top of page

ဆက်သွယ်ရေးနဲ့ ရန်ပုံငွေရှာရေးအတွက် ChatGPT

ChatGPT ကို အဖွဲ့အစည်းတွေအတွက် ဘယ်လိုသုံးမလဲ


three people from window pass their hearts and a hand hold mobile devise where chatGPT is open

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ Open AI ဥာဏ်ရည်တုကုမ္ပဏီက ChatGPT ကို မိတ်ဆက်လာတယ်။ အဲဒီ ChatGPT က မေးလာသမျှ မေးခွန်းတွေကိုဖြေဖို့ အင်တာနက်ပေါ်မှ ရေးသားဖော်ပြချက်တွေကို မွှေနှောက်ရှာဖွေ၊ မေးသူရဲ့ ဘာသာစကားနဲ့ လေသံတွေအတိုင်း အတုခိုးပြီး အဖြေပေးနိုင်စွမ်းရှိပါတယ်။ သိပ်မကြာခင်မှာပဲ ChatGPT မှာ ဘယ်လိုအကန့်အသတ်တွေ ရှိနေသလဲဆိုတာ သုံးသူတွေ သိသွားကြတယ်။ အဓိကအားဖြင့် ၂၀၂၁ နောက်ပိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိနားလည်မှု အကန့်အသတ်ရှိတဲ့အချက်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ စာရေးနိုင်စွမ်းကတော့ ကျောချမ်းဖို့ကောင်းပါတယ်။ သုံးသူအများအပြားက ChatGPT ကို သီချင်းစာသားရေးခိုင်းတာ၊ ကျောင်းသားတွေက အိမ်စာအတွက် ကူရေးခိုင်းတာ၊ နည်းပညာနဲ့ပတ်သက်လို့ code တွေ ရေးခိုင်းတာအထိ ဘက်စုံကို ရနေတော့တာပဲ။


အဲဒီအချိန်မှာ ရန်ပုံငွေရဖို့ သဲသဲမဲမဲ ရှာနေရတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေအဖို့ ဝမ်းသာစရာဖြစ်တော့တာပဲ။ အဲဒီအဖွဲ့အစည်းတွေမှာ လူမှုကွန်ရက်ပေါ် တင်ရမယ့် စာမူကြမ်းတွေ၊ အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း စာကြမ်းတွေ၊ ထောက်ပံ့ငွေ လျှောက်ထားရာမှာ ဖြည့်ရတဲ့ မပြီးနိုင်မဆုံးနိုင် မေးခွန်းတွေကို ဖြေနိုင်မယ့် စိတ်ကူးစိတ်သန်းတွေအတွက် ကိုယ့်ဘာသာ ရေးရမယ်ဆိုရင် အချိန်ကုန်လွန်းတဲ့စာတွေကို ChatGPT မှာ ရေးခိုင်းလို့ ရသွားတယ်။


“ကျွန်မတို့အဖွဲ့က လူနည်းနည်းနဲ့ လုပ်ရတော့ အလုပ်တွေ ပိနေတာ၊ ပြီးပြတ်အောင်လုပ်ရမယ့် ကိစ္စတွေက များလွန်းတော့ AI ရှိတာ အတော်ကြီး အလုပ်ဖြစ်သွားတယ်” လို့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုအတွက် ဖိဖိစီးစီး လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ရင်ဖွင့်ပါတယ်။


ကိုယ်တိုင်က စာကို ကျကျနန ရေးတတ်တဲ့သူ၊ စာရေးရတာ သဘောတောင်ကျသေး၊ ပျော်တောင်ပျော်သေးဆိုတဲ့ လူမျိုးဆိုရင်တော့ ChatGPT ကို အားကိုးစရာမလိုဘူးပေါ့။

ကွန်ပျူတာရှေ့ ငုတ်တုတ်မေ့


တစ်နေ့တာလုပ်ဆောင်ရမယ့် ကိစ္စမျိုးစုံထဲမှာ ရုံးလုပ်ငန်းတို့ရဲ့သဘာဝ စာရေးရတာလည်း ပါပါတယ်။ မိခင်ဘာသာစကားနဲ့ စာမျက်နှာတစ်ဝက်လောက် ရေးဖို့အတွက်တောင် ဘယ်ကစလို့စရမယ်မှန်း မသိတဲ့ထဲမှာ အင်္ဂလိပ်စာလို နိုင်ငံတကာသုံး ဘာသာစကားနဲ့ရေးရမယ်ဆိုရင် ပိုပြီးတော့ တွန့်ဆုတ်မိတာတွေ ရှိပါတယ်။ ဒါ့အပြင် မတူညီတဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ သင့်တင့်လျှောက်ပတ်တဲ့ လေသံကို အသုံးပြုနိုင်လေ ပိုပြီး ထိရောက်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာမှာပါ။ အကြောင်းအရာတစ်ခုတည်းကိုပဲ အလှူငွေထောက်ပံ့ဖူးတဲ့ အဖွဲ့အစည်းတစ်ခုဆီ အကြောင်းကြားတဲ့ လေသံဟန်ပန်နဲ့ အများပြည်သူကို အသိပေးဖို့ ရေးသားရတဲ့ လေသံဟန်ပန်ဟာ မတူညီနိုင်ပါဘူး။ အဲဒီအခါမျိုးမှာ ကွန်ပျူတာကြီးရှေ့မှာဖွင့်ထားပေမယ့် ခေါင်းထဲမှာ ဘာစာတစ်လုံးမှ ထွက်ကျမလာတဲ့အခိုက်တွေကို ကြုံရတော့တာပါပဲ။


အဲဒီအတွက် အခု ChatGPT ကို ရေးခိုင်းလိုက်လို့ ရနေပါပြီ။ သူ့ကိုရေးခိုင်းပြီးမှ ကိုယ်မလိုတဲ့အချက်အလက်တွေ ဖြုတ်၊ လိုတာတွေထပ်ဖြည့် လုပ်နိုင်တာပါပဲ။ ခုထိတော့ Chat GPT က သုံးရတာလွယ်ပြီး အခမဲ့ဖြစ်နေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်ထိ ခုလို အခမဲ့ သုံးနိုင်မလဲဆိုတာတော့ မသေချာပါဘူး။ ဘယ်သူမဆို အီးမေးလ်အကောင့်တစ်ခုရှိရင် ChatGPT မှာ လိုအပ်တာတွေ ရေးသားခိုင်းလို့ ရနေပါပြီ။ တစ်ခါတစ်ရံတော့ သူ့ဖြေဆိုမှုတွေမှာ အမှားအယွင်းတွေ ပါနိုင်ပါတယ်ဆိုတဲ့ သတိပေးချက်လေးတွေ တွေ့ရတတ်တယ်။


ဆက်သွယ်ရေးမှာ အမြင်မတိမ်းစောင်းဖို့အတွက် တိကျမှန်ကန်တဲ့ စကားလုံးရွေးချယ်မှုတွေ လိုအပ်ပါတယ်။ အဲဒီအတွက် တစ်မနက်လုံး အချိန်တွေကုန်၊ ရေးလိုက်ဖျက်လိုက် စိတ်ပင်ပန်းရဖြစ်မယ့်အစား ChatGPT ကို မူကြမ်း ရေးခိုင်းလိုက်တာပေါ့။ “အဲဒီအခါကျတော့ ကိုယ်ရေးနေရတယ်လို့ကို မထင်တော့တာ၊ ကိုယ်က အယ်ဒီတာအဖြစ် တည်းဖြတ်ပြင်ဆင်ရတဲ့သဘော ဖြစ်သွားတာပေါ့” လို့ အမေရိကန်က အိမ်ခြေမဲ့ကလေးငယ်တွေကို စောင့်ရှောက်နေတဲ့ ပရဟိတအဖွဲ့တစ်ခုက အမှုဆောင်အရာရှိ ဂေးလ်ရောဘတ်က သူ့အတွေ့အကြုံကို ပြောပါတယ်။


အယ်ဒီတာတစ်ယောက်အဖြစ် စာရေးရတဲ့အခါ စာရဲ့ ဦးတည်ချက်၊ ဖတ်မယ့်သူရဲ့ အနေအထားနဲ့ လေသံတွေကို ပိုဂရုစိုက်မိသွားစေပါတယ်။ စာတစ်ပုဒ်ကို ထောင့်ထောင့်ကြီးရေးထားမိလို့ ဖတ်သူက နားလည်မှုလွဲနိုင်တယ်ဆိုရင် လွယ်လွယ်ရှင်းရှင်းလေး ပြန်ရေးပေးပါလို့ ChatGPT မှာ ခိုင်းလို့ရပါတယ်။ “၂၅ ရာခိုင်နှုန်းလောက် လေသံဖျော့ပေးပါ” စသဖြင့် သူ့ကို ခိုင်းရတာပေါ့။ ဒီလို AI ကို ခိုင်းရတဲ့အတွက် ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အလုပ်မှာ ဝန်မပိတော့တဲ့အတွက် ပိုပျော်ဖို့ကောင်းလာပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်က စာကို ကျကျနန ရေးတတ်တဲ့သူ၊ စာရေးရတာ သဘောတောင်ကျသေး၊ ပျော်တောင်ပျော်သေးဆိုတဲ့လူမျိုးဆိုရင်တော့ ChatGPT ကို အားကိုးစရာမလိုဘူးပေါ့။ တခြား အထောက်အကူပြုနိုင်တဲ့ AI နည်းပညာတွေက ပိုအသုံးဝင်နိုင်တာပေါ့။ ဘာဖြစ်ဖြစ် ရန်ပုံငွေအခွင့်အလမ်းတစ်ခု လက်မလွတ်တမ်း ရဖို့လိုတဲ့ အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူတွေဖို့ AI က သဘောကျစရာပါ။


သူလေ သိပ်ဖြီး


ဒီလို အားကိုးစရာတစ်ခုဖြစ်လာတဲ့ ChatGPT မှာ သတိထားစရာလေးတွေတော့ ရှိသေးတယ်။ သူ့ကို တစ်ခုခု ရေးခိုင်းထားပြီး မျက်နှာလွဲခဲပစ် ပြန်မစစ်ဘဲ ထားလိုက်လို့ရတာမျိုး မဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ အရေးအသားမျိုး မရမချင်း bot ကို မေးခွန်းတွေ လှည့်ပတ်မေး၊ ရေးခိုင်းပြင်ခိုင်း လုပ်လို့ရတယ်။ ဘာဖြစ်ဖြစ် ကိုယ့်အတွက် အချိန် ၈၅ ရာခိုင်နှုန်းလောက် သက်သာတာကတော့ အမှန်ပဲ။


ဒါ့အပြင် သူ့အဖြေတွေထဲမှာ တိကျမှုနဲ့ပတ်သက်လို့မေးခွန်းထုတ်စရာ ကြုံရတတ်တယ်။ Chat GPT ရဲ့အသိဉာဏ်က ၂၀၂၁ ခုနှစ်လောက်အထိ ရှိနေခဲ့တဲ့ အင်တာနက်ပေါ်က အကြောင်းအရာတွေကို ပိုပြီးအခြေခံတာကြောင့် သူ နားမလည်တာ၊ မသိတာတွေလည်း ရှိတယ်။ အဲသလိုအခြေအနေမျိုးမှာ သူက ခပ်တည်တည်နဲ့ ဖြီးတတ်တယ်။ လိမ်တယ်ညာတယ်ပဲ ဆိုဆိုပေါ့။ ဒါကြောင့် သူ့ဖြေဆိုချက်တွေထဲမှာ အချက်အလက်တွေ ပါလာပြီဆိုရင်တော့ ကိုယ်တိုင်ပြန်စစ်နိုင်မှ တော်ကာကျမယ်။ ChatGPT သုံးသူတွေက Google နဲ့တူတူပဲလို့ အောက်မေ့ကြတယ်။ လိုချင်တာရှိလို့ သူ့ကိုမေးလိုက်ရင် တန်းရတာကို သဘောကျနေကြတယ်။ တကယ်တော့ အချက်အလက်စစ်ဆေးမှုကို လူကိုယ်တိုင် search engine တွေပေါ်မှာ လိုက်ရှာပြီး တိုက်ဆိုင်စစ်ဆေးတာ စိတ်အချရဆုံးပဲ။


နောက်ကိစ္စတစ်ခုက ဘက်လိုက်တတ်တာ။ အဲဒါကိုတော့ ChatGPT ကိုယ်တိုင်က ဝန်ခံလေ့ရှိပါတယ်။ “မင်း သေချာသတိထားပြီး ပြန်မစစ်မိရင် ကိုယ့်အလှူရှင်အဖွဲ့အစည်းကို စော်ကားရာကျတာတွေ ပါသွားနိုင်တယ်နော်”လို့ ထည့်သွင်းတုံ့ပြန်တာ တွေ့ရတယ်။ ရန်ပုံငွေရှာသူတွေအနေနဲ့ အလှူရှင်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြောဆိုရာမှာ AI က ထွက်လာတာတွေချည်း လှမ်းပို့နေရင် ရှက်စရာကောင်းပါတယ်။ စစ်မှန်မှုနဲ့ ယုံကြည်ထိုက်မှုကို တည်ဆောက်တော့မှသာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရလာမှာပါ။ ပြီးတော့ ရန်ပုံငွေရလိုကြောင်း လျှောက်ထားချဉ်းကပ်တဲ့စာတွေဟာ စာကြီးပေကြီးတွေ ဖြစ်ဖို့မလိုပါဘူး။ အပြန်အလှန် နားလည်မှုကို ပုံဖော်နိုင်ဖို့က အဓိကကျပါတယ်။


ပုံသေကားကျ အီးမေးလ်တွေမဖြစ်အောင်


တချို့အဖွဲ့အစည်းတွေကတော့ စာရေးသားမှုမှာ အခက်မတွေ့စေဖို့ဆိုပြီး မေးမြန်းစုံစမ်းမှု၊ ကျေးဇူးတင်ရှိကြောင်း၊ ဖိတ်စာ၊ သင်တန်းခေါ်စာ စသဖြင့် ရေးထားပြီးသား template တွေကို အားကိုးလေ့ရှိပါတယ်။ ဘယ်လောက်ကောင်းတဲ့ template ပဲရှိရှိ တစ်ခါလာလည်း ဒီအရေးအသား၊ နောက်တစ်ကြိမ်လည်း တစ်သဝေမတိမ်း ဖြစ်နေတာ ပျင်းဖို့ကောင်းပါတယ်။ အဲဒီအခါမျိုးမှာ ChatGPT ကို အရေးအသားပုံစံ ပြောင်းခိုင်းလို့ ရပါတယ်။ ကိုယ့်အဖွဲ့အစည်းအတွက် ရန်ပုံငွေ ရက်ရက်ရောရော ပံ့ပိုးထားတဲ့ အဖွဲ့အစည်းတစ်ခု၊ လက်တွဲဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ကျေးဇူးတင်ကြောင်း ဖော်ပြရာမှာ ရွှန်းရွှန်းဝေအောင်ရေးနိုင်လေ ကောင်းလေပေါ့။


ဒီလို AI ကပေးတဲ့ အခွင့်အရေးကို အလွဲသုံးစားလုပ်တာတွေလည်း နိုင်ငံတကာမှာ တွေ့ရပါတယ်။ တချို့က သူတို့ကိုယ်သူတို့ အဖွဲ့အစည်းတစ်ခုယောင်ဆောင်ပြီး တစ်ဦးချင်းအလှူရှင်တွေဆီကနေ ငွေလိမ်အလှူခံတာမျိုးတွေလည်း ရှိပါသတဲ့။ ဒါကြောင့် အလှူခံတဲ့အီးမေးလ်ရောက်ရင် အဖွဲ့အစည်းရဲ့ တရားဝင်အီးမေးလ်လိပ်စာတွေဆီက ဆက်သွယ်တာကိုပဲ အတည်ယူပါလို့တောင် အဖွဲ့အစည်းတွေက အလှူရှင်ပုဂ္ဂိုလ်တွေကို သတိပေးထားကြရပါတယ်။


သိသူ‌‌ဖော်စား


ChatGPT ဟာ အ‌ကောင်းဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တစ်ကမ်းမှာရှိနေလို့ အသုံးချတတ်ရင် အသုံးဝင်တဲ့ နည်းပညာတစ်ခုပါ။ လက်ရှိအခြေအနေလို မသိသူကျော်သွား၊ သိသူဖော်စား နည်းပညာတစ်ခုကနေ အသုံးတွင်ကျယ်လာတဲ့ နည်းပညာတစ်ခုအဖြစ် အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာ သုံးလာကြမယ်လို့ ယူဆရပါတယ်။


AI နည်းပညာထွန်းကားလာတာနဲ့အမျှ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားမလား၊ နေရာကျုံ့သွားမလား စသဖြင့် စိုးရိမ်မှုတွေ ရှိကြပါတယ်။ တစ်ဖက်မှာ AI ဟာ မရပ်မနား ရှေ့ဆက်တိုးတက်ပြီး လွယ်လွယ်ပြန်ပျောက်ကွယ်သွားဖို့ မရှိပါဘူး။ အနည်းဆုံး ရှိနေတဲ့နည်းပညာကို ဆက်သွယ်ရေးတွေ ချောမွေ့စေဖို့နဲ့ ရန်ပုံငွေရှာဖွေမှုတွေမှာ သုံးနိုင်ရင် လောလောဆယ် အရပ်ဘက်အဖွဲ့အစည်းတွေအတွက် တစ်ဖက်တစ်လမ်းက လက်တွေ့ကျကျနဲ့ ထိရောက်မှုရှိရှိ အကျိုးပြုမှာ သေချာပါတယ်။

1,190 views3 comments
bottom of page