top of page

တော်လှန်ရေးနှင့်အပြိုင် ပြည်တွင်းဦးစီးဦးဆောင်မှု

နိုင်ငံတကာ ဖွံ့ဖြိုးရေးကူညီပံ့ပိုးမှုတွေကို ပြည်တွင်းကြားခံအဖွဲ့တွေ ဘာကြောင့် ဦးဆောင်သင့်လဲ။


two hands break chains, one holding a key

 Devpolicy Blog မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က "Aid Localisation amidst Revolution in Myanmar" ခေါင်းစဥ်နဲ့ ဖော်ပြခဲ့တဲ့ မြန်မာ့ရေးရာသုတေသနကွန်ရက်သုတေသီ အန်းဒဲကိုဘတ်တာမာ့စ်ဝဲလ်နဲ့ အမည်မဖော်လိုသူ မြန်မာသုတေသီတစ်ဦးတို့ရဲ့ဆောင်းပါးကို မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။


 

တော်လှန်‌ရေးတွေမှာ ပြည်သူတွေဟာ လူကြိုက်လည်းမများ၊ တရားမျှတမှုလည်းမရှိတဲ့ အာဏာရ ခေါင်းဆောင်တွေကို ဖြုတ်ချနိုင်ဖို့ ဖိအားပေးကြပါတယ်။ အဲဒီအခါ လူ့အဖွဲ့အစည်းထဲမှာ အခိုင်အမာထူထောင်ပြီးသား တခြား အာဏာအခြေပြုဆက်ဆံရေး (power relation) တွေ‌ဟာလည်း စိန်ခေါ်မှုတွေနဲ့ ကြုံရလေ့ရှိပါတယ်။ တော်လှန်ရေးတွေ၊ အရေးအခင်းတွေဟာ တန်းတူညီမျှမရှိတဲ့၊ တရားမျှတမှုကင်းမဲ့တဲ့ ဆက်ဆံရေးတွေကို “အတွင်းသဘော လှစ်ဟပြ” နိုင်စွမ်းရှိတယ်လေ။


လက်ရှိ မြန်မာ့တော်လှန်ရေးဆိုလည်း အဝေးရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ နိုင်ငံတစ်ဝှမ်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ခုခံတွန်းလှန်ရေး လှုပ်ရှားမှုတွေနဲ့အတူ ပြည်သူလူထုရဲ့ နှစ်နှစ်ကာကာ ထောက်ခံနှစ်သက်မှုမရတဲ့၊ ကြမ်းကြုတ်ရက်စက်တဲ့ မြန်မာစစ်တပ်ကို တွန်းလှန်နေတယ်။ ဒီတော်လှန်ရေးမှာပဲ တချို့ဆက်ဆံရေး (power relation) တွေကို ပြန်ဖွင့်ဆိုလက်ခံနိုင်လာခဲ့တယ်။ ဥပမာပြရရင် များပြားလှတဲ့ တိုင်းရင်းသားအုပ်စုတွေ၊ မျိုးဆက်ပေါင်းများစွာထဲကမှ တော်လှန်ရေးလှုပ်ရှားမှုတွေထဲ ခေါင်းဆောင်မှုနေရာသစ်ရလာတဲ့ ထောင်စုနှစ်သစ်ဖွားမျိုးဆက်တွေ စသဖြင့်ပေါ့။


တစ်ချိန်တည်းမှာပဲ လူသားချင်းစာနာမှုအကူအညီတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချ၊ ရင်းမြစ်စီမံခန့်ခွဲရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကာလကြာရှည် လွှမ်းမိုးခြယ်လှယ်နေတာကို မြန်မာပြည်က ဒေသခံ၊ ပြည်တွင်း အဖွဲ့အစည်းတွေက မေးခွန်းထုတ်လာကြသလို နိုင်ငံတကာကူညီပံ့ပိုးမှုယန္တရား တည်ဆောက်ပုံအတွင်းက ဆက်ဆံရေးတွေ၊ လှုပ်လှုပ်ရှားရှား ပါဝါလွန်ဆွဲမှုတွေဟာ စိန်ခေါ်မှုတွေ ကြုံလာရတယ်။


အုပ်ချုပ်သူတွေနဲ့ အလှူရှင်အဖွဲ့အစည်းတွေရဲ့ အကန့်အသတ်တွေကြောင့် [ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေ] ရဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေဟာ ထင်တိုင်းမပေါက် ဖြစ်နေပါတယ်။

တော်လှန်ရေးနဲ့အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကျပ်အတည်းကလည်း ဆိုးသထက် ဆိုးလာနေပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ်ထဲမှာ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ ပြည်သူ ၁၇ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လာမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေနဲ့ ကုလသမဂ္ဂ (UN) အေဂျင်စီတွေရဲ့ပံ့ပိုးမှုအဓိကလိုအပ်တဲ့ နေရာတွေဆီ သွားရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ကန့်သတ်ထားလို့ လူသားချင်းစာနာမှု အစီအစဉ်တွေနဲ့ ပတ်သက်ရင် ဒေသခံ၊ ပြည်တွင်း အဖွဲ့အစည်းတွေအပေါ် လုံးဝနီးပါး အားကိုးနေရပါတယ်။ ဒီလို ကူညီပံ့ပိုးရေးမှာ အခရာကျကျ ပါဝင်နေရပေမယ့်လို့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ရာမှာ၊ ရင်းမြစ်စီမံခန့်ခွဲတဲ့ ကိစ္စတွေမှာတော့ သူတို့က အနားတောင်ကပ်ခွင့်မရကြပါဘူး။


၂၀၂၂ အကုန်၊ ၂၀၂၃ ခုနှစ်အစောပိုင်းမှာ အဲသလို ပြည်တွင်းအဖွဲ့အစည်းတွေဆီက ခေါင်းဆောင် ၂၅ ဦးနဲ့ သေသေချာချာ တွေ့ဆုံမေးမြန်း (မြန်မာနိုင်ငံက နိုင်ငံတကာကူညီပံ့ပိုးရေးအဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမေးမြန်းမှု ဆယ်ခုလည်းလုပ်ခဲ့) ပြီး ကူညီပံ့ပိုးရေးလုပ်ငန်းတွေမှာ ပြည်တွင်း ဦးစီးဦး‌ဆောင်ပြုမှုရဲ့ အလှုပ်အရမ်း အရွေ့အပြောင်းတွေကို လေ့လာခဲ့ပါတယ်။


အဲဒီထဲမှာ အဓိကတွေ့ရှိချက်တစ်ခုက ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေတွေမှာ ဒေသခံ လူသားချင်းစာနာကူညီမှု အဖွဲ့အစည်းတွေဟာ နိုင်ငံတကာကူညီပံ့ပိုးမှုတွေနဲ့ မိတ်ဖက်ဆက်ဆံမှုတွေကြောင့် “အားကောင်းမောင်းသန်” ဖြစ်လာနိုင်သလို “အားနည်းချည့်နဲ့” သွားနိုင်တဲ့ “ပဋိပက္ခတွင်း ဝိရောဓိ” (Crisis Paradox) တစ်ရပ် ရှိကြောင်း တွေ့ရပါတယ်။ နိုင်ငံတကာက လက်လှမ်းမမီဖြစ်လာတဲ့ ပဋိပက္ခတွင်း အခြေအနေတွေမှာ ကူညီထောက်ပံ့တဲ့ ရင်းမြစ်တွေ၊ ဆုံးဖြတ်ချက်ချတာတွေနဲ့ ပတ်သက်လို့ ဒေသခံ အဖွဲ့အစည်းတွေမှာ ထိန်းချုပ်နိုင်စွမ်း ပိုရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကူညီပံ့ပိုးရေး အစီအစဉ်တွေကို နိုင်ငံတကာ အေဂျင်စီတွေက လက်ဝါးကြီးဆက်အုပ်ထားပြီး ဒေသခံ အဖွဲ့အစည်းတွေက “တစ်ဆင့်ခံ ကန်ထရိုက်တာ” (subcontractors) တွေအဖြစ် လျောကျသွားစေတဲ့ “အင်အားချည့်နဲ့” သွားစေမယ့် အခြေအနေတွေကိုလည်း ကြုံလာရနိုင်ပါတယ်။


တစ်ဖက်မှာက ကူညီပံ့ပိုးမှုတွေကို သိမ်းပိုက် ပိတ်ဆို့၊ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားပြီး ဝန်ထမ်းတွေနဲ့ ရပ်ရွာပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေကို ဒေသခံ အဖွဲ့အစည်းတွေကိုယ်တိုင်က ကြုံနေကြရတာပါ။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ ‘မိတ်ဖက်’ဆိုတဲ့ နိုင်ငံတကာကူညီပံ့ပိုးရေး အေဂျင်စီတွေရဲ့ ဗျူရိုကရေစီနဲ့ ဘေးအန္တရာယ် လျှော့ချရှောင်ရှားရေး လုပ်ထုံးလုပ်နည်းတွေကြောင့် ဘူးလေးရာ ဖရုံဆင့် အလုပ်မတွင် ဖြစ်နေရတယ်လို့ ပြည်တွင်းက လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ဆိုကြပါတယ်။


တစ်ခါတလေဆိုရင် နိုင်ငံတကာ အေဂျင်စီတွေက - ဝန်ဆောင်မှု (ဝယ်ယူငှားရမ်းဖို့) အတွက် ပေါက်ဈေးသုံးမျိုး ရှာပေးရမယ်၊ အထောက်အပံ့ရရှိသူတွေရဲ့ စာရင်းပြုစုပေးရမယ်စသဖြင့် - ချမှတ်ထားတဲ့ စည်းမျဉ်းတွေဟာ ဒေသခံအဖွဲ့အစည်းတွေနဲ့ ရပ်ရွာနေပြည်သူတွေကို အန္တရာယ်တွင်းထဲ တွန်းပို့နေပါတယ်။ ဥပမာ - ကူညီပံ့ပိုးရေးပရောဂျတ်ကို ဘဏ္ဍာရေး စာရင်းစစ်ဖို့သိမ်းထားတဲ့ ပြေစာ(ဘောက်ချာ)တွေထဲပါတဲ့ ဆိုင်စာရင်းကို အုပ်ချုပ်သူတွေ ရသွားတဲ့နောက်မှာ စစ်တပ်က ဆေးဆိုင်တစ်ခုရဲ့ ရှိသမျှဆေးတွေကို ဖျက်ဆီးပစ်ပြီး အတင်းအကျပ် ဆိုင်ပိတ်ခိုင်းခဲ့ကြောင်း စစ်ကိုင်းတိုင်းအတွင်းက အကူအညီ အထောက်အပံ့တွေ ဖြန့်ဖြူးပေးနေသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။


တချို့နိုင်ငံတကာအေဂျင်စီတွေက ဖြေလျှော့မှုတွေ တိုးလုပ်လာကြပေမယ့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း အများစုက အခြေအနေနဲ့ကိုက်တဲ့ စနစ်မျိုးဖြစ်အောင်ပြောင်းပေးဖို့ သိရှိလက်ခံမှုနဲ့ ဆန္ဒပြင်းပြမှု နည်းနည်းပဲရှိတယ်လို့ ပြည်တွင်းအဖွဲ့အစည်းခေါင်းဆောင်တွေက ပြောပါတယ်။ ခြုံငုံပြီး ပြောရရင်တော့ လူသားချင်းစာနာကူညီမှု စနစ်ယန္တရားကြီးထဲမှာ နိုင်ငံတကာနဲ့ ဒေသခံ အဖွဲ့အစည်းတွေကြား ဆက်ဆံရေးက “အားနည်းချည့်နဲ့” စေတာ ပိုများတယ်လို့ ဒေသခံ ခေါင်းဆောင်တွေက ဆိုကြပါတယ်။ မြန်မာပြည်က (အဖွဲ့အစည်း) ခေါင်းဆောင်တစ်ဦးကတော့ “ [ဒေသခံ အဖွဲ့အစည်းတွေအပေါ်] စစ်လားဆေးလားလုပ်ပြီး ‘နင်တို့မှာ ဒါမရှိဘူးလား၊ ဟိုဟာမရှိဘူးလား’ ထိုင်ပြောနေတဲ့ အလှူရှင်ဘက်က ချဉ်းကပ်ပုံဟာ ထိတွေ့ဆက်ဆံမှု အစကနဦးကတည်းက ဒေသခံအဖွဲ့အစည်းတွေကို ချိုးနှိမ်ရာကျပြီး အားနည်း ချည့်နဲ့စေတယ်” လို့ သုံးသပ်ပါတယ်။


တစ်ဖက်မှာတော့ ဒေသခံ အဖွဲ့အစည်းတွေဟာ မြန်မာပြည်ရဲ့ ပဋိပက္ခထဲမှာ လုပ်ရင်းကိုင်ရင်း (အရည်အသွေးပိုင်း) အားကောင်းမောင်းသန် ဖြစ်လာပါတယ်။ ဖြစ်ပျက်နေတဲ့အခင်းအကျင်းမှာ ကြုံရနိုင်တဲ့ မတည်ငြိမ်မှုတွေ၊ အန္တရာယ်တွေကို တွက်ဆရှောင်ရှားနိုင်စွမ်းရှိလာတာနဲ့အမျှ နိုင်ငံတကာ အေဂျင်စီတွေထက်ပိုပြီး ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်လာကြပါတယ်။ မြန်မာနိုင်ငံက လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းခေါင်းဆောင်တစ်ယောက်က “၂၀၂၀ မှာတုန်းက ကိုဗစ်၊ ပြီးတော့ (စစ်တပ်က) အာဏာသိမ်းတာ ဆက်ဖြစ်လာရော (၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ)။ မြေပြင်မှာ လှုပ်ရှားနေတာဆိုလို့ ပြည်တွင်းစီအက်စ်အိုတွေ (အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ) နဲ့ အေဂျင်စီတွေချည်းပဲ ရှိတယ်ဆိုတာ သိလည်း သိတယ်၊ သက်သေလည်း ပြနိုင်ခဲ့ပြီ” လို့ ဆိုပါတယ်။


ပြည်တွင်းအဖွဲ့အစည်းတွေက လက်တံပိုရှည်လာတာနဲ့အမျှ တခြားဒေသခံ အဖွဲ့အစည်းတွေ၊ ရပ်ရွာတွေနဲ့ ယုံကြည်မှုရှိတဲ့ ဆက်ဆံရေး ခိုင်ခိုင်မာမာ တည်ဆောက်နိုင်လာကြပါတယ်။ မတည်ငြိမ်မှုတွေနဲ့ တော်လှန်ရေးအခင်းအကျင်းမှာ အဲသလို ယုံကြည်မှုမျိုးက မရှိမဖြစ်အရေးကြီးပြီး ကူညီပံ့ပိုးမှု ပရောဂျတ်တွေ လွန်သွားတဲ့ အခြေအနေ အချိန်အခါတစ်ခု ရောက်တဲ့အထိ တာ,သွားတယ်လို့ အများက လက်ခံကြပါတယ်။ “ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ နေ့ချင်းညချင်း ဖြစ်မလာဘူး။ ရပ်ရွာပြည်သူတွေကို အားပေးချင်၊ ကူညီချင်၊ လက်တွဲခေါ်ချင်ရင် ပရောဂျက်ရဲ့ဟိုးဘက်ထိ ဆက်သွားနိုင်ဖို့ လိုတယ်” လို့ အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။


အဲသလို လက်လှမ်းမီမှုနဲ့ ဒေသခံ ရပ်ရွာပြည်သူတွေနဲ့ ယုံကြည်မှုအရင်းခံ ဆက်ဆံရေးတွေ ရှိနေလို့ လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကိုင်တွယ်မှုတွေထဲမှာ နိုင်ငံတကာအဖွဲ့တွေထက် ပြည်တွင်း လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ အခရာကျတဲ့အနေအထားကို ရောက်နေတာပါ။ ဒါပေမဲ့ အုပ်ချုပ်သူတွေနဲ့ အလှူရှင်အဖွဲ့အစည်းတွေရဲ့ အကန့်အသတ်တွေကြောင့် သူတို့ရဲ့တုံ့ပြန်ကိုင်တွယ်မှုတွေဟာ ထင်တိုင်းမပေါက် ဖြစ်နေပါတယ်။


မြန်မာပြည်က လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ “အားကောင်းမောင်းသန်”လည်း ဖြစ်လာနိုင်၊ “အားနည်းချည့်နဲ့” လည်း ဖြစ်သွားနိုင်တဲ့ အဲသလို “ပဋိပက္ခတွင်း ဝိရောဓိ” ကြောင့် ကူညီပံ့ပိုးရေးစနစ် ယန္တရားကြီးထဲမှာ ပြည်တွင်း အဖွဲ့အစည်းတွေကို ပြန်အထိုင်ချနိုင်ဖို့ ဒေသခံခေါင်းဆောင်တွေက ကြိုးစားလာကြပါတယ်။ ရန်ပုံငွေတွေဟာ အလှူရှင်(နိုင်ငံတကာအစိုးရ)ဆီကနေ ကုလသမဂ္ဂအေဂျင်စီတွေ၊ ဒါမှမဟုတ် နိုင်ငံတကာ အင်န်ဂျီအိုတွေတွေအတွက် စုပေါင်းထည့်ဝင်ထားတဲ့ ရန်ပုံငွေထောက်ပံ့မှု၊ ပြီးတော့မှ ဒေသခံ အင်န်ဂျီအိုတွေဆီ အဆင့်ဆင့်စီးဆင်းနေတဲ့ ရန်ပုံငွေစီးကြောင်းထဲမှာ တစ်ဆင့်ခံ ကန်ထရိုက် ချထားခံနေရတာထက် မြန်မာနိုင်ငံက အရွယ်အစားကြီးမားတဲ့ အဖွဲ့အစည်းတွေဟာ အလှူရှင်တွေဆီက တိုက်ရိုက်ရန်ပုံငွေရရှိနိုင်မယ့် ဆက်ဆံရေးတွေထူထောင်နိုင်ဖို့ ကြိုးစားလာကြပါတယ်။ ဒီလိုရည်ရွယ်ကြိုးစားတာကလည်း ၂၀၁၆ ခုနှစ်တုန်းက Grand Bargain သဘောတူညီချက် မှာ အကြီးဆုံး ကူညီထောက်ပံ့ရေးအလှူရှင်တွေ ကတိကဝတ်ပြုခဲ့တာတွေနဲ့အညီပါပဲ။


ပြည်တွင်းအဖွဲ့အစည်းခေါင်းဆောင်တွေဟာ ကူညီပံ့ပိုးရေးကိစ္စတွေမှာ ကြားခံအခန်းကဏ္ဍကနေ သူတို့ဆောင်ရွက်ရင် နိုင်ငံတကာအေဂျင်စီတွေထက် ပိုထိ‌ရောက်နိုင်တယ်လို့ ချေပပြောဆိုလာကြပါတယ်။ လက်လှမ်းမီမှု၊ ပြည်တွင်းအခြေအနေကို ထဲထဲဝင်ဝင် သိရှိနားလည်မှုနဲ့ ယုံကြည်မှုတွေကြောင့် ပြည်တွင်း အဖွဲ့အစည်းတွေဟာ ဒေသခံအဖွဲ့အစည်းတွေနဲ့ ရပ်ရွာ အသိုင်းအဝိုင်းတွေကို အခြေအနေတွေပေါ်မူတည်ပြီး ထိထိရောက်ရောက် ပိုကူညီပံ့ပိုးနိုင်ပါတယ်။


ဒါပေမဲ့ ပြည်တွင်းအဖွဲ့အစည်းတွေ တွန်းတွန်းတိုက်တိုက်လုပ်နေတာဟာ ပိုထိရောက်ရေးသက်သက်အတွက် အပြင် ကူညီပံ့ပိုးရေး စနစ်ယန္တရားကြီးထဲမှာ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်ကို နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လေးစားအသိအမှတ်ပြုမှုတွေအတွက်လည်း ဖြစ်ပါတယ်။ လူသားချင်း စာနာမှုလုပ်ငန်းတွေနဲ့ပတ်သက်ရင် တကယ်ထိခိုက်နစ်နာနေတဲ့ ဒေသခံတွေက ဆုံးဖြတ်သင့်တယ်လို့ ပြည်တွင်းအဖွဲ့အစည်းတွေက စည်းရုံးနေကြတာပါ။


တော်လှန်ရေးကာလဟာ အုပ်ချုပ်သူအစိုးရတွေပြောင်းသွားအောင် တွန်းလှန်ကြိုးစားချိန်သာမက တခြား တန်းတူညီမျှမရှိမှုအဟောင်းအနွမ်းတွေကို ရှင်းရှင်းလင်းလင်းမြင်သာလာချိန်၊ စိန်ခေါ်ချိန်လည်းဖြစ်ပါတယ်။ အဲဒီထဲမှာ ကူညီထောက်ပံ့ရေးနယ်ပယ်မှာ ရှိနေခဲ့တဲ့ ဟောင်းနွမ်းနေတဲ့ ထက်-အောက်စီးဆင်းမှုတွေလည်း ပါပါတယ်။ သြစတေးလျ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန (DFAT) အပါအဝင် နိုင်ငံတကာ ကူညီထောက်ပံ့ရေး အေဂျင်စီတွေဟာ ကူညီထောက်ပံ့ရေး စနစ်ယန္တရားထဲက တန်းတူညီမျှမဖြစ်မှုတွေကို မြန်မြန်ဆန်ဆန် ပြောင်းလဲ၊ အဓိပ္ပါယ်ရှိရှိ ဖြေရှင်းပြီး ပြည်တွင်းက လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို တိုက်ရိုက်ပံ့ပိုးအားပေးနိုင် လိုအပ်နေပြီ ဖြစ်ပါတယ်။


 

အန်းဒဲကိုဘတ်စ်ဟာ ဩစတေးလျနိုင်ငံ မဲလ်ဘုန်းတက္ကသိုလ်က ဖွံ့ဖြိုးရေးဘာသာရပ် ကထိကတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံရဲ့ ကူညီပံ့ပိုးရေးအစီအစဉ်တွေမှာ သုတေသီအဖြစ်နဲ့ရော ကျွမ်းကျင်သူအနေနဲ့ပါ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။


တာမာ့စ်ဝဲလ်ကတော့ ၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ သုတေသီ၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးနဲ့ အခြားရေးရာကိစ္စတွေမှာ ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး မဲလ်ဘုန်းတက္ကသိုလ်ရဲ့ မြန်မာသုတေသနကွန်ရက် ပူးပေါင်းဆောင်ရွက်ရေးမှူး ဖြစ်ပါတယ်။

1,085 views2 comments
bottom of page