top of page
ခူးဂလယ်

သတင်းစာထက်စောတဲ့ သတင်းလွှာ

သတင်းစာခေတ်ဦးမှာ သတင်းလွှာတွေ ဘယ်လိုပေါ်ပေါက်ခဲ့ကြလဲ


ဒီဆောင်းပါးမှာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းရင်း လူသားတွေနည်းတူ နိမ့်တုံမြင့်တုံ လောကဓံကို ကြုံကြရတဲ့ သတင်းစာတွေမပေါ်မီ နေ့ရက်တွေနဲ့ သတင်းစာခေတ်ဦးအကြောင်း နည်းနည်းလောက် ရှာဖွေမွှေနှောက်ထားပါတယ်။



သတင်းစာတွေရဲ့ တိုးတက်ဖြစ်ထွန်းမှုမှာ အဆင့်သုံးဆင့်ရှိတယ်လို့ ဘရစ်တနီးကား စွယ်စုံကျမ်းက ဖော်ပြပါတယ်။

  • ပထမဆုံးအဆင့်မှာ ကြုံသလို ကြိုကြားကြိုကြား ထုတ်ဝေကြတဲ့ ကနဦးစာစောင်တွေဖြစ်ပြီး တဖြည်းဖြည်းမှ ပုံမှန်ထုတ်ဝေမှုတွေ ဖြစ်လာကြတာပါ။

  • ဒုတိယအဆင့်မှာ အနည်းနဲ့အများ ပုံမှန်ထုတ်ဝေလာကြတဲ့ ဂျာနယ်တွေဟာ ဆင်ဆာဖြတ်ခံရတာ၊ လိုင်စင်လုပ်ခိုင်းတာတွေ ကြုံလာရပြီး၊

  • တတိယအဆင့်မှာ တိုက်ရိုက်ဆင်ဆာလုပ်တဲ့နည်း မရှိတော့ပေမယ့် အခွန်ကောက်၊ အရေးယူတဲ့နည်းတွေနဲ့ ထိန်းချုပ်တာတွေ ကြုံခဲ့ရပါတယ်။

အဲဒီနောက်မှသာ အတော်အသင့် လွတ်လွတ်လပ်လပ်နဲ့ ရေးသားထုတ်ဝေမှုတွေ လုပ်နိုင်ခဲ့ကြတာပါ။ ဒီဆောင်းပါးမှာတော့ ပထမဆုံးအဆင့် သတင်းစာတွေမပေါ်ခင်မှာ ပေါ်ပေါက်ခဲ့တဲ့ သတင်းလွှာတွေ အကြောင်းကို အဓိကဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။


၁၇၈၉ ခုနှစ်မှာ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်လာတော့ ပါရီမြို့တော်အခြေစိုက် သတင်းစာပေါင်း ၃၅၀ အထိ များပြားသွားခဲ့တယ်။ ဒါပေမယ့် ...

ဗဟိုဥရောပ ကူးသန်း‌ရောင်းဝယ်ရေး သတင်းလွှာများ


ရောမခေတ်အတွင်းမှာ သတင်းလွှာတွေဟာ အစိုးရအရာရှိတွေနဲ့ သူတို့မိတ်ဆွေတွေကြား စာပေးစာယူလုပ်ဖို့ ပင်မနည်းလမ်းအဖြစ် လက်ခံထားခဲ့ကြပါတယ်။ အလယ်ခေတ်ကုန်လုလုမှာတော့ ကုန်ရောင်း ကုန်ဝယ် လုပ်ကြသူမိသားစုကြီးတွေဟာ အနယ်နယ်အရပ်ရပ်က သူတို့လုပ်ငန်းတွေနဲ့ဆက်သွယ်ဖို့ သတင်းလွှာတွေကို သုံးလာတယ်။ ဖျူဂါဆိုတဲ့ မိသားစုတစ်ခုဟာ ဂျာမနီရဲ့ အော့ဂ်စဘာ့ဂ်မြို့တော်မှာ အရေးကြီး ဘဏ္ဍာရေး လုပ်ငန်းကြီးရှိတယ်။ သူတို့ဆီက ပုံမှန်ထုတ်ဝေတဲ့ သတင်းလွှာတွေဟာ လုပ်ငန်းပြင်ပက လူတွေကြားထဲမှာပါ ကျော်ကြားတယ်။

ဖျူဂါမျိုးဆက် Jakob II Fugger (၁၄၅၉–၁၅၂၅) ရဲ့ပုံတူ

အဲသလို ကုန်သည်ကြီးတွေရဲ့ သတင်းလွှာ ဆိုမှတော့ ဘယ်ကုန်ပစ္စည်းတွေ၊ ဘယ်ဝန်ဆောင်မှုတွေကို ဘယ်နေရာမှာ ဘယ်ဈေးနဲ့ ရနိုင်တယ်ဆိုတဲ့ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ ပါတာပေါ့။ အဲဒါတွေအပြင် နိုင်ငံရေးသတင်းတွေလည်း ပါတယ်။ ဒီနေ့ခေတ်မှာလည်း ဘဏ္ဍာ ငွေကြေးဆိုင်ရာ စာစောင်အယ်ဒီတာကလည်း စီးပွားရေးနဲ့ ငွေကြေးလွှဲပြောင်းမှုတွေအပေါ် သက်ရောက်မှုရှိလာနိုင်တာတွေကို ထည့်သွင်းဖော်ပြသလိုမျိုးပဲပေါ့။ ဒီလိုနဲ့ပဲ ကုန်စည်ကူးသန်းရေး သတင်းလွှာတွေဟာ အရေးကြီးတဲ့ သတင်းတွေကို ပထမဆုံး ထည့်သွင်းဖော်ပြတဲ့ နေရာတွေ ဖြစ်လာကြတာပဲ။ ဒီလိုကနေ အချိန်မှန်ထုတ်၊ ခပ်စိပ်စိပ် ထုတ်လာကြပြီး အကြောင်းအရာတွေ၊ ဖြစ်ရပ်တွေက ပိုပြီး ကျယ်ပြန့်လာတာပဲ။


သတင်းတောင့်တမှု၊ သတင်းစာနဲ့ ဆင်ဆာ


သတင်းလွှာတွေထဲကမှ တကယ့်သတင်းစာအဖြစ် အစောဆုံးစာရင်းသွင်းခံရတာက ၁၆၀၉ ခုနှစ်မှာ ဂျိုဟန်ကရောလက်စ် ထုတ်ဝေခဲ့တဲ့ “စတြာစ်ဘော့ဂ်နှင့်စပ်သမျှ”(Relation of Strasbourg) သတင်းလွှာပါ။ သူ့ခေတ်သူ့အခါမှာ ပြိုင်ဘက်အဖြစ် တစ်ချိန်တည်းပေါ်ခဲ့တာက Brunswick-Wolfenbuttel နယ်စားကြီး ဟိုင်းနရစ်ခ်ဂျူးလီယက်စ် ထုတ်ဝေတဲ့ Avisa Relation oder Zeitung ဆိုတဲ့သတင်းစာပဲ။ (Zeitung ဆိုတာက ဂျာမန်လို သတင်းစာ (newspaper) လို့ အဓိပ္ပါယ်ရတယ်။) ၁၆၀၅ ခုနှစ်လောက်က စထုတ်ခဲ့တဲ့ Antwerp မြို့အခြေစိုက်၊ “ဒီ‌ရေသစ်” (Nieuwe Tijdingen) ခေါင်းစဉ်နဲ့ သတင်းစာတစ်စောင် ရှိခဲ့သေးတယ် ဆိုပေမယ့် ရှာဖွေကြည့်သမျှ အစောဆုံးတွေ့ရတာက ၁၆၂၁ ခုနှစ်က ထုတ်ဝေမှုပဲ ဖြစ်နေတယ်။

၁၆၀၉ ခုနှစ်က စတြာစ်ဘာ့ဂ်သတင်းလွှာတစ်ခုရဲ့ ရှေ့ဆုံးစာမျက်နှာ
၁၆၀၉ ခုနှစ်က စတြာစ်ဘာ့ဂ်သတင်းလွှာတစ်ခုရဲ့ ရှေ့ဆုံးစာမျက်နှာ

ဘာပဲပြောပြော ၁၇ ရာစုအစောပိုင်းမှာ သတင်းစာတွေ အပြိုင်အဆိုင် ထုတ်ဝေလာ တာဟာ လူတွေက သတင်းစာတွေကို တောင့်တလာလို့ပဲလို့ ဆိုရလိမ့်မယ်။


ဆက်ပြောရရင်တော့ ဥရောပမှာ သတင်းစာတွေ သူ့ထက်ငါ ထုတ်ဝေလာကြပြီး ဒက်ချ်မှာ ၁၆၁၈၊ ဆွစ်ဇာလန်မှာ ၁၆၁၀၊ အင်္ဂလန်မှာ ၁၆၂၁၊ ပြင်သစ်မှာ ၁၆၃၁၊ ဒိန်းမတ်မှာ ၁၆၃၄၊ ဆွီဒင်မှာ ၁၆၄၅၊ ပိုလန်မှာ ၁၆၆၁ ခုနှစ်တွေမှာ သတင်းစာတွေ ပေါ်လာတယ်။ ဒါပေမယ့် ဆင်ဆာဖြတ်တောက်မှုနဲ့ ပိတ်ပင် ကန့်သတ်မှုတွေကို ၁၇ ရာစုအကုန်ပိုင်းကနေ ၁၈ ရာစု အစောပိုင်းအထိ ဆက်ကြုံခဲ့ကြရတယ်။


တော်လှန်ရေး၊ စစ်ပွဲနဲ့ သတင်းစာများ


ပြင်သစ်မှာ ပထမဆုံးနေ့စဉ်ထုတ်ဝေတဲ့ ပါရီနေ့စဉ် (Le Journal de Paris )ဟာ ၁၇၇၇ ခုနှစ်မှ စထုတ်ခဲ့တာ။ ၁၇၈၉ ခုနှစ်မှာ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်လာတော့ ပါရီမြို့တော်အခြေစိုက် သတင်းစာပေါင်း ၃၅၀ အထိ များပြားသွားခဲ့တယ်။ ဒါပေမယ့် သက်ဦးဆံပိုင်စနစ်အောက် ပြန်ရောက်သွားတဲ့နောက် သတင်းစာ အရေအတွက်တွေ ကျဆင်းသွားတာပါပဲ။ Le Moniteur Universel ဆိုတဲ့ ၁၇၈၉ ခုနှစ်ကတည်းက ချားလ် ဂျိုးဆက်ပန်းကက် စထုတ်ဝေခဲ့တဲ့ သတင်းစာကို နပိုလီယံက သူ့ရဲ့ တရားဝင် သတင်းထုတ်ပြသုံးတယ်။ ၁၈၆၉ ခုနှစ်အထိ အဲဒီသတင်းစာ အသက်ရှည်ခဲ့တယ်။ နပိုလီယံ အုပ်စိုးချိန်အတွင်း ထုတ်ဝေခွင့်ရတာဆိုလို့ အဲဒီတစ်စောင်အပြင် နောက်ထပ် ပြင်သစ်သတင်းစာ သုံးစောင်ပဲရှိတယ်။


ဒီတစ်ခါ ဂျာမနီဘက် လှည့်ကြဦးစို့။ ဂျာမနီမှာ အစောပိုင်း သတင်းလွှာတွေရဲ့ တိုးတက်ဖြစ်ထွန်းမှုဟာ ၁၆၁၈-၄၈ ခုနှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်သုံးဆယ်စစ်ပွဲကြောင့် ကုန်သွယ်ကူးသန်းမှုတွေ ပိတ်ပင်တာ၊ စက္ကူပြတ်လပ်တာနဲ့ တင်းကျပ်တဲ့ ဆင်ဆာဖြတ်တောက်မှုတွေရဲ့ ရိုက်ခတ်မှုတွေ ကြုံခဲ့ရတယ်။ ပြန်ငြိမ်းချမ်းသွားခဲ့တဲ့ အချိန်တွေမှာတောင်မှ ဆင်ဆာဖြတ်တောက်မှုနဲ့ ဒေသစွဲ အမြင်ကျဉ်းမှုတွေဟာ ဂျာမနီ သတင်းစာတွေပေါ် ရိုက်ခတ်ခဲ့တယ်။ ဒေသအလိုက် ပေါ်ထွန်းခဲ့တဲ့ သတင်းစာတွေထဲမှာ အထင်ကရဖြစ်တာက ၁၆၈၉ ခုနှစ်မှာ စထုတ်ဝေခဲ့တဲ့ Augsburger Zeitung ၊ ဘာလင်မှာ ၁၇၀၅ ခုနှစ်မှာ စထုတ်ဝေတဲ့ Vossische Zeitung နဲ့ ၁၇၁၄ ခုနှစ်မှာ စထုတ်ဝေတဲ့ Hamburgische Correspondent သတင်းစာတွေပဲ။


လွတ်လပ်စွာထုတ်ဝေခွင့်နဲ့ လွတ်လပ်တဲ့စာနယ်ဇင်း


ဩစတြီးယားမှာတော့ ၁၇၀၃ ခုနှစ်မှာ စထုတ်ခဲ့တဲ့ Wiener Zeitung သတင်းစာကတော့ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး ရပ်တည်ခဲ့တဲ့ သတင်းစာအဖြစ် သတ်မှတ်ခံရတယ်။ သက်တမ်းအရင့်ဆုံးနဲ့ အပတ်စဉ် ဆက်တိုက်ထုတ်ဝေခဲ့တာက ၁၆၄၅ ခုနှစ်က စထုတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်ကစလို့ အင်တာနက်ပေါ်မှာပဲ ထုတ်ဝေတော့တဲ့ Post-och Inrikes Tidningar ဆွီဒင်အစိုးရထုတ် ဂေဇက်ပါပဲ။


ဆွီဒင်ဟာ ၁၇၆၆ ခုနှစ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံတဲ့ ပထမဆုံးဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့တာကတော့ မှတ်သားထိုက်ပါရဲ့။ တကယ်တမ်း ဥရောပနိုင်ငံတွေမှာ လွတ်လပ်တဲ့ စာနယ်ဇင်းဆိုတဲ့ အယူအဆဟာ ၁၉ ရာစုအလယ်ပိုင်း နှစ်တွေကျမှ တွင်ကျယ်လာတာပါ။ အဲသလို မတွင်ကျယ်လာခင်တော့ သတင်းစာတွေ၊ သတင်းလွှာတွေကို ထုတ်ဝေသူတွေဟာ အာဏာပိုင်တွေရဲ့ မျက်စိဒေါက်ထောက် ကြည့်တာကို တစ်ချိန်လုံးခံခဲ့ကြရပါကြောင်း တင်ဆက်လိုက်ရပါတယ်။


နောက်တစ်ခေါက်မှ ရောက်ရာပေါက်ရာ ဆက်ပြောကြသေးတာပေါ့။

1,797 views2 comments

2 Comments


Guest
May 21, 2023

the article is worth reading. It is full of knowledge.

Like

Guest
May 16, 2023

Thanks for sharing.

Like
bottom of page