top of page

ကိုလိုနီအစွဲနဲ့ နိုင်ငံတကာအကူအညီ

ကမ္ဘာလုံးဆိုင်ရာ ကူညီပံ့ပိုးရေးအဖွဲ့တွေ ဘာကြောင့် လမ်းပေါက်ပိတ် ရပ်မနေသင့်တာလဲ


a hungry men and a cat eating noddle at the street corner

နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိတိုင်အောင် ထုတ်ဝေနေဆဲဖြစ်တဲ့ ဂါးဒီးယန်းသတင်းစာကြီးမှာ ကမ္ဘာ့ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကိုလည်း ဖော်ပြလေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ၊ ၇ ရက်နေ့က ဂါးဒီးယန်းသတင်းစာဝက်ဘ်ဆိုက်မှာ “ကိုလိုနီအစွဲ - ကမ္ဘာလုံးဆိုင်ရာ ကူညီပံ့ပိုးရေးအဖွဲ့များ လမ်းပိတ်ရပ်မနေဖို့လို” (‘A colonial mindset’: why global aid agencies need to get out of the way) ဆိုတဲ့ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ အာဖရိကတိုက်က ပဋိပက္ခဖြစ်ပွားရာနိုင်ငံတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးရေးအတွက် ပြည်တွင်းအဖွဲ့အစည်းတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေထက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ပုံကို ဖော်ပြထားပါတယ်။ CENCS ပရိသတ်တွေ ဖတ်ရှုနိုင်ဖို့ ဆီလျော်အောင် ဘာသာပြန်ဆိုမိတ်ဆက်ပေးပါရစေ။


 

ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ ကမ္ဘာ့လူသားချင်းစာနာမှုစနစ်ထဲမှာ ပြည်တွင်းကုသိုလ်ဖြစ်အဖွဲ့တွေက စရိတ်နည်နည်းနဲ့ ပိုအကျိုးဆောင်နိုင်တာကို NGO တွေ လက်ခံလာကြပါပြီ။

၂၀၂၀ ပြည့်နှစ်မှာ အီသီယိုးပီးယားနိုင်ငံ၊ တီဂရေဒေသမှာ ပြည်တွင်းစစ်မီး ကူးစက်မလာခင်တုန်းက ဆီဂါဂီမာဟာ စာရေးကိရိယာနဲ့ တခြားကုန်မျိုးစုံရောင်းပြီး ကြွယ်ပိုးကြွယ်ဝရှိတဲ့ ကုန်သည်တစ်ယောက်ပါ။ ပဋိပက္ခကြောင့် စစ်ဘေးရှောင်လာကြတဲ့ ငတ်ပြတ်နေတဲ့ ကလေးပေါင်းများစွာကို လမ်းပေါ်မှာ အတွေ့ရများလာချိန်မှာတော့ သူပိုင်သမျှ အကုန်ရောင်းချပြီး ငွေပေါ်သမျှနဲ့ စားစရာတွေ ဝယ်ကျွေးပါတော့တယ်။


ငွေတွေ ကုန်သွားတဲ့အခါ ဆီဂါဟာ တီဂရေကနေ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့သွားသူတွေဆီက အလှူခံပါတယ်။ စစ်ပွဲက အရှိန်ကောင်းကောင်းနဲ့ ဆက်ဖြစ်ပွားနေချိန်မှာ သူထူထောင်ထားတဲ့ အီမာဟွေ ဆီဂါဂီမာ ကုသိုလ်ဖြစ် ဖောင်ဒေးရှင်းက တစ်နေ့ကို ကလေးငယ် ၂၄,၀၀၀ လောက် ထမင်းကျွေးထားနိုင်ခဲ့ပါတယ်။ ပဋိပက္ခလွန်မြောက်လို့ တစ်နှစ်ကျော်လာတဲ့ ဒီနေ့မှာတောင် လုံခြုံမှု အခြေအနေတွေ မရေရာသေးလို့ အိမ်မပြန်နိုင်ရှာသေးတဲ့ ကလေးငယ် ၅,၀၀၀ ကျော်ကို ထမင်းကျွေးနေတုန်းပါပဲ။


ချက်စရာပြုတ်စရာတွေကို ဒေသတွင်းမှာပဲ ဝယ်ပြီး စာကြည့်တိုက်ဟောင်းတစ်ခုထဲမှာ စေတနာ့ဝန်ထမ်းတွေက ချက်ပြုတ်ပြင်ဆင်ပေးကြပါတယ်။ “အရေးပေါ် အခြေအနေဆိုတော့ သူတို့ကို အသက်နဲ့ကိုယ်အိုးစားမကွဲအောင် လုပ်နိုင်သလောက် လုပ်ရတာပဲ” လို့ ဆီဂါက ပြောပါတယ်။


ရပ်ရွာအသိုင်းအဝိုင်းကို ကူညီနိုင်ဖို့အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ ဆီဂါတို့လို ကုသိုလ်ဖြစ်အဖွဲ့တွေဟာ လူသားချင်းစာနာမှုရဲ့ ရှေးအကျဆုံးပုံစံပါပဲ။ ဘယ်လောက်ပဲ ရှေးကျပါစေ၊ သူတို့လို ပြည်တွင်းအဖွဲ့တွေဟာ ရန်ပုံငွေမလောက်မငနဲ့ ဆန်မရှိအစားကြီး ကူညီပံ့ပိုးရေးစနစ်ကြီးနေရာမှာ အစားဝင်ရမယ့် အနာဂတ်ပုံစံတစ်ခုအဖြစ် ရှုမြင်တာတွေ ရှိနေကြပါပြီ။ (လက်ရှိ) ကူညီပံ့ပိုးရေးစနစ်ကြီးက လုပ်ငန်းစဉ်ကြီးတွေကို ရေးဆွဲအကောင်အထည်ဖော်ဖို့ နိုင်ငံတကာအဖွဲ့တွေ၊ ကုလသမဂ္ဂအဖွဲ့တွေ အားကိုးနေလွန်းတယ် မဟုတ်လား။


မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အထင်ကရ ဖွံ့ဖြိုးရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာ ယူကေရဲ့ နိုင်ငံခြားရေးဌာန (FCDO) က ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေဆီ ကူညီပံ့ပိုးမှုတွေ ဖြန့်ဝေရာမှာ “တတ်နိုင်သမျှ ပြည်တွင်းယန္တရားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လမ်းကြောင်းကိုသုံးဖို့” ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (USAID) ကလည်း ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး သူတို့ရဲ့ ရန်ပုံငွေ ၂၅ ရာခိုင်နှုန်းကို “ပြည်တွင်း မိတ်ဖက်အဖွဲ့” တွေဆီက ဖြတ်သန်းစီးဆင်းစေဖို့ စီစဉ်နေပါတယ်။ ဒီဆယ်စုနှစ် ကုန်ဆုံးချိန်မှာ USAID ဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေထဲက အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်ကို ပြည်တွင်းအဖွဲ့အစည်းတွေက ဦးဆောင်မောင်းနှင်စေချင်တာပါ။


ဒါပေမဲ့ ဒီနေ့အထိ အလှူရှင်တွေရဲ့ ငွေကြေး ၂ ဒသမ ၁ ရာခိုင်နှုန်းပဲ  ပြည်တွင်းအဖွဲ့တွေဆီ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံအားဖြင့် ရောက်သေးတယ်လို့ Development Initiatives သုတေသနအဖွဲ့က ဆိုပါတယ်။

ဒီလို ကူညီပံ့ပိုးမှုတွေကို “ပြည်တွင်း(အလိုကျ)ဦးစီးဦးဆောင်ပြုဖို့” ဆိုတာဟာ လုံးဝ အသစ်စက်စက်ကြီးတော့ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်တုန်းက အစ္စတန်ဘူလ်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံမှာ လူသားချင်းစာနာမှု အကူအညီတွေ ရေရှည်တည်တံ့ဖို့နဲ့ ထိရောက်ဖို့ ကိုယ်စားလှယ်တော် ၉,၀၀၀ လောက် စုဝေးခဲ့ပါတယ်။ အဲဒီညီလာခံမှာ အဓိကပေါ်ထွက်ခဲ့တဲ့ သဘောတူညီချက်ကတော့ ၂၀၂၀ ပြည့်နှစ်မှာ ရန်ပုံငွေတွေရဲ့ ၂၅ ရာခိုင်နှုန်းကို “ပြည်တွင်းနဲ့ နိုင်ငံအလိုက် လုပ်ကိုင်ဆောင်ရွက်လိုသူတွေ” ဆီ ခွဲဝေပေးဖို့ပါပဲ။

 

ကူညီပံ့ပိုးမှုတွေကို ပြည်တွင်းအလိုကျ ဦးစီးဦးဆောင်မှုပြုဖို့ စိတ်ကူးဟာ ခရီးသွားလာမှု အကန့်အသတ်တွေကြောင့် ကူညီပံ့ပိုးရေးအေဂျင်စီတွေက  ပြည်တွင်းမိတ်ဖက်တွေကို ကြီးကြီးမားမား အားကိုးလာရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ပိုဆွဲငင်အားကောင်းလာခဲ့ပါတယ်။ အောက်စ်ဖမ်း (Oxfam) အဖွဲ့ရဲ့ ပြည်တွင်းအလိုကျ ဦးစီးဦးဆောင်ရေးကျွမ်းကျင်သူ မူဝါဒရေးရာအကြံပေး အေမီခရူးမ်က “အရင်နှစ်တွေတုန်းက ပြည်တွင်းအလိုကျ ဦးစီးဦးဆောင်ဖို့ဆိုတာ အတော်ရူးမိုက်တာပဲလို့ မြင်ခဲ့ကြတာ။ ခုတော့လည်း လုံးဝ ပင်မရေစီးကြောင်းကြီး ဖြစ်သွားပြီ” လို့ ဆိုပါတယ်။


ဒါပေမဲ့ ဒီနေ့အထိ အလှူရှင်တွေရဲ့ ငွေကြေး ၂ ဒသမ ၁ ရာခိုင်နှုန်းပဲ  ပြည်တွင်းအဖွဲ့တွေဆီ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံအားဖြင့် ရောက်သေးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဖွံ့ဖြိုးရေးရှေ့ဆောင် Development Initiatives က ဆိုပါတယ်။


ကင်ညာက ကျူးကျော်ရပ်ကွက်မှာ အောက်ခြေအဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ကိုင်နေတဲ့ ရပ်ရွာလင်းလက် မျှော်လင့်ချက်အဖွဲ့ခေါင်းဆောင် ကနေဒီအိုဒီဒီးက လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ယန္တရားကြီးဟာ သူတို့လို ဒေသယဉ်ကျေးမှုကို နားလည်တဲ့အဖွဲ့အစည်းတွေကို လုံးဝနီးပါး မျက်ကွယ်ပြုထားဆဲဖြစ်ပြီး  “ကိုလိုနီအစွဲမကျွတ်သေးဘူး” လို့ ဆိုပါတယ်။


“ပိုက်ဆံသာ လောက်လောက်ငငရှိရင် ရပ်ရွာထဲ ချက်ချင်းဆင်းပြီး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူတို့ ထင်နေကြတာ။ ဒါပေမဲ့ ဒီလိုလုပ်ရုံနဲ့ ပြောင်းလဲသွားမှာမှ မဟုတ်တာ” လို့ အာဖရိကတိုက်ထဲက အကြီးဆုံး မြို့ပြကျူးကျော်ရပ်ကွက် ကီဘေရာမှာ ကြီးပြင်းခဲ့ပြီး အဲဒီမှာ သူ့ရဲ့ NGO လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အိုဒီဒီးက ပြောပါတယ်။


ပြည်တွင်းကူညီထောက်ပံ့ရေးအဖွဲ့တွေအတွက် ပိုက်ဆံမရှိဖြစ်နေတာဟာ လူသားချင်းစာနာမှု ယန္တရားကြီး ကြုံတွေ့နေရတဲ့ ရန်ပုံငွေအကျပ်အတည်းရဲ့ အကျိုးဆက်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂဟာ လိုအပ်ချက်တွေရှိနေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် တောင်းခံထားတဲ့ငွေရဲ့ ၄၃ ရာခိုင်နှုန်းကိုပဲ ရခဲ့ပါတယ်။ ဒါဟာ ဧရာမငွေလိုမှုကြီးပါပဲ။ ပဋိပက္ခတွေ၊ ရာသီဥတု ပြောင်းလဲလာမှုတွေကြောင့် လိုအပ်ချက်တွေ ကြီးမားလာချိန်မှာ ရန်ပုံငွေတွေကတော့ ခန်းခြောက်နေဆဲပါ။


“နိုင်ငံတကာ ကူညီပံ့ပိုးရေးအဖွဲ့တွေက သူတို့ဘိုင်ကျလို့ဆိုပြီး ပြည်တွင်း NGO တွေနဲ့ လိုက်ပြိုင်နေတယ်။ လူတွေကို ကူညီပံ့ပိုးနိုင်ဖို့က ဝေးပါသေးတယ်။ သူတို့ရနေတဲ့ ရန်ပုံငွေတွေကျတော့ လက်လွှတ်ချင်တာ မဟုတ်ဘူး” လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြီးတန်း အရာရှိတစ်ယောက်က ပြောပါတယ်။


အဖွဲ့အစည်းပိစိပေါက်စတွေမှာကလည်း စာရင်းစစ်မဝင်နိုင်လို့၊ စိစိစစ်စစ် မကြီးကြပ်နိုင်လို့ အကျင့်ပျက်ခြစားမှုတွေ ကြုံရနိုင်မယ့် စိုးရိမ်သောကတွေ ရှိပါတယ်။ FCDO ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြံပေးတစ်ယောက်ကလည်း ပြည်တွင်း NGO တွေကို ရန်ပုံငွေတိုက်ရိုက်ထောက်ပံ့ဖို့ဆိုရင် အခွန်ထမ်း ပြည်သူတွေရဲ့ငွေတွေကို ထိုက်သင့်မှန်ကန်အောင်သုံးရဲ့လားဆိုတာ စေ့စေ့စပ်စပ်လိုက်ကြည့်ဖို့ ဝန်ထမ်းလောက်ငအောင် မခန့်နိုင်သေးဘူးလို့ ဆိုပါတယ်။ “ပြည်တွင်း NGO ပေါင်းသောင်းခြောက်ထောင်နဲ့ ရန်ပုံငွေကိုင်တွယ်စီမံမှု လုပ်ဖို့ထက်စာရင် နိုင်ငံတကာ NGO ကို ရန်ပုံငွေလွှဲလိုက်ပြီး သူတို့ကိုပဲ တာဝန်ယူမှုလွှဲအပ်လိုက်တာက အများကြီး ပိုအဆင်ချောပါတယ်” လို့ အဲဒီ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။


တစ်ချိန်တည်းမှာ ဥရောပသမဂ္ဂကတော့ သမဂ္ဂပြင်ပနိုင်ငံ အခြေစိုက်အဖွဲ့တွေဆီ လူသားချင်းစာနာမှု ရန်ပုံငွေပေးတဲ့အပေါ် တားဆီးတဲ့စည်းမျဉ်းတွေ ရှိနေတုန်းပါပဲ။

 

“ဘယ်လိုပဲဖြစ်ဖြစ် လစာကောင်းတဲ့ နိုင်ငံခြားဝန်ထမ်းတွေပေါ် အားကိုးနေရတဲ့ နိုင်ငံတကာအဖွဲ့တွေလောက် အထွေထွေ အသုံးစရိတ် (overheads) မများတဲ့ ပြည်တွင်း NGO တွေကတော့ ကုန်ကျစရိတ်အရ ထိရောက်အကျိုးရှိနေတုန်းပဲ” လို့ ယူဂန္ဓာနိုင်ငံအခြေစိုက် ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်းစာနာမှု အစီအစဉ်တွေကို အကောင်အထည်ဖော်နေတဲ့ ကျေးလက်တိုးတက်ရေး ရပ်ရွာစွမ်းရည်မြှင့် (Community Empowerment for Rural Development) အဖွဲ့က ဂျူးလိယက် ဒွန်နာ အေယိုကီယာက ပြောပါတယ်။


ထိခိုက်နစ်နာတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေနဲ့ ထိတွေ့မှုရှိဖို့က နိုင်ငံတကာ NGO တွေအတွက် ခက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့က ရပ်ရွာအသိုင်းအဝိုင်းထဲ ရှိနေနှင့်ပြီးသားလေ။ အရင်ကတည်းက ရှိနေခဲ့တယ်။ ဘေးအန္တရာယ်တွေ ကျော်လွန်ပြီးမြောက်သွားလည်း ဆက်ရှိနေရမှာပဲ

အီသီယိုးပီးယားနိုင်ငံရဲ့မြို့တော် အဒိစ်အဘာဘာမြို့က နိုင်ငံတကာ ကူညီထောက်ပံ့မှုဝန်ထမ်း အနောက်တိုင်းသားတစ်ဦးဟာ တစ်လကို ပုံမှန်လစာအပြင် ဒေါ်လာ ၂,၀၀၀ (ပေါင်စတာလင် ၁,၆၀၀) နဲ့ညီမျှတဲ့ ငွေတွေကို နေထိုင်စရိတ်သုံးခွင့်ရနေတယ်။ အဲဒီငွေပမာဏနဲ့ဆို ပြည်တွင်း NGO ဝန်ထမ်း “လေးငါးယောက်” လစာပေးထားလို့ ရကြောင်း အေယိုကီယာက ပြောတယ်။

 

“နိုင်ငံတကာက လုပ်ကိုင်နေတဲ့သူတွေနဲ့ယှဉ်ရင် ပြည်တွင်းကလူတွေကမှ ရှိစုမဲ့စုနဲ့ ပိုပြီး ပံ့ပိုးဖြန့်ဝေပေးနိုင်သေးတယ်။ လူသားချင်းစာနာမှု အကျပ်အတည်းတွေဟာ အာဖရိကမှာတင်မက တစ်ကမ္ဘာလုံးမှာပါ ဖြစ်နေချိန်မျိုးမှာ နိုင်ငံတကာ တုံ့ပြန်မှုကို အားကိုးမနေတာကမှ ပိုခရီးတွင်လိမ့်ဦးမယ်” လို့ သူက ဆိုပါတယ်။

 

ကျန်းမာရေးနဲ့ ပညာရေးတို့လို အစိုးရပေးရမယ့် ဝန်ဆောင်မှုတွေကို ကူညီထောက်ပံ့ရေးအဖွဲ့တွေက နှစ်အနည်းအကျဉ်းကနေ ဆယ်စုနှစ်တွေချီပြီး ရေတိုအကျပ်အတည်းဖြေရှင်းမှုနည်းတွေနဲ့ ဒီဇိုင်းချမှတ် ဖြေရှင်းနေတဲ့ ချတ်၊ အာဖဂန်နစ္စတန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံလို နိုင်ငံမျိုးတွေဟာလည်း ဒီထောက်ပြချက်နဲ့ အံကိုက်ပါပဲ။

 

“စနစ်ကြီးက အရှည်ကိုမကြည့် ဖြစ်နေတာ” လို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ပေါလ် စပိုက်ဂျယ်က ပြောပါတယ်။ “ကုလသမဂ္ဂအဖွဲ့တွေ၊ ဧရာမ NGO ကြီးတွေကို နောက်ခန်းပြန်ပို့ပြီး ပြည်တွင်း NGO တွေမှာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိလာအောင်ပဲ လုပ်ပေးရတော့မှာ” တဲ့။

 

အကျိုးကျေးဇူးခံစားရမယ့်သူတွေအပေါ် ပိုတာဝန်ခံမှုရှိတာက ပြည်တွင်း NGO တွေပါလို့ အေယိုကီယာက ထောက်ပြပါတယ်။ သူတို့ရဲ့ သက်ဆိုင်ရာ ရပ်ရွာအသိုင်းအဝိုင်းကို ကူညီဖို့အတွက် သူတို့ကမှ ပိုပြီး နေရာမှန်မှာ ရှိနေကြတာပါတဲ့။ “ထိခိုက်နစ်နာတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေနဲ့ ထိတွေ့မှုရှိဖို့က နိုင်ငံတကာ NGO တွေအတွက် ခက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့က ရပ်ရွာအသိုင်းအဝိုင်းထဲ ရှိနေနှင့်ပြီးသားလေ။ အရင်ကတည်းက ရှိနေခဲ့တယ်။ ဘေးအန္တရာယ်တွေ ကျော်လွန်ပြီးမြောက်သွားလည်း ဆက်ရှိနေရမှာပဲ” လို့ သူက ဆိုပါတယ်။

 

အဲဒါကို တီဂရေက ဆီဂါရဲ့ ထမင်းကျွေးတဲ့အစီအစဉ်က ကွက်ကွက်ကွင်းကွင်း ပြသနေပါတယ်။ အီသီယိုးပီးယား မြောက်ပိုင်းမှာ ၂၀၂၀-၂၂ စစ်ပွဲကာလတစ်လျှောက် ရပ်မသွားခဲ့ပါဘူး။ သူနဲ့ယှဉ်ရင် ကုလသမဂ္ဂအဖွဲ့အစည်းတွေကမှ အီသီယိုးပီးယား အစိုးရရဲ့ ခရီးသွားလာမှု ကန့်သတ်ချက်ချထားတဲ့ လတွေထဲမှာ ကူညီပံ့ပိုးမှုတွေ ဖြန့်ဝေမပေးနိုင်တာ ရှိပါသေးတယ်။ စေတနာ့ဝန်ထမ်းကွန်ရက်တွေက ဆူဒန်စစ်ပွဲအတွင်းမှာ ပစ်ဟယ်ခတ်ဟယ် ဖြစ်နေတဲ့နေရာက လူတွေအတွက် စားစရာနဲ့ ဆေးဝါးပေးပို့တဲ့  အရေးပေါ်‌ ကိုင်တွယ်ဖြေရှင်းရေးလိုအပ်ချက်ဟာလည်း အဲဒီအတိုင်းပဲလို့ ဆိုပါတယ်။

 

တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေးအဖွဲ့ (HelpAge International) ရဲ့ ပြည်တွင်းဦးစီးဦးဆောင်ရေး အကြီးအကဲ ဆမီနာဂူးလ်က လူသားချင်းစာနာမှု စနစ်ယန္တရားကြီးက ကြီးထွားလွန်းပြီး “စီးပွားရေးလုပ်ငန်းသဘော ဆန်နေပြီ” လို့ ပြောပါတယ်။

 

ဒါပေမဲ့ လိုအပ်ချက်တွေကလည်း ဘယ်တုန်းကမှနဲ့မတူအောင် မြင့်မားနေတာပါ။ “နိုင်ငံတကာ NGO တွေ ထောင်ချီပြီး လုပ်ငန်းစဉ်တွေ ဖော်နေကြတာပဲ။ ဘာတွေများ ပြောင်းလဲသွားတာ ရှိလို့လဲ” လို့ သူက မေးပါတယ်။ “အဲဒီလုပ်ငန်းတွေကို ပြည်တွင်း NGO တွေလုပ်လိုက်ရင် ပိုကောင်းသွားမှာပါ” တဲ့။

 

HelpAge International ကလည်း သူတို့ရဲ့ ဒေသရုံးခွဲတွေကို သီးသန့်ရပ်တည်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်တွင်းအဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲနိုင်ဖို့ လုပ်ကိုင်နေတာပါ။ ဒီလုပ်ရပ်သာ အောင်မြင်ပြီးမြောက်ရင် နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ အားဖြည့်ပေးတဲ့ အပိုင်းကပဲ ပါရတော့မှာပါ။ “ပြည်တွင်းအဖွဲ့တွေမှာက နိုင်ငံတကာ NGO တွေမှာမရှိတဲ့ တရားဝင် အသိအမှတ်ပြုခံရမှုတွေ၊ ကာလံဒေသံ သိမြင်နားလည်မှုတွေ ရှိကြပါတယ်။ ပြဿနာတွေကို ခြေခြေမြစ်မြစ် နားလည်ပြီး သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းနည်းတွေကိုလည်း သိကြတယ်” လို့ သူက ပြောပါတယ်။

 

အဖွဲ့လုပ်ငန်းဆောင်တာတွေကို ပြည်တွင်းဦးစီးဦးဆောင်မှုရှိဖို့ လုပ်နေတဲ့ နောက်ထပ်အဖွဲ့အစည်းကြီး တစ်ခုကတော့ အောက်စ်ဖမ်း (Oxfam) ပါ။ ကင်ညာနိုင်ငံအခြေစိုက် သူတို့ရုံးခွဲက ဝန်ထမ်း ၈၅ ဦးရှိခဲ့ရာက ၁၀ ဦးလောက်ထိ လျှော့ချခဲ့ပြီး တာဝန်တွေကို ပြည်တွင်းမိတ်ဖက်အဖွဲ့တွေဆီ လက်လွှဲပေးခဲ့ပါတယ်။ ပြီးတော့ ပြည်တွင်း NGO ကွန်ရက်တွေ ချိတ်ဖွဲ့ပြီး ပိုထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့ ကူညီပေးပါတယ်။ ပြည်တွင်းဦးစီးဦးဆောင်ရေးကို သန္နိဋ္ဌာန်ချပြီး ပြောင်းလဲရေးပဋိညာဉ် (Charter for Change)ကို လက်မှတ်ရေးထိုးကြတဲ့ နိုင်ငံတကာ NGO လေးဆယ်နီးပါးမှာ Oxfam ရော HelpAge ရော ပါကြပါတယ်။

 

ခရူးမ်က အစားအစာ ဖြန့်ဝေရေးလို ကိစ္စမျိုးတွေအတွက် ပြည်တွင်း NGO တွေကို “လက်ဝေခံ ကန်ထရိုက်ပေး” တာဝန်ယူမှုတွေ လွှဲချလိုက်ပြီး ပြည်တွင်းဦးစီးဦးဆောင်မှုလို့ နာမည်ခံချင်တဲ့ ကူညီပံ့ပိုးရေးအဖွဲ့တွေကို ဝေဖန်ထောက်ပြပါတယ်။ “အဲသလိုလုပ်လို့ အခြေခံ ပါဝါဟန်ချက်မညီတာက ဘာမှ ပြောင်းလဲမသွားဘူး။ ကျွန်မတို့ ဖြစ်စေချင်တာက ပြည်တွင်းက ဆောင်ရွက်သူတွေဟာ လူသားချင်းစာနာရေး ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ပတ်သက်လို့ ကိုယ်ပိုင်အစီအစဉ်တွေ ချမှတ်စေချင်တာပါ။ ဒီတော့မှာ ဒီစနစ်ယန္တရားကြီး တစ်ခုလုံးမှာ နိုင်ငံတကာ ဩဇာလွှမ်းမိုးမှုနည်းသွားပြီး ပြည်တွင်းက တကယ် ဦးဆောင်နိုင်မှာပါ” လို့ ဆိုပါတယ်။

 

အဲသလို ပြည်တွင်းဦးစီးဦးဆောင်လာတဲ့ ကူညီပံ့ပိုးရေးစနစ်ယန္တရားကြီးမှာ Oxfam လို နိုင်ငံတကာအဖွဲ့တွေ အနေနဲ့ ပါဝင်ရမယ့်အခန်းကဏ္ဍက ဆက်ရှိနေဦးမှာပဲလို့ ခရူးမ်က မြင်ပါတယ်။ ရန်ပုံငွေ ရှာဖွေမြှင့်တင်ရာမှာ၊ ပြည်တွင်းကူညီပံ့ပိုးမှုအဖွဲ့တွေအတွက် နည်းပညာ တတ်ကျွမ်းမှု ထူထောင်ရာမှာ၊ နိုင်ငံတကာ အစိုးရတွေကို မူဝါဒအပြောင်းအလဲတွေ ဖြစ်လာအောင် တိုက်တွန်းလှုံ့ဆော်တဲ့ နေရာတွေမှာ ပါရဦးမှာပါပဲ။

 

“လူသားချင်းစာနာရေး ကိုင်တွယ်ဖြေရှင်းမှုတွေကို နိုင်ငံတကာအဖွဲ့တွေက ဒီဇိုင်းလုပ်ဖို့မလိုတော့ဘူး။ ပြည်တွင်းမှာ လုပ်ဆောင်နေသူတွေကို ကူညီပံ့ပိုးတဲ့ မိတ်ဖက်တွေအနေနဲ့ပဲ ပါရတော့မှာ” လို့ သူက ဆိုလေရဲ့။



 

စာရေးသူ ဖရက်ဒ်ဟာတာဟာ အရှေ့အာဖရိကဒေသမှာ အခြေစိုက်တဲ့ အလွတ်တန်း စာနယ်ဇင်းသမားတစ်ဦး ဖြစ်ပါတယ်။

209 views1 comment
bottom of page