top of page

ချတ်ဟမ်စည်းမျဉ်းနဲ့ ပွင့်လင်းလုံခြုံ

ချတ်ဟမ်စည်းမျဉ်းက အစည်းအဝေးတွေကို ဘယ်လို ပွင့်လင်းလုံခြုံစေလဲ


four hands in blocks with picture, piece, cup, and picuture

ထက်သန်နိုးကြားတဲ့ နိုင်ငံသားတွေက အရပ်ဘက်အဖွဲ့အစည်းတွေအဖြစ် ပူး‌ပေါင်းဆောင်ရွက် လုပ်ကိုင်ကြတဲ့အခါ အစည်းအဝေးတွေကို မလွှဲသာမရှောင်သာ ကြုံကြရပါတယ်။ အစည်းအဝေးတိုင်းကတော့ ပျော်စရာ မကောင်းပါဘူး။ တချို့အစည်းအဝေးတွေက လိုရင်းကို မရောက်နိုင်လို့ နောက်တစ်ခါ ထပ်ချိန်းကြရတယ်။ တချို့အစည်းအဝေးတွေမှာတော့ ပြောဆိုဆွေးနွေးတဲ့ အချက်အလက်တွေနဲ့ ဘယ်သူတွေပါဝင်တယ်ဆိုတာ ပေါက်ကြားပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပေါ်ပေါက်လာတတ်တယ်။ ဒါကြောင့်လည်း အစည်းအဝေးတွေမှာ ဆောင်ရန်ရှောင်ရန်တွေ သတ်မှတ်ထားကြရစမြဲပါ။


ပြောဆိုတဲ့ အကြောင်းအရာကို အစည်းအဝေးပြင်ပမှာ ပြန်ဝေမျှနိုင်တဲ့အတွက် လေ့လာမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှိုးဆော်တိုက်တွန်းမှုတွေ ပိုကောင်းလာဖို့ အကန့်အသတ်နည်းသွားစေပါတယ်

စည်းမျဉ်းတစ်ခုတည်းနဲ့ အစည်းအဝေးတွေကို ပိုကောင်းသွားအောင် လုပ်လို့မရပါဘူး။ အစည်းအဝေးတွေရဲ့ အမျိုးအစားနဲ့ အခြေအနေတွေပေါ်လိုက်လို့ ကောင်းမွန်တဲ့ အစည်းအဝေး အခြေခံစည်းမျဉ်းတွေကို ကျင့်သုံးရပါတယ်။ စည်းမျဉ်းတစ်ခုတည်းနဲ့ အစည်းအဝေးတွေကို ပိုကောင်းသွားအောင် လုပ်လို့မရပါဘူး။

  • အငြင်းပွားဖွယ်ရာနဲ့ ထိလွယ်ရှလွယ်ကိစ္စတွေကို ဆွေးနွေးတဲ့အခါ၊

  • မထောက်မညှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုကို အားပေးဖို့လိုတဲ့အခါ၊

  • ထုတ်ဖော်ပြောဆိုသူရဲ့ အချက်အလက်တွေ ပေါက်ကြားသိသွားရင် အန္တရာယ်ဖြစ်နိုင်တဲ့အခါ၊

  • ရှုထောင့်ပေါင်းစုံက ဝိုင်းဝန်းဆွေးနွေးပြီး စိတ်ကူးသစ်နဲ့ ဖြေရှင်းမှုအသစ်တွေ ရှာဖွေဖော်ထုတ်ရမယ့်အခါ

ကျင့်သုံးနိုင်တဲ့ အစည်းအဝေးစည်းမျဉ်းတစ်ခုကို ဒီဆောင်းပါးမှာ မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ချတ်ဟမ်အိမ်တော်စည်းမျဉ်း (Chatham House Rule) လို့ ခေါ်ပါတယ်။


ဒီစည်းမျဉ်းကတော့ အောက်ပါအတိုင်းပါပဲ။


"ချတ်ဟမ်အိမ်တော်စည်းမျဉ်းအရ ပါဝင်တက်‌ရောက်သူတွေဟာ အစည်းအဝေးတစ်ခု ဒါမှမဟုတ် အစည်းအဝေးအစိတ်အပိုင်းတစ်ရပ်ရပ်ကို ကျင်းပချိန်မှာ ဆွေးနွေးဖလှယ်တဲ့ အချက်အလက်တွေကို လွတ်လပ်စွာ အသုံးပြုခွင့်ရှိသော်လည်း ပြောဆိုသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ၊ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာ၊ ဘယ်သူတွေ တက်ရောက်ပါဝင်တယ်ဆိုတာ သိသာနိုင်စေတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခွင့်မရှိပါ။"


ဒီစည်းမျဉ်းကိုကျင့်သုံးတဲ့ အစည်းအဝေး၊ အစည်းအဝေးရဲ့ အစိတ်အပိုင်းတစ်ခုမှာ ပါဝင်ဆွေးနွေးသူတွေ၊ တက်ရောက်သူတွေအားလုံး ဒီစည်းမျဉ်းအတိုင်း လိုက်နာရပါတယ်။ လိုက်နာခြင်းအားဖြင့် -

  • တက်ရောက်ဆွေးနွေးသူတွေဟာ ပိုပြီး နေသာထိုင်သာရှိမယ်။

  • ပွင့်ပွင့်လင်းလင်း နှိုက်နှိုက်ချွတ်ချွတ် ပြောဆိုဆွေးနွေးရဲလာမယ်။

  • စုံလင်ကွဲပြားတဲ့ အမြင်ရှုထောင့်တွေကို ပိုပြီးနားလည်လာနိုင်မယ်။

  • တက်ရောက်သူအချင်းချင်းကြားမှာ အပြန်အလှန် ယုံကြည်လေးစားမှုတွေ တိုးလာမယ်။

  • လူနဲ့အရှိန်အဝါထက် ပြောဆိုဆွေးနွေးတဲ့ အကြောင်းအရာပေါ်မှာ အဓိကထားတဲ့အတွက် တန်းတူညီမျှ ပါဝင်ဆွေးနွေးခွင့်တွေ ရလာနိုင်ပါတယ်။


ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ ထက်သန်နိုးကြားတဲ့ နိုင်ငံသားတွေရဲ့ စည်းဝေးတွေ့ဆုံမှုတွေမှာ ဒီစည်းမျဉ်းကို သုံးရင်တော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အထစ်အငေါ့မရှိ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြောဆိုတဲ့ အကြောင်းအရာကို အစည်းအဝေးပြင်ပမှာ ပြန်ဝေမျှနိုင်တဲ့အတွက် လေ့လာမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှိုးဆော်တိုက်တွန်းမှုတွေ ပိုကောင်းလာဖို့ အကန့်အသတ်နည်းသွားစေပါတယ်။


ချတ်ဟမ်စည်းမျဉ်း ဘယ်လိုစ


ဗြိတိန်က နိုင်ငံတကာရေးရာ တော်ဝင်အသင်းကြီး (Royal Institute of International Affairs) လို့ခေါ်တဲ့ ဉာဏ်ကြီးရှင်အဖွဲ့က အငြင်းပွားစရာ၊ အသည်းအသန် ငြင်းခုံရမယ့်ကိစ္စတွေမှာ ထိထိရောက်ရောက် တိုင်ပင် ဆွေးနွေးနိုင်ဖို့အတွက် ၁၉၂၇ ခုနှစ်မှာ ချတ်ဟမ်အိမ်တော်စည်းမျဉ်းကို စတင်သတ်မှတ် ကျင့်သုံးခဲ့တာပါ။ ၁၉၉၂ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၀၂ ခုနှစ်မှာတစ်ကြိမ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထပ်ပြင်ခဲ့ပါတယ်။


ဒီအသင်းကြီးနဲ့မဆိုင်ပေမယ့် ဘယ်သူမဆို အစည်းအဝေးတွေ၊ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေ၊ အခမ်းအနားတွေမှာ ဒီစည်းမျဉ်းကို ကျင့်သုံးနိုင်ကြပါတယ်။ ဒီစည်းမျဉ်းကို ကျင့်သုံးဖို့အတွက် အစည်းအဝေးရဲ့ အစမှာ၊ ဒါမှမဟုတ် ဒီစည်းမျဉ်းကို အသုံးပြုမယ့် အစည်းအဝေးရဲ့ အစိတ်အပိုင်း ဒါမှမဟုတ် အစီအစဉ်တစ်ခုခုမှာ အသိပေးနှိုးဆော်ရပါမယ်။ ဥပမာအားဖြင့် -


အားလုံးသိကြတဲ့အတိုင်း [ဆွေးနွေးမယ့်အကြောင်းအရာကိုထည့်] နဲ့ပတ်သက်လို့ ဆွေးနွေးကြမှာပါ။ ဒီအပိုင်းမှာ အထိအခိုက်မခံတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့အတွက် ပွင့်ပွင့်လင်းလင်း လုံလုံခြုံခြုံ ဆွေးနွေးနိုင်ဖို့ လိုပါတယ်။ ဒီအတွက် ချတ်ဟမ်စည်းမျဉ်းကို သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။ စည်းမျဉ်းကတော့ [စည်းမျဉ်းဖတ်ပြရန်] လို့ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းအကြောင်း နားမလည်သေးတဲ့သူ၊ ကျင့်သုံးဖို့ သဘောမတူသူရှိရင် သိပါရစေ...


စသဖြင့် နိဒါန်းပျိုးနှိုးဆော်နိုင်ပါတယ်။


ဒီအတိုင်းကြီးတော့ မပြောချင်ဘူး၊ ကိုယ့်နည်းကိုယ်ဟန်နဲ့ စည်းမျဉ်းအကြောင်း ကိုယ်တိုင် မိတ်ဆက်ရှင်းပြမယ် ဆိုရင်လည်း

  • ဒီစည်းမျဉ်းကို ကျင့်သုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးရှိနိုင်တယ်ဆိုတာ ပြောပြရပါမယ်။

  • စည်းမျဉ်းကို အပြည့်အစုံ ဖတ်ပြရပါမယ်။

  • စည်းမျဉ်းအရ ဘာတွေလိုက်နာရမယ်ဆိုတာ သေချာနားလည်အောင် လုပ်ပေးရမယ်။

  • စည်းမျဉ်းကို အားလုံးသဘောတူသလား၊ သဘောမတူတဲ့သူ ရှိသလား စစ်ဆေးရပါမယ်။ သဘောမတူသူ တစ်ယောက်ရှိနေရင်တောင် စည်းမျဉ်းကို ကျင့်သုံးဖို့ အခက်အခဲရှိနိုင်ပါတယ်။


ဒီစည်းမျဉ်းဟာ အပြန်အလှန်ယုံကြည်မှုပေါ်မှာ အခြေခံကျင့်သုံးရတာပါ။ ဒါကြောင့် ဒီစည်းမျဉ်းရဲ့ အရေးကြီးပုံ၊ လေးနက်ပုံကို အစည်းအဝေးတက်ရောက်သူတိုင်းက နားလည်လက်ခံဖို့ လိုပါတယ်။ နားလည်လက်ခံသူ မရှိရင် ဒီစည်းမျဉ်းဟာ ကျိုးပေါက်သွားနိုင်ပါတယ်။ ကျိုးပေါက်သွားပြီဆိုရင်တော့ အရေးကြီးတဲ့ အကြောင်းအရာ ဆွေးနွေးငြင်းခုံမှုတွေ၊ ပါဝင်တက်ရောက်သူတွေရဲ့ သတင်းအချက်အလက်တွေ အားလုံး ပေါက်ကြားသွားနိုင်ပါတယ်။


တခြားဘာနည်းတွေ ရှိဦးမလဲ


ချတ်ဟမ်စည်းမျဉ်းနဲ့ ခပ်ဆင်ဆင်တူပြီး အခြေအနေအလိုက် ပြောင်းလွဲသုံးစွဲနိုင်တာတွေလည်း ရှိပါသေးတယ်။ စည်းမျဉ်းတစ်မျိုးနဲ့တစ်မျိုး ကွာခြားပုံကို သေချာသိတော့မှ ဇဝေဇဝါဖြစ်ရတာတွေ ရောထွေးကုန်တာတွေကို ရှောင်ရှားနိုင်မှာပါ။


ဗီးဂက်စ်စည်းမျဉ်း (Vegas) - အပျော်အပါးမြို့တော်ကြီးတစ်ခုအဖြစ် ကျော်ကြားတဲ့ လက်စ်ဗီးဂက်စ်မြို့မှာ ဖြစ်ခဲ့သမျှတွေကို တခြားနေရာမှာ ပြန်မပြောနဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။ အစည်းအဝေးထဲမှာ ပြောဆို ဆွေးနွေး တိုင်ပင်ကြတဲ့ကိစ္စကြီးငယ်ကို တခြားနေရာမှာ တစ်လုံးမှ မဟမိဖို့ သတ်မှတ်တဲ့ စည်းမျဉ်းပဲဖြစ်ပါတယ်။ ချတ်ဟမ်စည်းမျဉ်းနဲ့ ဗီးဂက်စ်စည်းမျဉ်းကွဲပြားတာက ချတ်ဟမ်စည်းမျဉ်းကို ကျင့်သုံးတဲ့အခါ ဘယ်သူဘယ်ဝါ ပြောတယ်ဆိုတာကို ဖော်ပြခွင့်မရှိပေမယ့် အကြောင်းအရာကိုတော့ ပြန်ဝေမျှခွင့်ရှိပါတယ်။ ဗီးဂက်စ်စည်းမျဉ်းအရဆို နှစ်မျိုးလုံး တခြားမှာ ပြန်ဖောက်သည်ချခွင့်မရှိပါဘူး။


အလွတ်ပြောဆိုချက်စည်းမျဉ်း (Off the record) - လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သတင်းထောက် မေးမြန်းတာကို နာမည်နဲ့တကွ အကြောင်းအရာကိုပါ ပုံနှိပ်ထုတ်လွှင့်တာတာမျိုး မလုပ်စေချင်တဲ့ကိစ္စတွေ၊ အပိုင်းတွေကို “ဒီကိစ္စက အလွတ်ပြောတာနော်” လို့ သတိပေးတဲ့ သဘောမျိုးပါ။


ဒါနဲ့ ဗီးဂက်စ်စည်းမျဉ်း ဘာကွာလဲလို့ မေးစရာရှိပါတယ်။ ဗီးဂက်စ်စည်းမျဉ်းဆိုတာ အများသူငါ မသိသင့်တဲ့၊ မကြားကောင်းမနာသာ (ဥပမာ - သူငယ်ချင်းတွေနဲ့ ကေတီဗွီသွားရင်း အသောက်လွန်ပြီး အန်ထွက်တဲ့) ကိစ္စမျိုးတွေကို ရည်ညွှန်းရာမှာ ပိုသုံးပါတယ်။ နိုင်ငံရေးအပါအဝင် လေးနက်တဲ့ကိစ္စတွေကို ပြောဆို ဆွေးနွေးရာမှာ သုံးမယ်ဆိုရင် အဓိပ္ပါယ်လွဲချော်သွားနိုင်ပါတယ်။


ချတ်ဟမ်စည်းမျဉ်းကို သုံးစွဲနေတုန်းမှာမှ အလွတ်ပြောဆိုချက်စည်းမျဉ်းကို လိုသလို ထည့်သုံးနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အပိုင်းက ဘယ်စည်းမျဉ်းအောက်မှာ ပြောဆိုတာကိုတော့ သေချာကွဲပြားစေဖို့ လိုပါတယ်။


ချတ်ဟမ်စည်းမျဉ်းရဲ့ အားနည်းချက်


စည်းမျဉ်းတစ်ခုတည်းနဲ့ အစည်းအဝေးတစ်ခုကို အားလုံးကောင်းသွားအောင် လုပ်နိုင်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စည်းမျဉ်းတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိနိုင်တာကြောင့်ပါ။ ချတ်ဟမ်စည်းမျဉ်းရဲ့ အားနည်းချက်ကို ထောက်ပြရရင်တော့ အစည်းအဝေးမှာ ပါဝင်တက်ရောက်သူတိုင်းရဲ့ တာဝန်ခံမှုပေါ်မှာ မူတည်ပါတယ်။ တာဝန်ခံမှုမရှိရင် ပေါက်ကြားမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ပေါက်ကြားမှာစိုးလွန်းလို့ ဘာအကြောင်းမှ ပြန်မပြောတော့တဲ့အတွက် ဆွေးနွေးမှုအကြောင်းအရာတွေကိုပါ လျှို့ဝှက်လိုက်လို့ ပွင့်လင်းမြင်သာမှုမရှိလည်း ဖြစ်သွားနိုင်ပါတယ်။ သူ့နေရာနဲ့သူ မှန်မှန်ကန်ကန် သုံးနိုင်မှ ထိရောက်မှာပါ။


အားနည်းချက်တွေကို သိရှိတာနဲ့အမျှ ဂရုတစိုက် လုပ်ဆောင်ရမှာကတော့ စည်းမျဉ်းအတိုင်း မလိုက်နာသူတွေကို အလားတူ အစည်းအဝေး‌တွေမှာ ပါဝင်ခွင့်ကန့်သတ်တာ၊ အစည်းအဝေးထိရောက်မှုရှိဖို့ စီစဉ်ပံ့ပိုးတာ၊ စနစ်တကျရှိတဲ့ အစည်းအဝေးမှတ်တမ်းအပါအဝင် သတင်းအချက်အလက် ပြုစုတာတွေကို ထည့်သွင်းစဉ်းစားရမှာပါ။ ဒီအချက်တွေအပါအဝင် ဘယ်အစည်းအဝေးမှာမဆို ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တချို့ကို ဖော်ပြလိုက်ရပါတယ်။

  • ကုတ်ပြောင်းဝှက် (encrypt လုပ်) တဲ့ စနစ်ပါဝင်ပြီး လုံခြုံတဲ့ (Signal၊ Telegram နဲ့ ProtonMail တို့လို) ဆက်သွယ်ရေး ပလက်ဖောင်းတွေကို သုံးစွဲဖို့လိုပါတယ်။

  • စီစဉ်ကျင်းပတဲ့ အစည်းအဝေးရဲ့ ရည်ရွယ်ချက်တွေနဲ့ ပါဝင်သူတွေအတွက် ကိုက်ညီဆီလျော်မှုရှိတဲ့ (ဥပမာ - အပြန်အလှန် လေးစားမှုရှိဖို့၊ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်ဖို့၊ အထိအရှလွယ်တဲ့ကိစ္စတွေကို ပြောဆိုရာမှာ လုံခြုံမှုအတွက် ပဋိညာဉ်ယူဖို့ စသဖြင့်) အစည်းအဝေးစည်းမျဉ်းတွေ တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။

  • ဘက်လိုက်မှုမရှိတဲ့ ကြားနေဖြစ်တဲ့ ကျွမ်းကျင်သူတွေကို အစည်းအဝေးရဲ့ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်စေသင့်ပါတယ်။ ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို အကျွမ်းတဝင်ရှိသူ ဖြစ်ဖို့လိုပြီး အစည်းအဝေးမှာ အားလုံးပြောခွင့်ဆိုခွင့်ရအောင် စေ့ဆော်တိုက်တွန်းနိုင်ဖို့ လိုပါတယ်။

  • အစည်းအဝေးရလဒ်တွေကို သေချာစနစ်တကျ မှတ်တမ်းတင်၊ ထိန်းသိမ်းရာမှာ အစည်းအဝေး ပါဝင်တက်ရောက်သူတွေရဲ့ အချက်အလက်တွေကို မထည့်သွင်းဖို့၊ လုံခြုံမှုရှိစေဖို့ ဂရုစိုက်သလို၊ စနစ်တကျ ဖျက်ဆီးတာတွေ လုပ်သင့်ပါတယ်။

  • အစည်းအဝေးတွေဟာ ထိရောက်ပြီး ရလဒ်ထွက်ပေါ်မှုရှိရဲ့လားဆိုတာ အမြဲဆန်းစစ်‌နေရပါမယ်။ များပြားတဲ့လုပ်ငန်းဆောင်တာတွေကြားက အစည်းအဝေးတစ်ခုတက်ရောက်ဖို့ အချိန်ပေးထားကြရတာဖြစ်လို့ အစည်းအဝေးတက်ရောက်သူတွေရဲ့ အကြံဉာဏ်တွေကို နားထောင်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။


ချတ်ဟမ်စည်းမျဉ်းဟာ အစည်းအဝေးတွေနဲ့ မကင်းနိုင်ကြသူ တက်ကြွနိုးကြားတဲ့နိုင်ငံသားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပါတယ်။ တခြားသော နည်းလမ်းတွေ၊ စည်းမျဉ်းတွေနဲ့ ပေါင်းစပ်ကျင့်သုံးပြီး မြန်မာပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှု၊ အခြေခံအခွင့်အရေးတွေ ရရှိမှု၊ တိုးတက်မှုနဲ့ လွတ်လပ်မှုတို့အတွက် အထောက်အပံ့ပြုနိုင်ကြပါစေလို့ ဆန္ဒပြု ဝေမျှလိုက်ရပါတယ်။

1,129 views4 comments
bottom of page