အတတ်ပညာလေ့လာကြမှ ဖြစ်မယ်။ ရင်ထဲမှာ ပန်းတွေပွင့်နေတာ မဟုတ်ပေမယ့် ဒီလို ကြံ့ကြံ့ခံနိုင်စွမ်းရှိတာနဲ့အမျှ ပြဿနာက တစ်ပိဿာပေးရင် ကိုယ့်ဘက်က အစိတ်သားလောက်ပဲ ခံရမှာပေါ့။ ဘယ်သူနဲ့မှ မဆက်ဆံချင်ဘူး၊ မပါဝင်ချင်ဘူး၊ ဝဋ်ရှိလို့ခံရတယ်‌ သဘောထားရင်တော့ ပြဿနာတွေက နဖူးထိပ်ကို ပိဿ‌လေးနဲ့ အပစ်ခံရလို ဖြစ်သွားနိုင်ပါတယ်။ ပြည်သူ့နိုးကြားထက်သန်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အားဖြည့်ပေးတဲ့ အရည်အသွေးတွေသာ ဖြစ်ပါတယ်။


၅။ ပြည်သူတွေက ကိုယ်လက်နဲ့ရေးတာကို ကိုယ်ခြေနဲ့မဖျက်ဘူး။ (Ownership and Responsibility)


အိမ်မှာ မီးဖိုချောင်ဝင်နေတုန်း ဖုန်းထဲအာရုံရောက်နေမိလို့ ထမင်းအိုးပျက်ပြီး ‌ဆန်ပြုတ်နီးနီးဖြစ်သွားရင် ကိုယ်ချက်တဲ့ထမင်းမို့ ပျော့သွားတော့ အစာကြေတောင်လွယ်သေးလို့ ‌ဖြေတွေး တွေးမိသလိုပါပဲ။ ပြည်သူတွေဟာ ကိုယ့်ရွေးချယ်မှုရဲ့ ရလဒ်ကို ကိုယ်တာဝန်ယူ၊ လက်ခံကြပါတယ်။ ရပ်ရွာနဲ့၊ လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်လာတဲ့ကိစ္စတွေမှာ ပြည်သူတွေက ပါဝင်ခွင့်၊ ရွေးချယ်ဆုံးဖြတ်ခွင့် ရပြီဆိုရင် နေ့ရွှေ့ညရွှေ့၊ ပေါ့ပေါ့လျော့လျော့လုပ်တတ်တဲ့၊ မရိုးသားတဲ့၊ ညံ့လိုက်တာမှ ချာတူးလန်နေတဲ့သူတွေကို တာဝန်မပေးမိအောင် သတိထားကြပါတယ်။ တကယ်လို့ ကိုယ်က အဟုတ်မှတ်ပြီး ရွေးချယ်လိုက်ပြီးမှ လွဲသွားရင်လည်း “မှတ်ပြီလားဟဲ့” ဆိုပြီး လက်ခံနိုင်ဖို့ ကြိုးစားကြပါတယ်။


ဆုံးဖြတ်ချက်အမှားတစ်ခုအတွက် ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လွှဲချ လုပ်လို့မရဘဲ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ထားတာတွေအတွက် သင်ခန်းစာယူနိုင်လေ၊ နောင်တစ်ခါ မမှားရအောင် သတိထားလေပါပဲ။ ဒီလို ရပ်ရွာလူ့အဖွဲ့အစည်းနဲ့၊ နိုင်ငံနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အသိအမြင်တွေ နိုးကြားလာတဲ့အခါ မမြင်ချင်ယောင်၊ မသိချင်ဟန် ဆောင်နေလို့ မရတော့ဘဲ “ဒါ တို့အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါလား၊ ဖြေရှင်းရမယ်၊ ကျော်လွှားရမယ်” ဆိုတဲ့ ခံယူချက်နဲ့ အလေ့အထကောင်းတွေရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။


၆။ ပြည်သူ့ယုံကြည်မှုဟာ တရားဝင်မှုကို ပေးစွမ်းတယ်။ (Trust and Legitimacy)


မိသားစုတစ်ခုမှာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုတဲ့ မိသားစုဝင်တွေ များနေရင်၊ အပြန်အလှန် အယုံအကြည်မရှိရင် ပျော်စရာမကောင်းတော့ပါဘူး။ ပြန်မပြော နားမထောင်ဆိုတဲ့သူတွေ၊ ငါပြောတာအမှန်၊ ငါခိုင်းတာလုပ်ဆိုတဲ့သူတွေ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ယုံကြည်မှုတွေ ယိမ်းယိုင်နေမှာပါ။ နိုင်ငံတစ်ခုမှာဆို အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှုပျောက်ဆုံးရင် တရားဝင်မှု ယိမ်းယိုင်ပါတယ်။


ဥပမာ - ကပ်ရောဂါတစ်ခု ပျံ့နှံ့နေချိန်မှာ ဒီလို နေထိုင်ကြပါ၊ ကာကွယ်ကြပါလို့ အစိုးရတစ်ရပ်က နှိုးဆော်ပြီဆိုပါစို့။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုမရှိတဲ့ အစိုးရမျိုးဖြစ်နေလို့ ယုံကြည်စရာမကောင်းရင် အပိုတွေပါကွာဆိုပြီး ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုကို လူတစ်ဦးချင်း ရင်ဆိုင်ရသလို၊ အစိုးရလုပ်သူတွေမှာလည်း အလောင်းတောင် အလျဉ်မီအောင် မီးသင်္ဂြိုဟ်မပေးနိုင်တဲ့ ခပ်ညံ့ညံ့အစိုးရ၊ အာဏာမတည်တဲ့အစိုးရ ဖြစ်သွားစေပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရ၊ နိုးကြားထက်သန်တဲ့ ပြည်သူတွေက ပေးတဲ့အကြံတွေကို နားထောင်တဲ့အစိုးရ၊ ကပ်ရောဂါကာကွယ်ရေးအတွက် ရပ်ရွာရဲ့ အပြန်အလှန်ကူညီမှုတွေကို လမ်းဖွင့်ပေးတဲ့ အစိုးရမျိုးက နှိုးဆော်ရင်တော့ ပြည်သူ့ယုံကြည်မှုကြောင့် အစိုးရရဲ့ အာဏာဟာ ပြည်သူ့အပေါ် တည်ပါတယ်။ အစိုးရဟာ အာဏာတည်တဲ့အစိုးရ၊ တရားဝင်တဲ့အစိုးရ ဖြစ်ပါတယ်။ ဒီတော့မှ မျက်နှာမငယ်ရတဲ့၊ တိုးတက်မှုရှိတဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်ခု ဖြစ်လာမှာပါ။


၇။ ပြည်သူ့နိုးကြားပါဝင်မှုဟာ "များလူခပ်သိမ်း ငြိမ်း‌ချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်" ကိုတည်ဆောက်မယ့် အုတ်မြစ်ပဲ။ (Social Inclusion and Equity)


နိုင်ငံတော်သီချင်းတွေမှာ ဘယ်လို ဂုဏ်ကျက်သရေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်မျိုးဖြစ်စေရမယ်ဆိုတဲ့ ကြွေးကြော်ချက်တွေ ပါလေ့ရှိကြပါတယ်။ ကမ္ဘာမကြေသီချင်းမှာတော့ “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်” တဲ့။ လူ့အဖွဲ့အစည်းတစ်ခုမှာ နိုင်ငံသားတိုင်း(=များလူ) တစ်ဦးမကျန်(=ခပ်သိမ်း) ငြိမ်းချမ်းမှုရှိခြင်းဆိုတဲ့ ဂုဏ်ကျက်သရေသဘောကို တွေ့ရပါတယ်။ “အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ” ဆိုတဲ့ စကားအတိုင်းပဲ လူ့အဖွဲ့အစည်းထဲမှာ ပါဝင်ကြသူ တစ်စုတစ်ဖွဲ့လောက်က အခက်အခဲတွေကြုံတွေ့ရတယ်ဆိုရင်တောင် သူတို့ချည်းပဲ ကြုံရတာ မဟုတ်ပါဘူး။ သက်ရောက်မှုတွေ ရှိလာတာပါပဲ။ ဒီအတွက် သူ့အခက်အခဲကို နားလည်ဖို့ နားထောင်ပေးရတယ်၊ ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေထဲမှာ ထည့်သွင်းစဉ်းစားပေးခြင်းအားဖြင့် ခွင့်တူညီမျှဖြစ်ဖို့ လမ်းဖွင့်ပေးရပါတယ်။ ပြည်သူက နိုးကြားလေ၊ ပါဝင်နိုင်လေ “များလူခပ်သိမ်း ငြိမ်း‌ချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်"ကို တည်ဆောက်နိုင်မှာပါ။


ဒီလိုမှမဟုတ်ဘဲ တိုင်းရေးပြည်ရေး သာမန်ပြည်သူတွေက ဘာလုပ်နိုင်မှာလဲလို့ မြင်ပြီး ဘာအကျိုးရှိမှာလဲ၊ အလုပ်တွေပိုများပြီး ပိုကြန့်ကြာကုန်မလား စသဖြင့် သံသယဝင်နေရင်တော့ ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ စနစ်ကျမှု၊ ပိုမိုကောင်းမွန်လာမှုတွေနဲ့ ဝေးကြရမှာပါ။


 

ပြည်သူ့နိုးကြားပါဝင်မှုဟာ ဘယ်လိုအကျိုးရှိတယ်ဆိုတဲ့အကြောင်း ဆွေးနွေးလို့ကို မကုန်နိုင်အောင်ပါပဲ။ ဒီထက် ပိုပြီး ပြည့်စုံတဲ့၊ အသေးစိတ်ကျတဲ့ ရှင်းလင်းချက်တွေ ရှိဦးမှာပါ။ စားစရာတစ်ခု ဘယ်လောက်ကောင်းတယ်၊ ဘယ်လိုအရသာရှိတယ်၊ အာဟာရဖြစ်တယ်၊ ဆေးဖက်ဝင်တယ်ဆိုတာ ညွှန်းရတာနဲ့ သဘောကျနေပြီဆိုရင် ကိုယ်တိုင်စမ်းသပ် ချက်ပြုတ်ပြင်ဆင်ကြည့်သလို ဒုက္ခများမြောင်နေတဲ့ လူ့အဖွဲ့အစည်းအတွက် “ပြည်သူ့နိုးကြားပါဝင်မှု” နတ်သုဒ္ဓါကြီးကို ‌ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ချက်ပြုတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။


အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို “ပြည်သူ့နိုးကြားပါဝင်မှု” နတ်သုဒ္ဓါဟာလည်း “တိုင်းပြည်ဝေဒနာ”တွေကို သက်သာပျောက်ကင်း‌ဖို့ “နတ်ဆေးဩသဓ” ဖြစ်လာမယ်လို့ မျှော်လင့်ရင်း နောက်တစ်ပုဒ်မှာ ဆက်လက်ဆွေးနွေးကြပါစို့။ ။


1,271 views6 comments
bottom of page